သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပက်လက်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်


Kanpetlet CDF / ကန်ပက်လက်
Kanpetlet CDF / ကန်ပက်လက်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အတွင်းကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီကနေ့ မနက်မှာတော့ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီ စစ်ကြောင်း လာရာ လမ်းမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေကို ကြိုတင် တိမ်းရှောင် ခိုင်းထားတာကြောင့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ ကန်ပက်လက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။ လက်ရှိ ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို ကိုစံကျော် က တင်ပြထားပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ချင်းပြည်နယ် ကန်ပက်လက် နဲ့ မကွေးတိုင်း ဆောမြို့နယ်အစပ် ဒေသဘက်မှာ ဒီလ ၁၂ ရက်နေ့လောက်က စတင်ပြီး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒီလို ဝင်ရောက်လာချိန်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာက ဒီကနေ့မှာတော့ ကန်ပက်လက်မြို့နယ်က မဆာတွီ ရွာကို လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“စစ်ကြောင်းတွေ ကတော့ ကျောက်ထု ကနေလည်း တက်လာကြတယ်။ ပြီးတော့ လောင်းရှည် ကနေလည်း ချင်းပြည်ကို တက်သွားကြတယ်။ ကျောက်ထု ကနေ တက်လာတဲ့အဖွဲ့က မနေ့က ဆောနားမှာ အကြည်ကတင်းနဲ့ အညာကတင်း ကြားမှာ တိုက်ပွဲဖြစ်တယ်။ ဒီ ကျင်ဒွေးဘက်က တက်တဲ့အဖွဲ့က ဖြစ်မဖြစ်တော့ မသိရသေးဘူး။ ဒါပေမဲ့ လေယာဉ်နဲ့တော့ ကြဲသွားပြီ ၂ ခါ။ လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲသွားတာ။ မဆာတွီရွာမှာ ကျတယ်။ ပီစီအမ် ဘုရားကျောင်း တလုံးပါတယ်။ ပြီးတော့ အိမ် ၅ လုံးပါတယ်။”

စစ်ကောင်စီ စစ်ကြောင်းဟာ ဆောမြို့နယ် လောင်းရှည်ဘက်ကနေ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဘက်ကို တက်လာနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ကန်ပက်လက်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးကတော့ ဒီကနေ့ မနက်ပိုင်းမှာ လောင်းရှည်- ကျင်ဒွေးလမ်း အတိုင်း တက်လာတဲ့ စစ်ကြောင်းနဲ့ ဒေသခံ PDF တပ်အကြား တိုက်ပွဲတကြိမ် ဖြစ်ခဲ့ကြောင်းနဲ့ အဲဒီနောက် ၁၀ နာရီ ၄၅ မိနစ်မှာ လေယာဉ်နဲ့ ပထမအကြိမ် ဗုံးကြဲခဲ့ကြောင်း ပြောပါတယ်။ စစ်ကြောင်း လာရာလမ်းက ကျေးရွာတွေကို ကြိုတင် တိမ်းရှောင် ခိုင်းထားတာကြောင့် ပြည်သူတွေ ထိခိုက်တာတော့ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

“ပထမတကြိမ်မှာက ချင်းပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်၊ ချင်းပြည်နယ်ဘက်ပေါ့နော်။ အဲဒီနားတဝိုက်မှာ ၅ လုံး၊ ၆ လုံးလောက် ဗုံးကြဲချတယ်။ ပြီးလို့ရှိရင် သူက မကွေးတိုင်းပေါ့။ ရင်းကဲကျေးရွာ ဆိုတာလေ။ အဲဒီနား ပတ်ဝန်းကျင်ကိုလည်း ၅ လုံး၊ ၆ လုံးလောက် ကြဲချသွားတယ်။ အဲဒါပြီးတော့ ၁၁ နာရီ လောက်မှာ နောက်တခေါက် ပြန်လာတယ်။ ပြန်လာပြီးတော့ အခု ချင်းပြည်နယ် မဆာတွီ ကျေးရွာပေါ်ကို ၄ လုံး ကြဲချသွားတယ်။ အဲဒီမှာတော့ ဘုရားကျောင်း တကျောင်းရယ်။ နေအိမ် ၅ လုံးရယ် ပျက်ဆီးသွားတယ်လို့ သတင်းရတယ်ဗျ။ လောလောဆယ် မေးကြည့်တာ လူအထိအခိုက် မရှိဘူးတဲ့။ ဘာလို့လဲဆို စစ်ကြောင်းက မကွေးတိုင်း လောင်းရှည်မြို့ကနေ စထွက်ကတည်းက လမ်းကြောင်းမှာ ရှိတဲ့ ကျေးရွာ ၅ ရွာကို အရေးပေါ် ရှောင်ဖို့ စီစဉ်ထားပြီးမှ ရှောင်ခိုင်းထားတဲ့ အတွက် ပြည်သူတွေတော့ မထိဘူးပေါ့။”

ချင်းပြည်နယ်အတွင်းက ကျေးရွာ ၅ ရွာက တိမ်းရှောင်နေသူဟာ အနည်းဆုံး လူ ၁,၅၀၀ ခန့်ရှိကြောင်းလည်း သူက ပြောပြပါတယ်။

“ဒီ ကားလမ်းမှာရှိတဲ့ ကျေးရွာ ၅ ရွာက ဟာတွေကိုတော့ အားလုံး ရွှေ့ခိုင်းထားတယ်ဆိုတော့ စုစုပေါင်း အိမ်ထောင်စု ၃၀၀ နီးနီးလောက် ရှိတယ်။ လူဦးရေ ၁၅၀၀ ဝန်းကျင်လောက် တောထဲတောင်ထဲတွေမှာ ပြေးတာရှိတယ်။ နီးစပ်ရာ ကျေးရွာတွေမှာ ပြေးတာရှိတယ်။ ထွက်ပြေးသွားတဲ့ ရွာစာရင်းနဲ့ လူဦးရေတော့ ရတယ်။ ဘယ်နေရာမှာ ဘယ်နှစ်ယောက် ဆိုတာကိုတော့ လိုက်ပြီးတော့မှ ကောက်ခံနေဆဲဆိုတော့ အတိအကျတော့ မရသေးဘူးပေါ့နော်။”

မကွေးတိုင်း ဆောမြို့နယ် ရင်းကဲရွာက ချင်းပြည်နယ်ဘက်ကို တိမ်းရှောင်နေသူဟာ အိမ်ထောင်စု ၄၂ စု၊ လူဦးရေ ၁၆၄ ယောက် ရှိကြောင်းနဲ့ အခြား ၂ ရွာက တိမ်းရှောင်နေသူတွေကိုတော့ စာရင်း မရသေးကြောင်းလည်း ပြောပါတယ်။

ဒီလ ၁၄ ရက်နေ့ မနက်ပိုင်းက ချင်းပြည်နယ် ကန်ပက်လက်ဘက်ကို တက်လာတဲ့ စစ်ကြောင်းကို မကွေးတိုင်း ဆောမြို့နယ် ရင်းကဲရွာအနီးမှာ ဒေသခံ PDF တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း ရင်းကဲရွာမှာ အိမ်ခြေ ၃၀၀ လောက် မီးလောင်ခဲ့သလို ကလေးတဦး သေဆုံးခဲ့ကြောင်း နဲ့ ရွာသား ၂၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒေသခံတွေ ကတော့ စစ်ကောင်စီတပ်က မီးရှို့တာ ဖြစ်ကြောင်း ပြောဆိုပေမဲ့ သီးခြား အတည်ပြုနိုင်တာ မရှိပါဘူး။

ဒေသခံ ကာကွယ်ရေးအဖွဲ့ PDF တွေကတော့ လက်ရှိ ချင်းပြည်နယ်ကို တက်လာနေတဲ့ စစ်ကြောင်းဟာ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ အခြေစိုက် စစ်ကောင်စီ တပ်စခန်းကို လက်နက်၊ ရိက္ခာဖြည့်တင်းဖို့ တက်လာတဲ့ ထောက်ပို့ စစ်ကြောင်း ဖြစ်တဲ့အကြောင်း သတင်း ဖော်ပြတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG