သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေစကြိုမြို့နယ်က မအူ ရဲစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်


စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တချို့
စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တချို့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် မအူ နယ်မြေခံရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာလည်း စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ရှိနေပြီး နေအိမ်တွေ မီးရှို့ခံရတာ ရှိသလို အရပ်သား သေဆုံးတာတွေလည်း ရှိပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုသိန်းထိုက်ဦးက ပြောပြပါမယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲမှာ စစ်တပ်နဲ့ ရဲ တပ်စွဲထားတဲ့ မအူ နယ်မြေခံရဲစခန်းကို ဧပြီ ၃ ရက် မနက် အာရုံတက်အချိန်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီးနောက် မနက် ၈ နာရီလောက်မှာတော့ စစ်တပ်က လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း မအူ ရဲစခန်းက စခန်းမှူးလည်း သေဆုံးသွားပြီး တခြား တပ်ဖွဲ့ဝင်တွေ ထွက်ပြေးတာတွေလည်း ရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ရဲဘော် ဝေကြီးက အခုလို ပြောပြပါတယ်။

“ရေစကြိုမြို့နယ်က မအူ စခန်းဗျ။ စခန်းသိမ်းတာပေါ့ဗျာ။ ဒီနေ့ကျွန်တော်တို့ စခန်းသိမ်းတာပေါ့ဗျာ။ သိမ်းတော့ လေယာဉ်နဲ့ လာပစ်တာပေါ့။ တိုက်ပွဲက မနက် ၅ နာရီလောက်ကတည်းကဖြစ်တာ ၈ နာရီထိုးတော့ လေယာဉ်လာပစ်တာ။ ရှို့လို့ရတာတွေတော့ ရှို့ခဲ့တယ်။ ရှို့လို့မရတာတွေ အုတ်တိုက်တွေကတော့ ရှို့မရတော့ ထားခဲ့တယ်။ စခန်းမှူးလည်းသေတယ်။ စခန်းမှူးအလောင်းလည်း ကျွန်တော်တို့တွေ့တယ်။ တချို့ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးတာပေါ့။"

ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီး ပြန်ဆုတ်ခွါသွားတဲ့နောက်မှာ စစ်တပ်က ပြန်လည်ပြီး တပ်စွဲထားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ ဒီရက်ပိုင်းထဲမှာ စစ်တပ်က မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲမှာ နေ့စဉ်ရက်ဆက် လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်နေတာပါ။

မတ်လ ၃၁ ရက်၊ ဧပြီ ၁ ရက် နဲ့ ၂ ရက်တို့မှာလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ၃ ရက်ဆက်တိုက် ပစ်ခတ်ခဲ့ပါသေးတယ်။ လေကြောင်းက ပစ်ခတ်တာတွေနဲ့ ပတ်သက်လို့တော့ စစ်တပ်ဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကိုင်းထဲက ပုလဲမြို့နယ်ထဲက မင်းတိုင်ပင် ကျေးရွာအနီးမှာလည်း စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဧပြီ ၂ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အရာရှိ ၁ ဦး အပါအဝင် အခြားအဆင့် ၁ ဦးသေဆုံးခဲ့ပြီး လက်နက် ၂ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့တွေ ဘက်က ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ သခင်ဒေါင်းညိုကာကွယ်ရေး အဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“မင်းတိုင်ပင် ရွာနားတဝိုက်မှာ ဖြစ်သွားတာ။ နာရီဝက်နီးပါးလောက်ကြာတယ်။ နာရီဝက်နီးပါးလောက် ခန့်မှန်းပေါ့။ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိလိုက်တယ်။ လက်နက်ခဲယမ်းက ၂ လက်ပါခင်ဗျ။”

သေဆုံးသွားတဲ့အရာရှိဟာ ဗိုလ်ကြီး အဆင့်ရှိသူ ဖြစ်တယ်လို့လည်း ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုပါတယ်။ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်တပ်ဟာ မင်းတိုင်ပင် ရွာဘေးနားမှာရှိတဲ့ နှောကန် ကျေးရွာက နေအိမ်တွေကို မီးရှို့တာတွေ လုပ်ခဲ့လို့ နေအိမ် ၁၂၀ နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။

နေအိမ်တွေ မီးလောင်ကျွမ်းတဲ့ထဲမှာ မျက်မမြင် အဖွားအိုတဦး မီးလောင် သေဆုံးခဲ့ပြီး တခြား အဖိုးအို ၁ ဦးလည်း မီးလောင်ဒဏ်ရာတွေနဲ့ မျက်စိမမြင်ရတော့ဘဲ ကုသနေရတယ်လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“မီးထဲမှာ ပါသွားတဲ့အိမ်ခြေက ၁၂၀ ခန့်ခင်ဗျ။ အသက်ဆုံးရှုံးမှု အနေနဲ့က နှောကန်ရွာက ဒေါ်မှတ်တင် မျက်စိ မမြင်ရတဲ့အဖွားကြီးက အသက် ၇၀ မီးထဲမှာ တခါတည်းပါပြီး သေဆုံးသွားတယ်။ နောက်တခါ ဦးအောင်မြင့်လို့ခေါ်တဲ့ အမျိုးသား၊ အသက် ၇၀ ကလည်း ဒီ မီးလောင်မှုနဲ့ ပတ်သက်ပြီးတော့ ကုသမှုခံယူဆဲ ဖြစ်နေပါတယ်။ မျက်လုံးတွေက မီးလောင်တဲ့အတိုင်းအတာထိ မျက်စိတွေ ကွယ်နေတယ်လို့ သတင်း ကြားထားရပါတယ်ခင်ဗျ။”

ဧပြီ ၃ ရက်မှာတော့ စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေဟာ မင်းတိုင်ပင်ကျေးရွာ နေအိမ်တွေထဲက ပစ္စည်းတွေကို ယူဆောင်နေတဲ့အတွက် ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ပစ်ခတ်မှု ဖြစ်ခဲ့သေးတယ်လို့လည်း ကာကွယ်ရေး အဖွဲ့တွေ ဘက်က ပြောပါတယ်။

လက်ရှိအချိန်မှာ နေအိမ်တွေ မီးလောင်ဆုံးရှုံးသွားတဲ့ နှောကန်ကျေးရွာက ဒေသခံ ၁ ထောင်ကျော်အပြင် စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ စားနပ်ရိက္ခာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}















XS
SM
MD
LG