သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံလူထု ကုန်ဈေးနှုန်းတက်တဲ့ဒဏ် အပြင်းအထန်ရင်ဆိုင်နေကြရ 


လှိုင်သာယာမြိ ု့ဈေးတခု (ဓာတ်ပုံ - AP)
လှိုင်သာယာမြိ ု့ဈေးတခု (ဓာတ်ပုံ - AP)

မြန်မာနိုင်ငံမှာ မီးဖိုချောင်သုံးပစ္စည်းတွေ ဈေးတက်နေတဲ့အတွက် ဝင်ငွေနည်းပါးလာတဲ့ မိသားစုတွေ အခက်ကြုံနေကြရပါတယ်။ လက်ရှိအခြေအနေမှာ အလုပ်အကိုင်လည်း ရှားနေတာကြောင့် အများစုက စားဝတ်နေရေးအတွက် အကြပ်ရိုက်နေကြတာပါ။ အငှားယာဉ်မောင်းသူတွေဆိုရင် စက်သုံးဆီဈေးတွေ မြင့်တက်တဲ့အပြင် ယာဉ်စီးခတွေကို အရင်ထက် လေ ျှာ့ယူနေရလို့ ဝင်ငွေ လည်း ထက်ဝက်လောက် လျော့သွားတယ်လို့ ပြောကြပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရန်ကုန်ကလာတဲ့သတင်း ကို ကိုသိန်းထိုက်ဦးက ပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း၊ စီးပွားရေးကျဆင်းပြီး ပြည်သူတွေ ဝင်ငွေနည်းပါးလာနေချိန်မှာပဲ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဆီ ၁ ပိဿာကို ကျပ် ၅ ထောင် ဝန်းကျင်ဈေး အပါအဝင် မီးဖိုချောင်သုံးပစ္စည်းအားလုံး ဈေးတက်နေတာကြောင့် အိမ်ရှင်မတွေ အခက်တွေ့နေကြတာပါ။ ထန်းတပင်မြို့နယ်က ဒေသခံတဖြစ်တဲ့ ဒေါ်သင်းသင်းဦးက သူ့ရဲ့အခက်အခဲကို ခုလိုပြောပါတယ်။

“ကုန်ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ အခု မီးဖိုချောင်သုံးပစ္စည်းတွေဆိုလို့ရှိရင် ဆီ ဆား ငရုပ် ကြက်သွန်ပေါ့နော် ဆီဆိုလို့ရှိ ရင်လည်း အရင် ပြီးခဲ့တဲ့နှစ်က တပိဿာကို ၂ ထောင်ကျော်ဆိုလို့ရှိရင် စားလို့ရတယ်။ အခုဟာကကျတော့ ဆီဈေးက ခေါက်ချိုး တက်သွားတဲ့အခါကျတော့ အခုက ဒီမှာရောင်းတာကတော့ ၅ ထောင်ပေါ့နော် အိမ်ဆိုင်တင်ကတော့။ ဈေးသွားတော့လည်း အရင်က ကန်စွန်းရွက် တရာဖိုးဆိုလို့ရှိရင် အစည်းလည်းကြီးတယ်။ ဈေးကလည်းနည်းတယ်။ အခုကျတော့ အစည်းလည်း သေးတယ် ဈေးကတော့များလာတယ် အဲလိုမျိုးပေါ့နော်”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာနဲ့ချိတ်ဆက်လုပ်နေကြတဲ့ လုပ်ငန်းတော်တော်များများ ရပ်သွားခဲ့သလို အရင်လို ပုံမှန် မလည်ပတ်နိုင်တော့တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အများအပြားဖြစ်နေပါတယ်။ ဒါကြောင့် အလုပ်အကိုင်ရှား ဝင်ငွေ နည်းနေချိန် ကုန်ဈေးနှုန်းမြင့်တက်တဲ့ဒဏ်ကို တော်တော်လေး ခံနေကြရတာလို့ ရန်ကုန်မြို့က ဒေါ်သဲသဲကလည်း ပြောပါတယ်။

“ဝင်ငွေက ကျတော့ အရင်ထက် ထက်ဝက်လောက် လျော့ကျသွားပြီးတော့ ကုန်ကျစရိတ်က အရင်ထက် သုံးဆလောက်ကို ကုန်ကျတယ်လို့ ပြောလို့ရတယ်၊ အရင်တသိန်းဝင်တယ်ဆို ရင် အခု ငါးသောင်းလောက်ပဲဝင်တယ်ကွာ၊ ထွက်ငွေကျတော့ အရင် ၅ သောင်းလောက် ထွက်တယ်ဆိုရင် အခုက တသိန်းခွဲလောက်ကို ထွက်တယ်လို့ပြောလို့ရတယ်၊ ဘာလို့လဲဆိုတော့ အကုန်လုံးက အစစအရာရာ အရမ်းတွေ မြင့်တက်နေတဲ့အခါကျတော့ ကျန်းမာရေးအခြေအနေကလည်း မကောင်းတဲ့အခါ ကျတော့ ဆေးဖိုးဝါးခလည်း ကုန်တယ် ဆေး ဈေးတွေကလည်း တက်တယ်၊ ဆီဈေး ဆန်ဈေး ဆားဈေး အကုန်တက်တဲ့အခါ ကျတော့ အဆင်မပြေကြဘူးပေါ့ ပြောရမယ်ဆိုရင် ၁၀၀ မှာ ၉၉ ယောက်က အဆင်မပြေဘူး၊ အဲလိုဖြစ်နေတယ် အမတို့ ကြားနေရတာတော့ အဆင်ပြေတယ်လို့ ကြားတာ ၁၀၀ မှာ တယောက် မရှိဘူး အခုက။”

ကိုဗစ်ကူးစက်မှုတွေကြောင့် ပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို တဘက်မှာလည်း စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ နိုင်ငံတွင်းမှာလည်း ငွေကြေး လည်ပတ်မှု နည်းပါးနေသလို ကုန်းဈေးနှုန်းတွေလည်း မြင့်တက်လာနေတာဖြစ်ပါတယ်။

ခုလိုအခြေအနေတွေဆိုးလာရင် ပြည်သူတွေ ငတ်မွတ်တဲ့အခြေအနေအထိ ဖြစ်လာမှာ စိုးရိမ်တယ်လို့လည်း သူကပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ကုန်ဈေးနှုန်းပြဿနာကို ကိုင်တွယ်ထိန်းချုပ်သင့်တယ်လို့လည်း ဒေါ်သဲသဲက ပြောပါတယ်။

“ဒီကုန်ဈေးနှုန်းကြီးကို ထိန်းချုပ်စေချင်တယ်၊ ဝင်ငွေမကောင်းဘဲ ဒီထက်တက်လာမယ်ဆိုရင် ဘာဖြစ်နိုင်လဲဆိုတော့ ငတ်မွတ်ခေါင်းပါးတဲ့ ပြဿနာတက်လာမယ် လုယက်မှုတွေ ဓားပြမှုတွေ အဲလိုမျိုး မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာနိုင်တယ်လို့ ထင်တယ်၊ ဖြစ်သင့်တာက စီးပွားရေး ကောင်းမွန်လာအောင်က တဖြည်းဖြည်းလုပ်ယူရမယ့် အနေအထားဆိုရင် ဒီကုန်ဈေနှုန်းတက်တာကိုတော့ ထိန်းချုပ်လို့ရမယ်လို့ ထင်တာပေါ့နော်၊ အဲလို ထိန်းချုပ်နိုင်ရင် ကောင်းမယ်လို့တော့ ယူဆမိပါတယ်၊”

အထွေထွေစားကုန်တွေ ဈေးတက်နေသလို စက်သုံးဆီဈေးတွေလည်း မြင့်တက်နေပါတယ်။ စက်သုံးဆီဈေး တက်တာကြောင့် ဝင်ငွေ ထက်လောက်အထိ လျော့ကျသွားတယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတဦးက ပြောပါတယ်။

“ကားမောင်းတာလည်း လူတွေရဲ့စီးပွားရေး မကောင်းတဲ့အခါကျတော့ ကုန်ဈေးနှုန်းတွေ တက်သလိုမျိုး ပေါ့ ကိုယ်တွေ ဒရိုင်ဗာတွေကလည်း သူတို့လည်း မပေးနိုင်တဲ့အခါကျတော့ ၄ ထောင်တန်ကို ၃ ထောင်နဲ့ လိုက်ရတာမျိုး ၂ ထောင်တန်ကို ၁၅၀၀ နဲ့ လိုက်ရတာမျိုးပေါ့၊ အရင်တုန်းကဆိုရင် ကားမောင်ရင် နှစ်သောင်း နှစ်သောင်းခွဲလောက်ရရင် အခုက တသောင်း တသောင်းခွဲလောက်ပဲ ရတော့တယ်၊ ထက်ဝက်ခွဲလောက် ကွာဟသွားတာပေါ့ အဲအတွက်ကြောင့် အခက်အခဲတော့ များစွာရှိတာပေါ့၊”

စစ်အာဏာမသိမ်းခင်က ဓာတ်ဆီဈေး ၁ လီတာ ကျပ် ၉၀၀ ဝန်းကျင်ကနေ အခုဆိုရ ၁၅၀၀ ကျပ်ကျော်ဈေးဖြစ်နေပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့နေရာ၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမှာဆို ဈေးတွေက ပိုတောင်ကြီးနေတာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုရဲ့ဂယက်ကြောင့် ၂၀၂၂ ခုနှစ်ထဲမှာ လူဦးရေ ထက်ဝက်လောက် ဆင်းရဲမွဲတေမှုနဲ့ ကြုံကြရလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

......................................................................................

တိုက်ရိုက် လင့်ခ်


(Unicode)












XS
SM
MD
LG