သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် Burgener မြန်မာခရီးစတင်


Christine Schraner Burgener
Christine Schraner Burgener

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာ မြန်မာနိုင်ငံခရီးစဉ်ကို ဇွန်လ ၁၂ ရက် အင်္ဂါနေ့မှာသွားရောက်မှာ ဖြစ်ပါတယ်။ ဧပြီလက ရာထူးလက်ခံပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကို ပထမဦးဆုံးသွားရောက်မယ့် သူ့ခရီးစဉ်အတွင်း ဆောင်ရွက်သင့်တာကို ဆောင်ရွက်ဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြမှာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ဧပြီလ ၂၆ ရက်နေ့က အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာသူ့ကိုအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အရ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာအာဏာပိုင်တွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လူမှုရေးအသင်းအဖွဲ့တွေ ဘာသာရေးခေါင်းဆောင်တွေ ၊အပြင် သံတမန်ရေးအသိုင်းအဝိုင်းရဲ့ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး ရခိုင်ပြည်နယ်ပဋိပက္ခအရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတို့အပြင် လူ့အခွင့်အရေးကိစ္စရပ်တွေကိုလည်းဆွေးနွေးမှာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ဇွန်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဇွန်လ ၆ ရက်နေ့က မြန်မာအစိုးရနဲ့ ကုလအေဂျင်စီတွေဖြစ်တဲ့ UNDP ကုလ ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးတို့ ရခိုင်ပြည်နယ်ကနေ စွန့်ခွာထွက်ပြေးသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို အထောက်အကူပြုဖို့အတွက် ရေးထိုးခဲ့တဲ့ MOU ခေါ် နားလည်မှု စာချွန်လွှာပါ အသေးစိတ်အချက်အလက်တွေကို အများသိအောင် ကုလသမဂ္ဂက ထုတ်ပြန်မယ့်အကြောင်းကို မြန်မာအစိုးရကို အသိပေးဖို့လိုအပ်တယ်လို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က Ms. Burgener ကိုတိုက်တွန်းလိုက်ပါတယ်။ Brad Adams ဟာ Human Rights Watch ရဲ့ အာရှရေးရာ အမှုဆောင်အရာရှိချုပ်ဖြစ်ပါတယ်။

" ကျနော်တို့အနေနဲ့ သူပြောလိမ့်မယ်လို့ မျှော်လင့်တာက မကြာသေးမီက UNHCR နဲ့ UNDP တို့အကြားလက်မှတ်ထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာ ကို ကုလသမဂ္ဂက လူသိရှင်ကြားထုတ်ပြန်မယ်ဆိုတဲ့အချက်ပါပဲ။ အဲဒီ MOU အချက်အလက်တွေကို လူအများသိသင့်သလို နိုင်ငံကနေ ထွက်ခဲ့တဲ့ ရိုဟင်ဂျာတွေအနေနဲ့လည်း ဒီသဘောတူညီမှုမျာ ဘာတွေပါဝင်သလဲဆိုတာ သိသင့်ပါတယ်။ ဘာတွေပါဝင်သလဲ ဘာတွေမပါဘူးလဲ ဆိုတဲ့အချက်ကို မစ္စ Burgenerအနေနဲ့ မြန်မာအစိုးရကို ပြတ်ပြတ်သားသားပြောဖို့ လူ့အခွင့်အရးစောင့်ကြည့်လေ့လာရေးအဖွဲ့တွေက လိုလားပါတယ်။"

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် တဖက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့တဲ့ သူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ကို ပြန်ရာမှာ သူတို့ဆန္ဒအလျောက် ပြန်လည်နေရာချထားရေးအတွက် ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်နိုင်ရေး၊ ဘေးကင်းလုံခြုံစွာနဲ့ သိက္ခာရှိရှိပြန်နိုင်ရေးတို့အတွက် ကုလနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့်လို့ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိတဲ့အတွက်ကြောင့် လူထုအသိုင်းအဝိုင်းနဲ့ ရိုဟင်ဂျာတွေအကြား ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာအစိုးရထံ ဇွန်လ ၆ ရက်နေ့က ပေးပို့တဲ့ စာအရ ရိုဟင်ဂျာတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာ စစ်ဆေးရေးမှူးတွေက မြန်မာနိုင်ငံမှာ လာရောက်စစ်ဆေးခွင့်တိုက်တွန်းချက်ကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာအစိုးရဘက်က နိုင်ငံတကာပုဂ္ဂိုလ်တဦး အပါအဝင် မြန်မာနိုင်ငံသား ၂ ဦးပါဝင်တဲ့ ၃ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ဖို့ အစီအစဉ်နဲ့ ပတ်သက်တဲ့ ကြေညာချက်ကို မစ္စ Burgener အနေနဲ့ လက်မခံကြောင်း ထောက်ပြသင့်တယ်လို့ Brad Adams က ပြောပါတယ်။

"မြန်မာအစိုးရက ကြေညာခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အသစ်ဖွဲ့စည်းမယ်ဆိုတာကလည်း လေးနက်မှုမရှိပါဘူး။ ဒီလိုနောက်ထပ်ကော်မရှင်ဖွဲ့ဖို့က နောက်ကျနေပြီလို့ မြန်မာအစိုးရကို သူအသိပေးသင့်ပါတယ်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကို ဖွဲ့စည်းထားပြီဖြစ်တဲ့အတွက် အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာ ကိုစောင့်ပြီး နောက်ထပ်ဘယ်လိုခြေလှမ်းယူရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ပြည်တွင်းစုံစမ်းစစ်ဆေးမှုတွေကို စိတ်ချယုံကြည်လို့မရနိုင်ပါဘူး။ ဒါကို မစ္စ Burgenerက ရှင်းရှင်းလင်းလင်းအသိပေးဖို့လိုပါတယ်။

မစ္စ Burgener က ဒီမတိုင်မီ မေလလယ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ လက်ရှိအလှည့်ကျ ဥက္ကဌ Miroslav Lajčák တို့အပြင် အဖွဲ့ဝင်နိုင်ငံတွေနဲ့ Human Rights Watch အဖွဲ့အပါအဝင် မြန်မာ့အရေးစိတ်ဝင်စားတဲ့ NGO အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ Human Rights Watch နဲ့ မစ္စ Burgener တွေ့ဆုံမှုနဲ့ ပတ်သက်လို့ Brad Adams က

"မြန်မာနိုင်ငံမှာ လူ့ခွင့်အရေးချိူးဖောက်မှု အကြောင်းအားလုံး ကျနော်တို့သူ့ကို ပြောခဲ့ပါတယ်။ ရိုဟင်ဂျာအရေးသာမက ကချင်၊ ရှမ်း ၊ လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့် နည်းပါးတာ ရိုက်တာသတင်းထောက် ၂ ဦးအဖမ်းခံရတာ အပြင် မီဒီယာနဲ့ တခြားသတင်းတွေမှာ တင်ပြမှုကြောင့် ဖမ်းဆီးခံခဲ့ရတာတွေကိုလည်း ပြောခဲ့ပါတယ်။ ဒီလိုလူတွေကို ဖမ်းဆီးအရေးယူနိုင်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ လယ်မြေပိုင်ဆိုင်မှုပြဿနာ စသဖြင့် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့ခွင့်အရေးချိူးဖောက်မှုတွေအကြောင်း သူ့ကို ပြောပါတယ်။ သူကောင်းကောင်းနားလည်ပါတယ်။ လက်တွေ့ဘယ်လောက်ထိထိရောက်ရောက်လုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။"

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပဉ္စမမြောက် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်ဖြစ်သူ မစ္စ Burgener ဟာ သူ့မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေရှိရာ ဘင်္ဂလားဒေ့ရှ် အပြင် ဒေသအတွင်းနိုင်ငံတွေကိုလည်း ခရီးဆက်ဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG