သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခင်ဦးမြို့နယ်က မီးဘေးသင့် ဒေသခံတွေ အကူအညီလိုအပ်


ခင်ဦးမြို့နယ် မြို့သစ်ရွာ နေအိမ်တွေမီးရှို့ခံရ (ဧပြီ ၂၇၊ ၂၀၂၃)
ခင်ဦးမြို့နယ် မြို့သစ်ရွာ နေအိမ်တွေမီးရှို့ခံရ (ဧပြီ ၂၇၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက မြို့သစ်ရွာဟာ မီးရှို့ခံရတာကြောင့် နေအိမ် ၄၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံကျေးရွာသားတွေဟာ အကူအညီတွေ လိုအပ်နေပါတယ်။ မသန့်ရှင်းတဲ့ရေတွေ သောက်မိပြီး နောက်ဆက်တွဲရောဂါတွေ ဖြစ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က ပြောပြပါမယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က ခင်ဦးမြို့နယ်ထဲက မြို့သစ်ရွာကို စစ်တပ်က နယ်မြေရှင်းလင်းတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် မြို့သစ်ရွာက နေအိမ် ၄၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရပါတယ်။ အိမ်ခြေ ၅၀၀ နီးပါး ရှိတဲ့ မြို့သစ်ရွာဟာ နေအိမ် ၁၀၀ နီးပါးလောက်ပဲ ကျန်ရှိတော့ပြီး ဒေသခံတွေဟာလည်း အကူအညီတွေ လိုအပ်နေပါတယ်။

နေထိုင်စားသောက်ရေးပါ အခက်အခဲရှိနေတဲ့အပြင် ကျေးရွာက ရေတုံကင်တွေပါ မီးလောင်သွားတဲ့အတွက် သောက်သုံးရေပါ ခက်ခဲနေတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက VOA ကို အခုလို ပြောပါတယ်။

“တရွာလုံးလိုလိုမီးလောင်သွားတော့ အကုန်လုံး မီးထဲပါသွားကြတာဆိုတော့ သူ့လည်းကိုယ်မကယ်နိုင်၊ ကိုယ့်လည်း သူမကယ်နိုင်၊ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ထက် လောလောဆယ် ထိုင်ဖို့ရာကိုက အရိပ်ကမရှိတော့ ထန်းရွက်ကလည်း ခုတ်ဖို့ကမလွယ်၊ အဆောက်အဦး ဆောက်ဖို့ကလည်းမလွယ်၊ အခုလောလောဆယ် ရေသောက်ဖို့က ကိုယ့်ရေတွင်းနဲ့ ကိုယ်သောက်ဖို့ကိုက ရေတွင်းတွေက မီးထဲပါသွားတော့ ရေတွင်းတွေလည်း မပြင်နိုင်၊ မပြင်နိုင်တော့ မီးလောင်ထားတဲ့ ရေပိုင်းငုတ်တိုလေးတွေကို ခွက်လေးနဲ့ ပုံးလေးနဲ့အုပ်၊ ထင်းချောင်းလေးနဲ့စို့ပြီး ပိတ်ထားရတာ။ ထမင်းချက်ဖို့က အိုးခွက်စလောင်းကမရှိ၊ နေဖို့ထိုင်ဖို့ကလည်းမရှိ။ အခုလောလောဆယ် ရေသောက်ဖို့ကလည်း တုံကင်လုပ်ဖို့ရာကို အဆင်မပြေနိုင်၊ အဲ့လိုဖြစ်နေကြတော့ လောလောဆယ် တုံကင်လေးကို အရင်လိုအပ်နေကြတာပေါ့နော်။”

လက်ရှိ အိမ်ခြေ ၄၀၀ ကျော်က မီးဘေးသင့် ဒေသခံတွေဟာ အဆင်ပြေသလို နေထိုင် စားသောက်နေရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။ နေထိုင်စားသောက်ရေး ခက်ခဲနေတဲ့အတွက် နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“ခန္ဓာကိုယ်ခမ်းခြောက်တာ၊ ရေဓာတ်မမှီတာ၊ အဲ့လိုလေးတွေတော့ ဖြစ်နိုင်တယ်။ သောက်သုံးရေကလည်း လျှပ်စစ်မီးကမမှန်တော့ အဝီစိတွင်း အောက်ကနေဆွဲတဲ့ ရေမသောက်ရတော့ မူးရေ၊ ချောင်းရေ၊ မြောင်းရေ သောက်ရတော့ ဝမ်းလျှောရောဂါတို့ ကာလဝမ်းရောဂါတို့ ဖြစ်နိုင်တာပေါ့ဗျာ။”

ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က မကြာခဏဆိုသလို နယ်မြေရှင်းလင်းနေပြီး ဒေသခံတွေဟာ မကြာမကြာ တောတောင်တွေထဲ တိမ်းရှောင်နေရတာမှာ အဲဒီလို တိမ်းရှောင်သူတွေထဲ မီးဘေးသင့် ဒေသခံတွေလည်း အများအပြား ပါဝင်ပါတယ်။ လက်ရှိအချိန်ထိ ခင်ဦးမြို့နယ်ထဲမှာ ကျေးရွာ ၇၀ နီးပါးက နေအိမ် ၅ ထောင်နီးပါး မီးရှို့ခံရထားရတယ်လို့ မြေပြင် စာရင်းကောက်ယူသူတွေက ပြောပေမယ့် ဗွီအိုအေအနေနဲ့ သီးခြား အတည်ပြုလို့တော့ မရသေးပါဘူး။ ကျေးရွာက နေအိမ်တွေ မီးရှို့ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အခုချိန်ထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG