သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသွားအလာကန့်သတ်မှု ပြည်သူပူးပေါင်းဖို့ လို


ဗိုင်းရပ်စ်ပိုးအန္တရာယ် ကာကွယ်ဖို့ နှာခေါင်းစည်းတပ်ထားတဲ့ လူငယ်တချို့ (သတင်းဓာတ်ပုံ - မတ် ၁၈၊ ၂၀၂၀)
ဗိုင်းရပ်စ်ပိုးအန္တရာယ် ကာကွယ်ဖို့ နှာခေါင်းစည်းတပ်ထားတဲ့ လူငယ်တချို့ (သတင်းဓာတ်ပုံ - မတ် ၁၈၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်နေချိန်မှာ လိုအပ်ချက်အရ ၁၄ ရက်တာ အသွားအလာ ကန့်သတ်တဲ့ Quarantine လုပ်ဆောင်မှုမျိုးကို မလိုက်နာဘဲ ဖောက်ဖျက်ခဲ့ရင် ကူးစက်ဥပဒေအရ အရေးယူလို့ရကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီရောဂါကို ကြိုတင်ကာကွယ်နိုင်ရေးမှာ အဓိကကျတဲ့ Quarantine လုပ်ဆောင်မှုမျိုးကို ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကပြောပြသွားမှာပါ။

COVID-19 ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရာမှာ ဒီရောဂါဖြစ်ပွားရာဒေသက ပြန်လာသူတွေကို ၁၄ ရက်တာ အသွားအလာကန့်သတ်ထားတဲ့ Home Quarantine လုပ်ဆောင်တာကို ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပြီး အတိအကျလိုက်နာပေးဖို့ကို ကျန်းမာရေးဌာန တာဝန်ရှိသူကပြောပါတယ်။ Quarantine လုပ်ဆောင်ဖို့ကို ဖောက်ဖျက်ရင် ကူးစက်ဥပဒေအရ အရေးယူခံရမယ်လို့လည်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အခုလိုပြောပါတယ်။

“ဒီကူးစက်ဥပဒေအရ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်၊ Quarantine လုပ်ရမှာကို မလုပ်ဘူး၊ ဖောက်ဖျက်တယ်ဆိုလို့ရှိရင် ဒဏ်ငွေ ငါးသောင်း သို့မဟုတ် ထောင်ဒဏ် ခြောက်လ သို့မဟုတ် နှစ်ရပ်လုံးချမှတ်နိုင်တယ်။ Quarantine လုပ်တယ်ဆိုတာ တခြားသူရဲ့ အကျိုးအတွက်မဟုတ်ဘူး။ မိမိကိုယ်တိုင်အကျိုး၊ မိမိကနေ တဆင့် မိသားစုဝင်တွေ မကူးစက်စေဖို့၊ ကိုယ့်ရဲ့နေထိုင်ရာ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ပြည်သူပြည်သားတွေ ကိုယ့်နိုင်ငံသားတွေ မကူးစက်စေဖို့ ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့် ဒါကိုတိတိကျကျ လိုက်နာဖို့အတွက် ပြောလိုပါတယ်။”

ထိုင်းနဲ့ မလေးရှားကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို သူတို့ရဲ့ နေအိမ်တွေမှာ ၁၄ ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှု Home Quarantine ပြုလုပ်သွားမယ်လို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီလို ကိုယ့်ရဲ့နေအိမ်မှာ သီးသန့်နေထိုင်ရမယ့်သူတွေအနေနဲ့ တခြားသူတွေနဲ့ အနီးကပ်နေထိုင်တာမျိုး မပြုလုပ်ဖို့အပါအဝင် ကျန်းမာရေးအခြေအနေကိုလည်း ကျန်းမာရေးဌာနကို ပုံမှန်သတင်းပေးပို့ရမှာဖြစ်ပြီး စောင့်ကြည့်ကာလ ၁၄ ရက်အတွင်းမှာ လူစုလူဝေးရှိတဲ့နေရာတွေကို မသွားရောက်ဖို့ကိုလည်း သတိပေးထားပါတယ်။

လိုက်နာရမယ့် အသေးစိတ်အချက်အလက်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဒီအချက်တွေအတိုင်း အတိအကျလိုက်နာပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အခုနေရပ်ပြန်လာသူတွေကို လိုအပ်တဲ့ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေပြီး ဆောင်ရွက်ပေးရမယ့်အခြေအနေတွေကို ခွဲခြားထားတဲ့အကြောင်းကိုလည်း ဒေါက်တာခင်ခင်ကြီးက ရှင်းပြပါတယ်။

“အဖျားရှိတယ်၊ ချောင်းဆိုးတယ်၊ မောပန်းတယ်။ ဒီလိုလက္ခဏာတွေ ရှိတဲ့လူကတော့ သံသယလူနာ Definition နဲ့ ကိုက်ညီရင် သံသယလူနာ၊ ဒါမှမဟုတ်လည်း စောင့်ကြည့်လူနာပေါ့နော်။ ဒီလို Definition နဲ့ မကိုက်ညီတဲ့ ကျန်းမာတဲ့သူတွေဆိုရင်တော့ Home Quarantine လုပ်မယ်။ Home Quarantine လုပ်တယ်ဆိုတာကလည်း အိမ်မှာပဲ ၁၄ရက်နေကြဆိုပြီး ဒီလိုပေါ့ပေါ့လေးပြောတဲ့ Home Quarantine မျိုးမဟုတ်ဘူး။”

မြန်မာနိုင်ငံထဲ ပြန်ဝင်လာသူတွေကို ရောဂါစောင့်ကြပ်စစ်ဆေးရာမှာ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးတွဲဆောင်ရွက်နေကြောင်းလည်း အခုလိုဆက်ပြောပါတယ်။

“သူတို့ဝင်လာကတည်းကိုက သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ သူတို့သွားမယ့်နေရာကို အစုလိုက်လွှတ်မှာ။ သူတို့ဟာသူတို့ သွားချင်သလိုသွား နေချင်သလိုနေ လုပ်လို့မရဘူး။ ဒါဆိုလို့ရှိရင် Contact တွေနည်းသွားမယ်။ ပြီးရင် သူတို့နဲ့သက်ဆိုင်တဲ့ နေရပ်တွေကိုပြန်ရောက်ပြီဆိုရင် သူတို့တွေကို သေချာစနစ်တကျ စာရင်းယူထားမယ်။ သူတို့နေအိမ်မှာ ၁၄ရက်စောင့်ကြည့်တာကို ဆောင်ရွက်မယ်။”

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ ဒီ COVID-19 ဟာ နိုင်ငံပေါင်း ၁၉၂ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့စာရင်းတွေအရ လူပေါင်း ၃၄၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ စုစုပေါင်း သေဆုံးသူကတော့ ၁၅,၀၀၀ ကျော်အထိ ရှိသွားပါပြီ။

မြန်မာနိုင်ငံတွင်းမှာတော့ ကိုရိုနာရောဂါစောင့်ကြည့်နဲ့ သံသယလူနာ ၂၀၆ ဦးရှိခဲ့ပြီး မနေ့က ညထုတ်ပြန်ချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးပါဘူး။ ဒါပေမယ့် အချိန်မရွေး အစုလိုက်အပြုံလိုက် ကူးစက်လာနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ ဒီရောဂါကို ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူတွေက ညွှန်ကြားထားတဲ့အချက်တွေကို ပါဝင်လိုက်နာကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။

လူထူထပ်တဲ့နေရာကိုမသွားဖို့၊ လက်နဲ့ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ကိုမထိဖို့၊ ချောင်းဆိုးနှာချေရင် အုပ်စိုးဖို့အပါအဝင်၊ လက်ကိုဆပ်ပြာနဲ့ စနစ်တကျသေချာဆေးကြောပေးဖို့နဲ့ ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့ကို ပြောထားပါတယ်။ အဲဒါအပြင် ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေတဲ့ သတင်းအမှားတွေကို မယုံကြဖို့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG