သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှု မိုးဗြဲ အရပ်သားတွေ သေဆုံး (ရှမ်းလူ့အခွင့် အရေးအဖွဲ့)


Image- Shan Human Rights Foundation
Image- Shan Human Rights Foundation

(Zawgyi / Unicode)

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်း မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်းမှာ ကလေးငယ် ၃ ယောက် အပါအဝင် အပြစ်မဲ့ အရပ်သား ၅ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ လက်နက်ကြီးတွေနဲ့ အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် စစ်ဘေးရှောင် ဒုက္ခသည်တွေ စိုးရိမ်ထိန့်လန်နေ့ပြီး ဗုံးခိုကျင်းတူး ခိုလှုံနေကြရတယ်လို့လည်း ပြောပါတယ်။ မိုးဗြဲမြို့နယ် အခြေအနေ သတင်းပေးပို့ချက်ကို မအိသန့်စင်က ပြောပြပါမယ်။

စက်တင်ဘာလ အတွင်း မိုးဗြဲမြို့နယ်မှာ စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၃ ယောက် အပါအဝင် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ဗွီအိုအေကို ပြောတာပါ။
“ကလေးငယ်ကတော့ စုစုပေါင်း ၃ ဦးပေါ့နော်။ ဒီအကုန်လုံးကတော့ ဒီ ၁၀ နှစ်အောက် ကလေးငယ်တွေပဲရှင့်။ ပြီးတဲ့ အခါကျတော့ ပြည်သူကတော့ စုစုပေါင်း အသက်ကြီးတဲ့ ပြည်သူက ၂ယောက်ပေါ့နော် (သေဆုံးတာ)ဟုတ်ကဲ့။ ပြီးတဲ့အခါမှာ ပြည်သူ စုစုပေါင်း ဒဏ်ရာရတော့ ၁၄ ယောက်ထိရှိတယ်။ ဒါတော့ ကျမတို့ စုဆောင်းရသမျှသတင်းပေါ့နော်။ ကျမတို့ ကောက်လို့ရသမျှ အချက်အလက် အရတော့ ဒီလောက်ရှိပါတယ်ရှင့်။”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ မြန်မာစစ်တပ် တပ်မ ၆၆ ရဲ့ စစ်ကြောင်းဟာ မိုးဗြဲမြို့နယ် ဝါရီးဆူးပလိုင် ကျေးရွာကနေ မိုးဗြဲမြို့အတွင်းကို ထိုးစစ် ဝင်ရောက်လာပြီးတဲ့နောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ပြောပါတယ်။ မိုးဗြဲမြို့တွင်းက ပွဲကုန်း (၁) ၊(၂)၊ (၃) ရပ်ကွက်တွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်က မြို့အတွင်းကို လက်နက်ကြီး စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိတယ်ဆိုပြီး မျက်မြင်သက်သေတွေရဲ့ ပြောပြချက်ကို ရှမ်း လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ မိုးဗြဲမြို့နယ်အတွင်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ဖြစ်စေ၊ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ဖြစ်စေ သတင်းထုတ်ပြန်တာ မရှိပါဘူး။ အရပ်သားတွေ ထိခိုက် သေဆုံးတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ကတော့ စက်တင်ဘာလ ၈ ရက်နေ့က ပွဲကုန်းရပ်ကွက် (၃) ဂိုဒေါင်ထဲမှာ အရပ်သား ၁၅ ယောက်လောက် ပုန်းနေတဲ့အချိန် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးကျ ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။ အသက် ၁၀ နှစ်အရွယ် ကလေးငယ် တဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သလို နောက်ထပ် ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲမဖြစ်ပွားတဲ့ အချိန်တွေမှာလည်း မြန်မာစစ်တပ်ဘက်က ခြိမ်းခြောက်ပြီး လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ ပြောခွင့်ရ ယိင်းလျန်းဟန်က ပြောပါတယ်။

“လက်ရှိ ဒေသခံအများစုပေါ့။ မိုးဗြဲမြို့ပေါ်က ဒေသခံအများက ဒီမိုးဗြဲမြို့နဲ့ နည်းနည်းဝေးတဲ့ ဒီကျေးရွာတွေမှာ သူတို့တိမ်းရှောင်နေရတာ။ အခုကတော့ စစ်တိုက်ပွဲက ဒီမြို့ထဲမှာ အဓိကထားပြီးဖြစ်နေတာဆိုတော့လေ ဒီကျေးရွာတွေမှာ မိုးဗြဲမြို့အနီးတဝိုက်မှာရှိတဲ့ ဒေသခံတွေ အဲ့လိုမျိုး တိမ်းရှောင်နေရတယ်။ ပြီးတဲ့အခါမှာ ဆက်ပြီးမှ ဒီစစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုတွေ လေကြောင်းပစ်ခတ်မှုတွေက ဆက်ပြီးရှိနေတော့ အခုသူတို့လည်း တော်တော်လေး ကြောက်လန့် ထိတ်လန့်နေရတယ်ပေါ့နော်။ ထိတ်လန့်နေရတဲ့ အပြင်ကို သူတို့ အခု ဗုံးခိုကျင်းတွေ စပြီးမှ အဲ့လို တူးပြီးမှ နေနေရတယ်။ ဗုံးခိုကျင်းနဲ့ ရှောင်နေရတဲ့ အချိန်က ပိုများတယ်ရှင့်။ ဒေသခံတွေ အခု အဲ့လိုမျိုးကြုံတွေ့နေရတာ။”

လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် စစ်ရှောင်ဒေသခံတွေ အမြဲတမ်းကြောက်လန့် နေရတဲ့အကြောင်းလည်း မြို့ခံတဦးက ဗွီအိုအေက ကို ပြောပါတယ်။

“နှစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုတော့ မရှိဘူး။ ဒါပေမယ့် လက်နက်ကြီးနဲ့ တစ်ညလုံး မိုးလင်းပေါက်အထိ ထုတယ်ပေါ့။ စကစ ကနေ လှမ်းထုတယ်။ ထုတဲ့အခါ စစ်ရှောင်က မွေတော်ဘုန်းကြီးကျောင်းမှာ ရှောင်တဲ့လူများတယ်ပေါ့။ ဆိုတော့ အဲ့မှာ ဒီမနက် မနက် ၆နာရီ လက်နက်ကြီး ကျတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းထုနေတာပေါ့။ လှမ်းထုနေတဲ့အခါလည်း အများပြည်သူလည်း ထိခိုက်နစ်နာမှုတော့ များတာပေါ့နော်။ နေထိုင်မှုအခြေအနေက လုံးအဆင်မပြေတော့ဘူး။ လူတွေအမြဲတမ်း ထိတ်လန့်ပြီး ကြောက်လန့်နေကြတယ်။”

လက်ရှိ မိုးဗြဲမြို့နယ် တဝိုက်မှာ စစ်ရေးအခြေအနေ တင်းမားနေပြီး တိုက်ပွဲတွေ ဖြစ်ပွားသလို ပစ်ခတ်မှုတွေ ကြားနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒေသခံ PDF အဖွဲ့တွေ၊ တိုင်းရင်းသား လက်ကိုင်အဖွဲ့တွေဘက်က အကြမ်းဖက်မှုတွေ ကျုးလွန်နေတယ်ဆိုပြီး စွပ်စွဲ ပစ်မှတ်ထားတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း အရပ်သား ဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ စစ်ဘေးရှောင် ကျေးရွာသူ ကျေးရွာသားတွေရဲ့ နေထိုင်စားသောက်ရေး ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေလည်း နေ့စဉ် လိုအပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)














XS
SM
MD
LG