သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းကာလကျရောက်တဲ့ ခရစ္စမတ်မှာ အားလုံးငြိမ်းချမ်းဖို့ဆုတောင်း


ရန်ကုန်မြို့က ခရစ်စမတ်နေ့ အပြင်အဆင် (ဒီဇင်ဘာ ၂၄၊ ၂၀၁၉)
ရန်ကုန်မြို့က ခရစ်စမတ်နေ့ အပြင်အဆင် (ဒီဇင်ဘာ ၂၄၊ ၂၀၁၉)

ဘာသာလူမျိုးပေါင်းစုံ ပျော်ရွှင်ကြတဲ့ ခရစ္စမတ်နေ့ဟာ မြန်မာနိုင်ငံမှာလည်း ပျော်စရာနေ့အဖြစ် ဖြတ်သန်းဆင်နွှဲလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာသိမ်းထားတဲ့ ကာလမှာ တတိယအကြိမ်မြောက် ကျရောက်တဲ့ အခုနှစ် ခရစ္စမတ်မှာတော့ စစ်ဘေးရှောင်နေရသူတွေ အပါအဝင် အားလုံးငြိမ်းချမ်းနိုင်ဖို့ ဆုတောင်းခြင်းတွေနဲ့ ဖြတ်သန်းဖြစ်တယ်လို့ ခရစ်ယာန်ဘာသာဝင်တွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို အခြေခံပြီး အလိမ္မာက ပြောပြမှာပါ။

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလကို ရောက်ရှိပြီဆိုရင် နှစ်သစ်ကူးပွဲတော်နဲ့အတူ ခရစ္စမတ်နေ့ရက်ကိုလည်း ခရစ်ယန်ဘာသာဝင်တွေ သာမက မြန်မာနိုင်ငံသားတိုင်းပါဝင် ဆင်နွှဲလေ့ရှိပါတယ်။ ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းတာ၊ ခရစ္စမတ်သီချင်း သီဆိုတာနဲ့ ပျော်ပွဲရွှင်ပွဲတွေ ထည့်သွင်းပြီး ဘာသာလူမျိုးပေါင်းစုံ ပါဝင်ကြတာပါ။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ အခုနှစ် ခရစ္စမတ်ဟာ တတိယအကြိမ်မြောက် ဖြတ်သန်းရတာဖြစ်ပြီး၊ ခရစ်ယာန်ဘာသာဝင်တိုင်း မပါဝင်နိုင်ခဲ့ပါဘူး။ ချင်းပြည်နယ်ကနေ စစ်ရှောင်လာရင်း အိန္ဒိယနယ်စပ်ဘက်ကို ရောက်ရှိနေတဲ့ စစ်ရှောင်သူတဦးကတော့ မြန်မာပြည်တွင်းမှာ ရှိနေတဲ့ စစ်ရှောင်နေရသူတွေအတွက် ဆုတောင်းပေးထားပါတယ်။

"ကျမတို့ကတော့ ဒီမှာက စစ်ဘေးရှောင်တွေ ဆိုတော့လေ အရမ်းခက်ခဲတာပေါ့။ ဒါပေမဲ့ တောထဲမှာ စစ်ဘေးရှောင်နေတဲ့ လူတွေထက်စာရင်တော့ ကျမတို့ အများကြီးသာတာပေါ့။ ဘုရားကျောင်းလည်း တက်လို့ရတယ်။ ခရစ္စမတ်ပွဲလည်း ဆင်နွှဲလို့ ရမယ်ပေါ့နော်။ တောထဲမှာနေတဲ့လူတွေ၊ ဖုန်းလိုင်းမမိတဲ့ နေရာမှာနေတဲ့လူတွေ အကုန်လုံးအပေါ်မှာ ခရစ္စမတ်ကောင်းချီး ရောက်ပါစေလို့ ဆုတောင်းပေးချင် ပါတယ်ရှင်။"

ကိုယ့်ရဲ့အိမ်ကို စွန့်ခွာပြီး တောတောင်ထဲ ဖြစ်သလို စစ်ဘေးရှောင်နေရ သူတွေမှာ အခြေခံလိုအပ်ချက်တွေ အလျင်မီရရှိနိုင်ဖို့ မနည်းရုန်းကန်နေရတာပါ။ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာတော့ အခုနှစ် ခရစ္စမတ်ကို ဆုတောင်းခြင်းကိုသာ အဓိကထားပြီး ဖြတ်သန်းဖြစ်တယ်လို့ ခရစ်ယာန်ဆရာတော်တပါးက ပြောပါတယ်။

"ခရစ္စမတ် သီချင်းတွေ လိုက်ဆိုဖြစ်တယ်။ အရမ်းကြီး ပွဲတွေကြီးကြီးကျယ်ကျယ် မလုပ်ကြပါဘူး။ ဘုရားကျောင်း အတွင်းမှာပဲ ဆုတောင်းတာ ဒါတွေပဲလုပ်တယ်။ အရင်လိုမျိုး အကပဒေသာတို့၊ စတိတ်ရှိုးတို့ အဲဒါတွေကတော့ ကြီးကြီးကျယ်ကျယ် ဘယ်သူမှ မလုပ်ကြပါဘူး။ ဝတ်ပြုကိုးကွယ်တာပဲ အဓိကထားပြီးတော့ ဘုရားကျောင်း အတွင်းမှာပဲ လုပ်ကြတာ။"

စစ်ရှောင်သူတွေထဲက ခရစ်ယာန်ဘာသာဝင် တချို့ဟာလည်း အိမ်နဲ့အဝေးမှာ ခရစ္စမတ်ပွဲတော်ကို မဆင်နွှဲနိုင်ကြလို့ သူတို့အတွက် အမြန်ဆုံး ငြိမ်းချမ်းနိုင်ဖို့ကို ဆုတောင်းပေးကြတာပါ။

"သူတို့ အဓိက ဆုတောင်းတာကတော့ သခင်ခရစ်တော်ဟာ လောကသို့ ကြွလာတာ ငြိမ်းချမ်းခြင်းအတွက် ကြွလာတာ ဖြစ်တဲ့အတွက် ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းရေး ရရှိဖို့အတွက်၊ ဒေသအတွင်းရော နိုင်ငံအတွင်းရော ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့အတွက်ရယ်။ ဒုတိယအချက်ကတော့ အခုချိန်ခါ နေရာတကာမှာ တိုက်ပွဲကြောင့် ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင် ညီအစ်ကိုတွေအားလုံး သခင်ခရစ်တော်ရဲ့ နှစ်သိမ့်ခြင်း၊ ကာကွယ်စောင်မခြင်း၊ ကျေးဇူးတော် ရရှိဖို့အတွက် ဒီနှစ်ချက်ကို အဓိက အားထားပြီးတော့ ဆုတောင်းကြတာ ပိုများတယ်။"

ခရစ်ယာန်ဘာသာဝင်တွေရဲ့ ယေရှုခရစ်တော် ဖွားမြင်တဲ့နေ့ကို ခရစ္စမတ်ပွဲတော်နေ့အဖြစ် ဒီဇင်ဘာလမှာ အထိမ်းအမှတ် ဆင်နွှဲကြတာပါ။ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ကိုဗစ်ကပ်ရောဂါ မတိုင်ခင်ကာလအထိ ဖြတ်သန်းနိုင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကစလို့ တစထက်တစ တိုးလာတဲ့ စစ်ရှောင်သူဦးရေနဲ့ တိုက်ပွဲတွေကြားမှာတော့ တခြားပျော်စရာတွေနဲ့အတူ ခရစ္စမတ်ပွဲတော်ဟာလည်း မြန်မာနိုင်ငံရဲ့ နေရာဒေသတချို့မှာ ဆိတ်သုဉ်းခဲ့ရတာ ဖြစ်ပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG