သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲတဲ့နိုင်ငံတွေအတွက် သဘာဝကပ်ဘေးရံပုံငွေထားဖို့ သဘောတူ


CLIMATE-UN/NEWS CONFERENCE
CLIMATE-UN/NEWS CONFERENCE

ကမ္ဘာ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးကို တိုက်ဖျက်နိုင်ဖို့ လိုအပ်တဲ့ ရန်ပုံငွေ ထည့်ဝင်ကူညီကြဖို့ လက်ရှိကျင်းပနေတဲ့ ရာသီဥတုပြောင်းလဲမှု ထိန်းသိမ်းရေး COP28 ကုလသမဂ္ဂညီလာခံကို တက်ရောက်နေတဲ့ နိုင်ငံအားလုံးနီးပါးက ကြာသပတေးနေ့မှာ သဘောတူခဲ့ကြပါတယ်။ ဒီညီလာခံကို နိုင်ငံပေါင်း ၂၀၀ နီးပါး တက်ရောက်နေတာပါ။

‘ပျက်စီးဆုံးရှုံးမှုများအတွက် ရန်ပုံငွေ’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဂျာမနီက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထည့်ဝင်ပါတယ်။ COP28 ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ UAE အာရပ်စော်ဘွားများနိုင်ငံကလည်း ဒေါ်လာ သန်း ၁၀၀ ထည့်ဝင်မယ်လို့ ကတိပြုပါတယ်။ ဗြိတိန်က ဒေါ်လာ ၅၁ သန်း၊ အမေရိကန်က ၁၇ သန်းခွဲနဲ့ ဂျပန်က ၁၀ သန်း အသီးသီး ထည့်ဝင်ကြတာပါ။

EU ဥရောပ သမဂ္ဂအဖွဲ့ကလည်း ဒေါ်လာ ၂၄၆ သန်း ထည့်ဝင်မယ်လို့ နောက်ပိုင်းမှာ ပြောလာပြီး အဲဒီထဲမှာ ဂျာမနီက ထည့်ဝင်မယ်ဆိုတဲ့သန်း ၁၀၀ ပါပြီးသား ဖြစ်ပါတယ်။ လာမယ့်ရက်တွေမှာ နောက်ထပ် အခြားနိုင်ငံတွေကလည်း ရန်ပုံငွေတွေ ထည့်ဝင်လာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိ ထည့်ဝင်ပြီးသမျှ ရန်ပုံငွေနဲ့ လုံလောက်ဦးမှာ မဟုတ်သေးဘဲ ဒေါ်လာ ဘီလျံ ၁၀၀ ထည့်ဝင်ကြဖို့အထိ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ရည်မှန်းထားကြတာပါ။ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာတော့ ရာသီဥတု ထိန်းသိမ်းရေးအတွက် နှစ်စဉ်လိုအပ်တဲ့ ရန်ပုံငွေက ဒေါ်လာ ၃၈၇ ဘီလျံလောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။

ခုလို ရန်ပုံငွေထည့်ဝင် ထူထောင်ပေးတာအတွက် ချီးကျူးဂုဏ်ပြုကြောင်း COP28 ညီလာခံ ဥက္ကဋ္ဌ Sultan Ahmed al-Jaber က ပြောကြားလိုက်ပါတယ်။ အရင်ကျင်းပခဲ့ဖူးတဲ့ ရာသီဥတုပြောင်းလဲမှု ထိန်းသိမ်းရေး COP ညီလာခံတွေနဲ့စာရင် ဒီ COP28 ရဲ့ ပထမနေ့မှာပဲ ရန်ပုံငွေအတွက် ခုလို ဆုံးဖြတ်ချက်ချနိုင်တာဟာ ပထမဆုံးပဲဖြစ်ပြီး သမိုင်းဝင်တဲ့ ထူးခြားချက်ဖြစ်ကြောင်းလည်း သူကပြောပါတယ်။ တကယ်တော့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ဆောင်နိုင်ဖို့ အကူညီပေးကြပါလို့ ဆင်းရဲတဲ့ နိုင်ငံတွေက တောက်လျောက်တောင်းဆိုလာခဲ့ကြပြီး ခုတော့ ရန်ပုံငွေ လမ်းစပေါ်လာပြီဖြစ်ပါတယ်။ COP28 ညီလာခံမှာ ခုလိုချမှတ် ဆုံးဖြတ်လိုက်တဲ့ အရှိန်အဟုန်ကို အစိုးရတွေအနေနဲ့ အလေးထားပြီး ဆက်လက် သယ်ဆောင် အကောင်ထည်ဖေါ်သွားလို့ လိုတယ်လို့ ကုလသမဂ္ဂ ရာသီဥတုထိန်းသိမ်းရေးစာချုပ် ရဲ့ လုပ်ငန်းအဖွဲ့ အကြီးအကဲ Simon Stiell ကတိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG