(Zawgyi / Unicode)
တရုတ်ဝန်ကြီးချုပ် Li Keqiang က တနှစ်အတွင်း သူ ရာထူးက နုတ်ထွက်တော့မယ်လို့ သောကြာနေ့က ကြေညာပါတယ်။
သတင်းစာရှင်းလင်းပွဲတခုအတွင်း အဲဒီလို ကြေညာသွားတာဖြစ်ပြီး နိုင်ငံစီးပွားရေးကို စီမံခန့်ခွဲရတာဟာ မြင့်မားတဲ့ တောင်တလုံးကို အောက်ဆီဂျင် သိပ်မပါဘဲ တက်ရတာနဲ့ တူတယ်လို့ နှိုင်းယှဉ် ပြောဆိုခဲ့ပါတယ်။
"ဒီနှစ်ဟာ ကျနော် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့ နောက်ဆုံးနှစ်ပါပဲ" လို့ အသက် ၆၆ နှစ်အရွယ် Li Keqiang က ပြောပါတယ်။
တရုတ်နိုင်ငံမှာ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ သက်တမ်းနှစ်ကြိမ်ထက် ပိုပြီး တာဝန်ထမ်းဆောင်ခွင့် မရှိတဲ့အတွက် ဝန်ကြီးချုပ် ဒုတိယသက်တမ်း နောက်နှစ်မှာကုန်မယ့် Li Keqiang က အခုလို ကြေညာတဲ့အပေါ် အံ့သြတကြီး မဖြစ်ကြပါဘူး။
ဒါပေမယ့်လည်း တရုတ်အစိုးရရဲ့ အနာဂတ်လမ်းကြောင်းကို သဲလွန်စရှာ စနည်းနာဖို့ ခေါင်းဆောင်ပိုင်းနဲ့ နိုင်ငံရေးအပြောင်းအလဲကို အနီးကပ် စောင့်ကြည့်လေ့လာနေကြတဲ့ ပြည်ပအစိုးရတွေနဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတွေ အတွက်တော့ စိတ်ဝင်စားဖွယ် ကိစ္စတခု ဖြစ်နိုင်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေ၊ စစ်ဘက်အကြီးအကဲတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တဲ့ ထိပ်တန်းအသိုင်းအဝိုင်းမှာ မကြာသေးခင် နှစ်တွေအတွင်း အပြောင်းအလဲတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ တစိတ်တပိုင်းအားဖြင့် သမ္မတ Xi Jinping အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စီမံကိန်းကြောင့်ပါ။
၂၀၁၂ ခုနှစ်မှာ သမ္မတဖြစ်လာပြီးကတည်းက သမ္မတ Xi ဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ခဲ့ပြီး တာဝန်ရှိသူ ထောင်ပေါင်းများစွာ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ကြရပါတယ်။
--------------------------
(Unicode)