သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အထူးကိုယ်စားလှယ် မြန်မာခရီးစတင်


ကုလ အထူးကိုယ်စားလှယ် christine Schraner Burgener ရန်ကုန်သို့ ရောက်ရှိ
ကုလ အထူးကိုယ်စားလှယ် christine Schraner Burgener ရန်ကုန်သို့ ရောက်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ရဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး၊ ရခိုင်ဒေသကို နှစ်ရက်ကြာသွားရောက်မှာဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ကိစ္စရပ်တွေအပြင်၊ လတ်တလော ရခိုင်မှာဖြစ်နေတဲ့ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်လူမှုအသိုင်းအဝိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခ စုံစမ်း မေးမြန်း ထားပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က မနေ့ကတော့ သူရဲ့ (၇) ကြိမ်မြောက် ခရီးစဉ် အနေနဲ့ ရန်ကုန်မြို့ကိုရောက်လာတာပါ။ အစိုးရဘက်ပိုင်းက ဒီခရီးစဉ် အသေးစိတ်ကိုတော့ သူ့လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကတော့ သူ့ခရီးစဉ်နဲ့ပတ်သတ် လို့ ဗွီအိုအေကို အခုလိုပြောပြခဲ့ပါတယ်။

“ရခိုင်သွားဖို့တော့ရှိပါတယ်။ သူကပုံမှန်လာနေတယ်။ ၂လတကြိမ်လာနေတာ။ အခုဆို ၇ ကြိမ်လောက်ရှိပြီပေါ့။ အသေးစိတ်တော့ပြောမရဘူး သူတို့ကလုံခြုံရေးကိစ္စတွေရှိနေတာမို့။ ဒီမှာ ၄၊ ၅ ရက်လောက်နေမယ်ထင်ပါတယ်။ အခု လာမယ့် အပတ်မှာဆို နေပြည်တော်လာဖို့ ရှိတယ်။ ရခိုင်ပြီးရင်လေ။ ဒီမှာရှိတဲ့ ဝန်ကြီးတွေ ဘာတွေနဲ့တွေ့ဖို့ရှိပါတယ်။ ကျနော်တို့က တော့မျှမျှတတ ရှုမြင်တာလိုချင်ပါတယ်။ သူလည်းအဲလိုကြိုးစားဆောင်ရွက်နေပါတယ်”

အခု မြန်မာနိုင်ငံ ခရီးစဉ် အတွင်း တွေ့ရှိချက်တွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အစီရင်ခံတင်ပြမှာပါ။ သူ့အနေနဲ့ ရခိုင်သွားရောက်ရင် ရခိုင်မှာရှိနေတဲ့ မတူညီတဲ့ လူ့အဖွဲ့ အစည်းတွေကို တွေ့ဆုံသွားဖို့ရှိနေပါတယ်။ သူနဲ့တွေ့ဆုံမယ့် ရခိုင်အမျိုးသားပါတီ ဌာနချုပ်က ဥက္ကဌ ဦးသာထွန်းလှ ကတော့ တွေ့ဆုံချိန်မှာ လတ်တလောစစ်ပွဲ တွေဖြစ် နေတဲ့ ရခိုင်ဒေသအခြေ အနေ တွေကို တင်ပြသွားဖို့ ရှိပြီး ဒီအပေါ်မှာ နိုင်ငံတကာ ဘက်က အရင်ကထက် ပိုစိတ်ဝင်စားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

“ကျနော်တို့တွေ့ရင်တော့ ဒီရခိုင်ပြည်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ဖြစ်တာမှာ ရခိုင်ပြည်သူ တွေ ဒုက္ခရောက်နေတာတွေ ရှိတယ်လေ။ နောက်ပြီးသံသယနဲ့ဖမ်းဆီးစစ်ဆေး ခံနေရတဲ့ အခြေအနေတွေမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတာတွေ အဲလိုတွေ အဓိကကတော့ ပြည်တွင်း မှာဖြစ်နေတဲ့ တိုက်ပွဲအခြေအနေကို တင်ပြသွားဖို့ရှိပါတယ်”

မနေ့ အင်္ဂါနေ့မှာခရီးစဉ် စတင်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ Burgener က ရခိုင် လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး လက်ရှိ တိုက်ပွဲတွေ အခြေအနေနဲ့ စစ်ရှောင်ဒုက္ခသည်တွေ အရေးကို ဆွေးနွေးမှုတွေလုပ်ဖို့လဲ ရှိနေတယ်လို့ ကနဦး သတင်းရထားပါတယ်။

ပြီးခဲ့တဲ့ အခေါက် လာရောက်တုန်းကလည်း သူ့ရခိုင်ခရီးမှာ စစ်ပွဲတွေ ရပ်စဲရေး၊ နောက် ရခိုင်ပြည်နယ် တွင်းက တရုတ်စီးပွားရေး အခြေချမှုတွေ အပေါ် ရခိုင်လူထုရဲ့ သဘောထား၊ လက်ရှိ အစိုးရရဲ့ ရပ်တည်ချက်၊ စစ်ပွဲကြောင့် ဒေသခံတွေတွေ့ကြုံနေရတဲ့ အခက်အခဲ၊ စစ်ရှောင်တွေကို ကူညီရေး အခက်အခဲ၊ မတရားအသင်း အက်ဥပဒေနဲ့ အရေးယူခံနေရတဲ့ အခြေအနေတွေ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်တဲ့ အခြေအနေ ၊ ပေါ်တာဆွဲ ခိုင်းစေတယ်ဆိုတဲ့ သတင်းပေးတာတွေ ရှိနေတဲ့ အခြေအနေတွေကို တနာရီခွဲကျော်ကြာ ဆွေးနွေးခဲ့ကြတယ်လို့ ရခိုင်အမျိုးသား ပါတီက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ သူ့ခရီးစဉ်ကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေနဲ့ပတ်သတ်ပြီး ဗွီအိုအေ ကိုခုလိုပြောပြလာခဲ့ပါတယ်။

“ကျနော်ထင်တယ် ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ခရီးစဉ်ဟာ မြန်မာ့ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက် ကော နိုင်ငံတကာမှာ မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ ဖိအားပေးနေတာ တွေစွပ်စွဲပြစ်တင်တာတွေကော နောက်မြန်မာအစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေး အဖွဲ့တွေအတွက် အခွင့်အလမ်းကောင်းဖြစ်လာမယ်လို့ထင်တယ်”

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတဲ့ သူဟာရခိုင်ပြည်နယ်မှာ လက်ရှိ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေ AA နဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းရှာဖွေဖို့ တွေကို တင်ပြနိုင်ဖွယ်ရှိပေမယ့် တိတိကျကျ မသိရသေးပါဘူး။

ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner-Burgener ဟာ ကုလသမဂ္ဂအထွေအထွေ ညီလာခံ မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစီရင်ခံစာ အခု ဇူလှိုင်လဆန်းပိုင်းက တင်သွင်းခဲ့ပါသေးတယ်။ အဲဒီမှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ အခက်အခဲတွေကို အဓိကထားပြောခဲ့တဲ့အပြင်၊ မြန်မာနိုင်ငံတွင်းဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးအတွက် သူ့အနေနဲ့ အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG