သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုတလင်ဘက်က တင်းမာနေတဲ့စစ်ရေးအခြေအနေ ​​​​​​​


စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ ကူတော်ရဲစခန်းကထွက်လာတဲ့ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ဖမ်းဆီးထားပုံ။ (အောက်တိုဘာ ၁၊ ၂၀၂၄/ဓာတ်ပုံ-မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်း၊ BOB)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ ကူတော်ရဲစခန်းကထွက်လာတဲ့ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ဖမ်းဆီးထားပုံ။ (အောက်တိုဘာ ၁၊ ၂၀၂၄/ဓာတ်ပုံ-မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်း၊ BOB)

စစ်ကိုင်းတိုင်း ဘုတလင်နယ်ထဲမှာ စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးနေပြီး ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။ အရပ်သားတွေ သတ်ဖြတ်ခံရတာတွေ ရှိသလို ဖမ်းဆီးခံရသူ တွေလည်း ရှိတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။ ဘုတလင်နယ်ထဲက အခြေအနေတွေကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေ ဘက်ကို စစ်တပ်ဘက်က တကျော့ပြန် နယ်မြေရှင်းလင်းရေးတွေလုပ်နေကြောင်း ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ စက်တင်ဘာ ၄ ရက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာခဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်နက်ကြီးတွေအပြင် ဒရုန်းတွေနဲ့ တိုက်ခိုက်တာရှိခဲ့ပေမယ့် လက်ရှိအချိန်ထိနှစ်ဘက်တိုက်ပွဲဖြစ်တာမရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဘုတလင်စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ မုံရွာခရိုင် တပ်ရင်း ၂၀ (BOB) ရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

"မုံရွာ နမခ-ကနေထွက်လာတာပေါ့။ ကံဆွယ်ရယ်၊ ယုန်လှေးကုန်းရွာသစ်ရယ်၊ ယုန်လှေးကုန်းရွာ သစ်မှာ တညအိပ်ပြီးတော့ နောက်ထပ် တရွာပေါ့။ အခုတော့ ကုက္ကိုလ်စုကို ရောက်နေတယ်။ တရော်တောပေါ့။ တရော်တောလည်းဝင်သွားတယ်။အခုချိန်ထိတော့ ထိတွေ့မှုတော့ မရှိသေးဘူးပေါ့။ ကျနော်တို့ လက်နက်ကြီးတို့၊ ဒရုန်းတို့နဲ့စောင့်ပြီးတော့ တတ်နိုင်သလောက် လုပ်နေတယ်။"

စစ်တပ်စစ်ကြောင်းဟာ ဘုတလင်မြို့ကိုဦးတည်နေပြီး မြေပြင်က စစ်ကြောင်းအပြင် ဝေဟင်ကနေ ရဟတ်ယာဉ်တွေနဲ့ လမ်းကြောင်းရှင်းပစ်ခတ်တာတွေ ရှိနေတယ်လို့လည်းကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဖြတ်သန်းခဲ့တဲ့ ကျေးရွာတွေမှာ အရပ်သားနှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး ၂၀ ဦးထက် မနည်းလည်း ဖမ်းဆီးခံရတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက အခုလို ပြောပါတယ်။

"စစ်ဘေးရှောင်အခြေအနေက တိုက်ပွဲဖြစ်ခဲ့တဲ့နေရာက ရွာက လက်ရှိအချိန်ထိ ရှောင်နေတုန်းပဲ။ အခုထိုးလာတဲ့စစ်ကြောင်းမှာ အဖမ်းခံရတဲ့သူတွေရှိတယ်။ ပစ်သတ်ခံရတဲ့ ပြည်သူ နှစ်ယောက် ရှိတယ်။ စစ်ကြောင်းမှာ ဖမ်းဆီးခံရသူက ၂၅ ယောက် ဝန်းကျင်ရှိတယ်။ (အဖမ်းခံရတာ) အမျိုးသမီး အများစုပါတယ်ပြောတယ်။ ယုန်းလှေးကုန်းက အများစုပါတယ်လို့ကြားတယ်။ သူတို့က ရွာထဲကို ပစ်ဝင်,ဝင်ကြတာဆိုတော့ ဖမ်းခံရတာပေါ့။ ဖမ်းခံရပြီး အသတ်ခံရတာပေါ့။"

စက်တင်ဘာ ၃၀ ရက်က ကူတော်ကျေးရွာကို စစ်ကူသွားတာ စစ်တပ်စစ်ကြောင်းဟာ ကူတော်ကနေ ဘုတလင်ကိုအပြန် စီပါနဲ့ရွာရှည်ကျေးရွာနားမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က ၃၉ ယောက်သေဆုံးခဲ့ပြီး ၄၇ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပေမဲ့ ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အင်အား ၁၀၀ နီးပါး စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတဲ့အတွက် ဘုတလင်နယ်ထဲက ကျေးရွာတွေကိုလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေရှိခဲ့ပြီးနောက် အခုလို တကျော့ပြန် နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေတာလည်းဖြစ်ပါတယ်။

စစ်တပ်ဘက်က တကျော့ပြန်နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတဲ့အတွက် အရင်တိုက်ပွဲ ဖြစ်ခဲ့တဲ့အနီးက ကျေးရွာတွေအပြင် စစ်တပ်စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်က ကျေးရွာတွေက ဒေသခံတွေပါ စစ်ဘေးရှောင်နေရပြီး စစ်ဘေးရှောင်လူဦးရေ တသောင်းကျော်ဟာ အကူအညီတွေ လိုအပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG