သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခင်ဦးမြို့နယ်တွင်း ကျေးရွာ ၂၀ နီးပါး ဒေသခံတွေစွန့်ခွာ


စစ်ဘေးတိမ်းရှောင်နေရတဲ့ ခင်ဦးမြို့နယ်ထဲက ဒေသခံများ (ဓါတ်ပုံ - CJ)
စစ်ဘေးတိမ်းရှောင်နေရတဲ့ ခင်ဦးမြို့နယ်ထဲက ဒေသခံများ (ဓါတ်ပုံ - CJ)


ဧပြီ ၁၉၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အတွက် ကျေးရွာ ၂၀ နီးပါးကဒေသခံတွေ တိမ်းရှောင်နေရသလို ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦးလည်းကျဆုံးခဲ့ပြီး အရပ်သားတချို့ အဖမ်းခံရတယ်လို့ ဒေသခံတွေကပြောပါတယ် ။ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက မကြီးကန်ကျေးရွာမှာလည်း အသက်မပြည့်သေးတဲ့ကလေးငယ်တဦးရဲ့ရုပ်အလောင်းကို တွေ့ရှိရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက အခြေအနေ သတင်းပေးပို့ချက်ကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

ဧပြီ ၁၉ ရက်မနက်ပိုင်းကစလို့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲကို စစ်တပ်အင်အား ၁၀၀ လောက်က နယ်မြေရှင်းလင်းနေပါတယ်။ စစ်တပ်နယ်မြေရှင်းလင်းစဉ်အတွင်း နှစ်ဘက်ထိတွေ့မှုတွေကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့သလို ဒေသခံ ၅ ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်က အခုလို နယ်မြေရှင်းလင်းနေတာကြောင့် ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၂၀ က ဒေသခံ ၁၅,၀၀၀ နီးပါးဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတဦးက ပြောပြပါတယ်။

“အင်အား ၁၀၀ ကျော် မူးမြစ်ကူးတံတားကနေ ဖြတ်လာတယ်။ အင်းပတ်ကွေ့(ကျေးရွာ)၊ အင်းပတ်ကွေ့ကနေမှ တခါ ရွာသစ်ကုန်း၊ ရွာသစ်ကုန်းကနေ မြင်းဒေါင်းကနေ မြကန်ပေါ့နော်။ အဲ့မြကန်မှာ ဝင်တဲ့အခါမှာ ရဲဘော် ၅ ဦး ကျဆုံးတယ်ပေါ့နော်။ ညှပ်မိ ပိတ်မိသွားတဲ့ ပုံစံမျိုးပေါ့။ အဲ့မှာ ပြည်သူတွေလည်း ၅ ဦးလောက် ဖမ်းခံရတယ်ပေါ့နော်။ အဲ့ ၅ ဦးလည်း ဖမ်းခံရတဲ့ထဲ ပါသွားတယ်ပေါ့နော်။ အားလုံးပေါင်း ရွာ ၂၀ လောက်ရှိမယ်ပေါ့နော်။ လူဦးရေ ၁၅,၀၀၀ လောက်ထိ ရှိမယ်။ နေပူရှိန်ကလည်းပြင်းတော့ လူကြီးတွေလည်း ဒုက္ခရောက်တာပေါ့ ပင်ပန်းတာပေါ့။”

ဧပြီ ၁၈ ရက်ကလည်း စစ်တပ်က သူတို့ကို ထောက်ခံတဲ့ ပျူစောထီး အားကောင်းတဲ့ကျေးရွာတွေဆီကို ရိက္ခာပို့ဖို့ လာရောက်တာကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ စိုးရိမ်တကြီးထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒါက စစ်ကိုင်းတိုင်း ခင်ဦးထဲက အခြေအနေပါ။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကြီးကန်ကျေးရွာက ဆေးရုံကို ဧပြီ ၁၈ ရက်၊ မနေ့မနက်ပိုင်းက လေကြောင်းကပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။ အဲ့ဒီနောက် ဧပြီ ၁၉ ရက်၊ စစ်တပ်ထွက်ခွါသွားချိန် ကာကွယ်ရေးအဖွဲ့တွေဟာ ကျေးရွာထဲဝင် ရောက်ပြီး နယ်မြေရှင်းလင်းခဲ့ရာမှာ အသက်မပြည့်သေးတဲ့ကလေးငယ်တဦးရဲ့ ရုပ်အလောင်းကိုတွေ့ခဲ့ရတယ်လို့ မြိုင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက အခုလို ပြောပါတယ်။

“အလောင်းက အခုလက်ရှိအထိတော့ ၁ လောင်းတော့ တွေ့ထားတယ်။ တလောင်းက မကြီးကန်ရွာက ကလေးလေး၊ ၈ တန်း ကလေးလေးပေါ့။ အဲ့ကလေးလေးကို သတ်သွားတာပေါ့။ ခေါင်းတွေကော ခန္ဓာကိုယ်တွေကော အကုန်ပစ်သတ်သွားတာ။ နယ်မြေရှင်းလင်းရေးလုပ်နေတာ အခုအလောင်းတလောင်းပဲ တွေ့သေးတယ်။ အိမ်တွေက ဖျက်ဆီးပြီး အကုန်မွှေနှောက်သွားတာ။ မီးရှို့တာတော့ ၅ အိမ် ၆ အိမ် လောက်တော့ ရှို့သွားတယ်။”

မကြီးကန်ကျေးရွာဟာ နေအိမ်တထောင်ကျော်ရှိတဲ့ကျေးရွာကြီး တရွာဖြစ်ပြီး စစ်တပ်က အခုလို လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တဲ့အတွက်ဆိုပြီး ဒေသခံတွေဟာ စိုးရိမ်ပြီး ကျေးရွာထဲကို ဘေးလွတ်ရာမှာပဲ တိမ်းရှောင်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမှာတော့ − မြိုင်မြို့နယ်အတွင်းက မန်ကြီးကန်နဲ့ ကန်ကြီးကျေးရွာတွေမှာ PDF ခိုအောင်းနေကြောင်း သတင်းရရှိတဲ့အတွက် လိုအပ်သည်များကို ဆောင်ရွက်ခဲ့ကြောင်း မနေ့ ဧပြီလ ၁၈ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး PDF အဖွဲ့တွေနဲ့ ပတ်သက် ဆက်နွယ်တယ်လို့ သံသယရှိသူ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၂၀ တို့ကို ခေတ္တ ထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG