သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နောင်နှစ်မှာ ထွက်ပေါ်လာနိုင်


ကွန်နက်တီကတ်ပြည်နယ် Meriden မြို့ရှိ ဓာတ်ခွဲခန်းတခုတွင် ဓာတ်ခွဲစမ်းသပ် သုတေသနလုပ်နေသူတဦး။ (မတ် ၁၂၊ ၂၀၂၀)
ကွန်နက်တီကတ်ပြည်နယ် Meriden မြို့ရှိ ဓာတ်ခွဲခန်းတခုတွင် ဓာတ်ခွဲစမ်းသပ် သုတေသနလုပ်နေသူတဦး။ (မတ် ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါအတွက် ကာကွယ်ဆေးထုတ်နိုင်ဖို့ ကြိုးစားနေတဲ့ ဂျာမနီက CureVac က လာမယ့် ဇွန်၊ ဇူလိုင်လောက်မှာ စမ်းသပ်ကာကွယ်ဆေး ထုတ်နိုင်ဖို့ မှန်းထားပြီး လူသားတွေနဲ့ စမ်းသပ်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။ အမေရိကန် ဇီဝနည်းပညာလုပ်ငန်း Moderna ကတော့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကာကွယ်ဆေး ထုတ်ထားပြီး လူသားတွေနဲ့ စမ်းသပ်နိုင်ဖို့ အာဏာပိုင်တို့ထံ ပို့ဆောင်ထားပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်နိုင်မယ့် အလားအလာ ဘယ်လောက်နီးစပ်လာနေပါပြီလဲ၊ Reuters သတင်းတပုဒ်ကို အခြေခံပြီး မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

ဂျာမနီက ဆေးထုတ်လုပ်ရေးကုမ္ပဏီ CureVac က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်နေပြီး အခုစမ်းသပ်နေတဲ့ Low-dose ဆေးပမာဏ နည်းနည်းပဲ အသုံးပြုရမယ့် နည်းလမ်းသာ အောင်မြင်ခဲ့မယ်ဆိုရင် သူတို့ရဲ့ လက်ရှိ စက်ရုံတွေကနေ ဆေးအလုံးအရင်းနဲ့ ထုတ်နိုင်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ကူးစက်ရောဂါ ကာကွယ်ဆေးတွေ သုတေသနလုပ်ငန်းတွေကို ရန်ပုံငွေ မတည်ပေးနေတဲ့ CEPI - ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်ဖော်ထုတ်မှုဆိုင်ရာ ညွန့်ပေါင်းအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်နိုင်ရေး ရန်ပုံငွေ မတည်ပေးထားတဲ့ အထဲမှာ ဂျာမနီက CureVac ဆေးကုမ္ပဏီလည်း တခုအပါအဝင်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက ဒေါ်လာ ၈ ဒသမ ၃ သန်း မတည်ပေးခဲ့တာပါ။ ပုဂ္ဂလိကပိုင် CureVac ဆေးကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဆေးပမာဏနည်းနည်း အသုံးပြုတဲ့ Low-dose ကာကွယ်ဆေး နည်းပညာနဲ့ စမ်းသပ်နေတာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ Tuebingen မြို့ အခြေစိုက် CureVac ကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကာကွယ်ဆေးကို ဇွန်လ ဒါမှမဟုတ်လည်း ဇူလိုင်လလောက်မှာ အဆင်သင့်ဖြစ်ဖို့ မျှော်လင့်ထားပြီး လူသားတွေနဲ့ စမ်းသပ်ဖို့အတွက် ဆေးဝါးဆိုင်ရာ ကြီးကြပ်သူတွေကို လွှဲပေးနိုင်ဖို့ ဖြစ်ပါတယ်။ CureVac ရဲ့ ထုတ်လုပ်ရေးမှူးနဲ့ ပူးတွဲတည်ထောင်သူ Florian von der Muelbe ကတော့ Reuters သတင်းအေဂျင်စီကို အခုလို ပြောပါတယ်။

“ခွေးရူးရောဂါ ကာကွယ်ဆေးတွေလိုမျိုး တခြား ကာကွယ်ဆေးတွေက အတွေ့အကြုံတွေကို ကျနော်တို့ စုဆောင်းနိုင်ခဲ့ပြီး ရလဒ်တွေက သိပ်ကောင်းတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့ ကာကွယ်ဆေးသစ်ကို စမ်းသပ်နေတာပါ။ ခြိမ်းခြောက်မှု အသစ်တွေကို မြန်မြန်တုံ့ပြန်နိုင်မယ့် လမ်းကြောင်းပေါ်မှာတော့ ကျနော်တို့ အခု ရောက်နေပါပြီ။ ဒီ RNA နည်းပညာက ဖြေရှင်းချက် မြန်မြန်ထုတ်နိုင်မယ့် သိပ်ကောင်းတဲ့ နည်းလမ်းလို့ ယုံကြည်ထားပါတယ်။”

တကြိမ်ထုတ်လုပ်မှုမှာ ကာကွယ်ဆေး အရေအတွက် ၁၀ သန်းနဲ့အထက် ထုတ်လုပ်နိုင်မယ်လို့လည်း သူက ပြောပါတယ်။ ဆေးတကြိမ် ထုတ်လုပ်ဖို့ကလည်း သီတင်းပတ် အတော်များများ အချိန်ယူရမှာ ဖြစ်ပါတယ်။ လူတဦးကို ကာကွယ်ဆေးပေးဖို့ တကြိမ်မက လိုအပ်နိုင်ပေမယ့်လည်း တကြိမ် ဆေးထုတ်လုပ်မှုကနေ လူပေါင်းသန်းနဲ့ချီပြီး ကာကွယ်ဆေးပေးနိုင်မှာ ဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။ CureVac ဆေးထုတ်လုပ်ရေးက messenger RNA လို့ခေါ်တဲ့ ဓာတ်ပေါင်းတွေကို အထူးပြုလုပ်သူ ဖြစ်ပါတယ်။ ဒီ mRNA ဓာတ်ပေါင်းက ကူးစက်ရောဂါ ဒါမှမဟုတ်လည်း ကင်ဆာရောဂါတွေမှာ လူသားရဲ့ ကိုယ်ခံစွမ်းအားကနေ တုံ့ပြန်ကုသပေးနိုင်မယ့် ပရိုတင်းတွေ လူသားရဲ့ ဆဲလ်တွေကနေ ထုတ်နိုင်ဖို့ နှိုးဆွပေးတဲ့ ဓာတ်ပေါင်း ဖြစ်ပါတယ်။

“နိုင်ငံရေးအရ အခိုင်အမာ ထောက်ပံ့မှုတွေကိုလည်း ကျနော်တို့ တွေ့ရပါတယ်။ နောက် ဒီကိစ္စအပေါ်မှာ ဘက်ပေါင်းစုံကနေ သိပ်ပြီး အလေးထား လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။ အထူးသဖြင့် ကျနော်တို့အတွက်တော့ နိုင်ငံတကာ ကာကွယ်ဆေး တီထွင်ဖော်ထုတ်မှု အဖွဲ့ကြီးကနေ ထောက်ပံ့မှု ရတာကြောင့်လည်း ဒီ စမ်းသပ်ဆေးဝါးကို မြန်မြန် စတင်နိုင်ခဲ့တာပါ။”

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်နိုင်ဖို့အတွက် CEPI ရဲ့ ရန်ပုံငွေရထားတဲ့ အမေရိကန် ဇီဝနည်းပညာလုပ်ငန်း Moderna နဲ့ ဂျာမနီက BioNTech တို့ကလည်း ကြိုးစားနေပါတယ်။

အမေရိကန် ဇီဝနည်းပညာလုပ်ငန်း Moderna ရဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် ပထမဆုံး ကာကွယ်ဆေးသစ် ဖြစ်လာနိုင်ခြေရှိတဲ့ ဆေးကို လူသားတွေနဲ့ စမ်းသပ်ဖို့ ရှိနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဗီဇဆဲလ်ဖွဲ့စည်းပုံ အသေးစိတ်ကို တရုတ် သိပ္ပံပညာရှင်တွေ ထုတ်ပြန်လိုက်ပြီး သီတင်း ၆ ပတ် ကာလအတွင်းမှာပဲ အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna က သူ့ရဲ့ ကာကွယ်ဆေးသစ်ကို စမ်းသပ်ဖို့အတွက် ဓာတ်မတည့်မှုနဲ့ ကူးစက်မြန် ရောဂါများဆိုင်ရာ အမေရိကန် အမျိုးသားကျန်းမာရေး အင်စတီကျုကို ပို့ဆောင်ထားပါပြီ။ ဒါဟာဆိုရင် ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှုမှာ စံချိန်ချိုးတဲ့ အမြန်နှုန်းလည်း ဖြစ်ပါတယ်။ အမေရိကန် ကျန်းမာရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထွက်လာဖို့ ၁၈ လလောက် အချိန်ယူရမယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------------

(Unicode)










XS
SM
MD
LG