သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလားအလာ


(Zawgyi/Unicode)

ကမ္ဘာတလွှား ပျံ့နှံ့ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကြိုးစားနေကြပြီး လက်ရှိ အချိန်ထိ စမ်းသပ်နေတဲ့ ကာကွယ်ဆေး အမျိုး ၂၀ လောက် ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောဆိုထားပါတယ်။ အမေရိကန် ဇီဝနည်းပညာ ကုမ္ပဏီ MOderna ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူသားတွေနဲ့ စမ်းသပ်ဖို့ ပြင်ဆင်နေပါတယ်။ ဗွီအိုအေ သတင်းထောက် Steve Baragona ရဲ့ သတင်းဆောင်းပါးကို တင်ပြပေးချင်ပါတယ်။

ကာကွယ်ဆေးထုတ်လုပ်မှု ဖြစ်စဉ်
ကာကွယ်ဆေးထုတ်လုပ်မှု ဖြစ်စဉ်

ကိုရိုနာဗိုင်းရပ်စ် အတွက် ပထမဆုံး ကာကွယ်ဆေးသစ် ဖြစ်လာနိုင်ခြေရှိတဲ့ ဆေးကို လူသားတွေနဲ့ စမ်းသပ်ဖို့ ရှိနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် အဆက်အစပ်တွေကို တရုတ် သိပ္ပံပညာရှင်တွေ ထုတ်ပြန် လိုက်ပြီး သီတင်း ၆ ပတ် ကာလ အတွင်းမှာဘဲ အမေရိကန် ဇီဝနည်းပညာ ကုမ္ပဏီ Moderna က သူ့ရဲ့ ကာကွယ်ဆေးသစ်ကို စမ်းသပ်ဖို့ အတွက် ဓာတ်မတည့်မှုနဲ့ ကူးစက်မြန် ရောဂါများဆိုင်ရာ အမေရိကန် အမျိုးသား ကျန်းမာရေး အင်စတီကျူကို ပို့ဆောင်ထားပါပြီ။ ဒါဟာဆိုရင် ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှုမှာ စံချိန်ချိုးတဲ့ အမြန်နှုန်းလည်း ဖြစ်ပါတယ်။ တခြား ကုမ္ပဏီတွေ ကလည်း ကာကွယ်ဆေးကို စမ်းသပ်နိုင်တဲ့ အဆင့်ရောက်ဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမယ့်လည်း ဘေးကင်းပြီး ထိရောက်မှုရှိတဲ့ ကာကွယ်ဆေး ဖြစ်ဖို့ စမ်းသပ်ရတဲ့ အချိန်က ၁၂ လကနေ ၁၈ လ အထိ၊ ဒါမှမဟုတ်လည်း ဒီထက် ကြာမြင့်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

“အခုအချိန်ထိတော့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး အနေနဲ့ သုံးသပ် အတည်ပြုပေးဖို့ လျှောက်ထားတဲ့ ရောဂါ ဖော်ထုတ် စမ်းသပ်မှု ၄၀ ရှိပြီး ကာကွယ်ဆေး အမျိုး ၂၀ ကိုလည်း စမ်းသပ်နေပါတယ်။ နောက် ကုသရေးပိုင်းမှာလည်း စမ်းသပ်နေတာတွေ အများအပြား ရှိပါတယ်။”

ကုမ္ပဏီ သက်တမ်း ၁၀ နှစ်ရှိပြီ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု မန်ဆာချူးဆက် အခြေစိုက် ဇီ၀ နည်းပညာ ကုမ္ပဏီ Moderna အနေနဲ့ ကာကွယ်ဆေး ထုတ်ခဲ့ဖူးတာတော့ မရှိပါဘူး။ ဒါပေမယ့် အခု စမ်းသပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးက အောင်မြင်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာတလွှွားက ဝယ်လိုအား သန်းပေါင်း ရာနဲ့ချီ၊ ဒါမှမဟုတ်လည်း သန်းပေါင်း ထောင်နဲ့ချီ ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။ Moderna အနေနဲ့ ထုတ်လုပ်နိုင်စွမ်း နဲ့ ပတ်သက်လို့တော့ မေးမြန်းချက်ကိုတော့ တုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။

Moderna ကုမ္ပဏီနဲ့ အလားတူဘဲ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ထုတ်နိုင်ဖို့ ကြိုးစား နေကြပါတယ်။ အမေရိကန် အခြေစိုက် Inovio နဲ့ ဂျာမနီ အခြေစိုက် CureVac တို့ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထွက်ပေါ်လာရင် ဈေးသက်သာပြီး ဈေးနှုန်းကို ထိန်းချုပ်ထားနိုင် မလားဆိုတာကလည်း အမေရိကန် လွှတ်တော်တွင်း ဆွေးနွေးနေကြတဲ့ ကိစ္စတရပ် ဖြစ်ပါတယ်။

အမေရိကန် ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဆိုင်ရာ ဝန်ကြီး Alex Azar ကတော့ ဆေးကို ဈေးသက်သာအောင် လုပ်လိုပေမယ့် ပုဂ္ဂလိကပိုင်း ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတာကြောင့် ဈေးနှုန်းကိုတော့ မထိန်းနိုင်ဘူးလို့ လွှတ်တော်ကို ပြောဆိုခဲ့ပါတယ်။ ထိပ်တန်း ဦးစားပေး ကိစ္စက ကာကွယ်ဆေးနဲ့ ကုထုံးတွေ ပေါ်လာဖို့ ဖြစ်တယ်လို့လည်း ဝန်ကြီး Azar က ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာန US CDC ရဲ့ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာ Tom Frieden ကတော့ ကုထုံးတရပ် ပေါ်လာရေးကို ပိုပြီး မျှော်လင့်ကြောင်း ပြောပါတယ်။

“လာမယ့် တနှစ်၊ တနှစ်ခွဲ အတွင်းမှာ ထိရောက်တဲ့ ကာကွယ်ဆေးထက် လာမယ့် လပိုင်းတွေ အတွင်းမှာ ကုထုံး တခု ပေါ်လာနိုင်တယ်လို့ ကျနော် ပိုပြီး မျှော်လင့်ပါတယ်။ ကုသမှုဟာဆိုရင် အသက်ဆုံးရှုံးမှုကို လျှော့ချနိုင်မှာ ဖြစ်တာကြောင့် အပြောင်းအလဲ တခုဖြစ်လာ နိုင်ပါတယ်။ ဒါ့အပြင် အထူးကြပ်မတ် ကုသရေး ဌာနတွေရဲ့ ဝန်ထုပ်ဝန်ပိုးလည်း လျော့သွားစေမှာ ဖြစ်သလိုဘဲ ရောဂါရှိသူနဲ့ ထိတွေ့ဖူးသူတွေကို ကြိုတင် ကုသပေးနိုင်တာမျိုးလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့် ထိရောက်မယ့် ကုသမှု ရှိနိုင်ငမလားဆိုတာကို လေ့လာ ဖော်ထုတ်ဖို့က သိပ်ကို အရေးကြီး ပါတယ်။ ကာကွယ်ဆေးကတော့ အမြန်ဆုံး တနှစ်၊ တနှစ်ခွဲလောက် အချိန်ယူရမှာ ဖြစ်ပြီး အောင်မြင်ဖို့ကလည်း မသေချာပါဘူး။”

တိုက်ရိုက် လင့်ခ်


..........................


(Unicode)









XS
SM
MD
LG