သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Covid-19 ကာလ အလုပ်ဆင်းနေရတဲ့ အမေရိကန်က မြန်မာတချို့ရဲ့ စိုးရိမ်မှု


နယူးယောက် အလုပ်သမားရေးရာဌာနသို့ လာရောက်မေးမြန်းနေသူများ။ (မတ် ၁၈၊ ၂၀၂၀)
နယူးယောက် အလုပ်သမားရေးရာဌာနသို့ လာရောက်မေးမြန်းနေသူများ။ (မတ် ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အမေရိကန် ပြည်ထောင်စုအတွင်း ပြည်နယ်အတော်များများမှာ စက်ရုံအလုပ်ရုံတွေ ရပ်နားထားလိုက်ပြီဆိုပေမယ့် မြန်မာလူမျိုး အများစုရှိရာ Indiana ပြည်နယ်၊ Fort Wayne မြို့က စက်ရုံတချို့မှာတော့ ရောဂါကူးစက်ခံရမှာ စိုးရိမ်နေတဲ့ကြားကပဲ အလုပ်ဆက်ဆင်းနေရတယ်လို့ မြန်မာလုပ်သားတွေက ဗွီအိုအေကို ပြောပြကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း California၊ New York၊ Connecticut၊ Illinois ပြည်နယ်တွေနဲ့ အခုဆိုရင် New Jersey ပြည်နယ်မှာပါ မလိုအပ်ဘဲ လူတွေ အိမ်ပြင်မထွက်ကြဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အမိန့်ထုတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာပြည်ဖွားတွေ အများစုရှိရာ Indiana ပြည်နယ်၊ Fort Wayne မြို့မှာတော့ စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ အားလုံး ပိတ်သွားပြီဆိုပေမယ့် စက်ရုံတချို့ကတော့ မပိတ်သေးဘဲ အလုပ်ဆက်ဆင်းနေရတာကြောင့် လူအများကြီးနဲ့ အတူအလုပ်လုပ်နေရတဲ့ အခြေအနေမှာ ရောဂါကူးစက်မှာကို စိုးရိမ်နေမိတယ်လို့ ကားအပိုပစ္စည်းထုတ်တဲ့ Nishigawa စက်ရုံမှာ လုပ်နေသူ ဒေါ်မာမာဦးက ပြောပါတယ်။

“အဲဒါကတော့ ကျမမှမဟုတ်ဘူး၊ အခု အလုပ်လုပ်နေတဲ့လူ အားလုံးက စိုးရိမ်မှုတော့ ရှိကြတယ်။ ကူးစက်မြန်တဲ့ရောဂါကြတော့ လူတွေက ကြောက်ကြတယ်လေ။ အိမ်မှာပဲနေကြရင် ပိုပြီးတော့ Safe ဖြစ်တာပေါ့။ လူတွေရဲ့စိတ်မှာ အဲဒီလိုဖြစ်နေတယ်။ အလုပ်သာ လုပ်နေကြတယ်၊ စိုးရိမ်မှုတော့ ဖြစ်နေကြတယ်။ ဒါပေမယ့် အလုပ်တော့ မလုပ်လို့လည်း မရဘူးလေ။ သူတို့က အလုပ်မပိတ်ဘူးဆိုတော့ လုပ်ရမှာပေါ့။ အခုတော့ စက်ရုံမှာ မနေ့ကပဲ စာထုတ်တယ်။ ကျမတို့ ပစ္စည်း မပြည့်သေးဘူး။ ၃ ရက်စာ ပစ္စည်း လိုသေးတယ်။ ဒီ ၃ ရက်စာ သူတို့လိုချင်တဲ့ပစ္စည်း ပြည့်သွားရင် အလုပ်ဘယ်နှစ်ရက် ပိတ်မယ် ဆိုတာတော့ မသိသေးဘူး၊ ပိတ်ပေးမယ်။ အဲဒီကြမှ သူတို့ ပြန်ထုတ်ပြန်မယ်။ အခုလောလောဆယ် လက်တွေဘာတွေ သန့်အောင်လုပ်ဖို့တော့ သူတို့ပြောတယ်။ အကယ်၍ တခုခုဖြစ်လာမယ်၊ ဖျားတယ်ဆိုရင် အလုပ်မလာဖို့တော့ သူတို့ ပြောတယ်။”

စက်ရုံ အလုပ်ရုံတွေ ယာယီရပ်နားလိုက်တာကြောင့် အမေရိကန်နိုင်ငံတဝှမ်းမှာ အလုပ်လက်မဲ့ဦးရေ တဟုန်ထိုး တိုးလာနေပြီး အလုပ်လက်မဲ့ ခံစားခွင့်ငွေကြေး လျှောက်ထားသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ၂ သိန်း ၈ သောင်းကျော်အထိ ရှိလာခဲ့တယ်လို့ အလုပ်သမားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ဒီလိုသာ အလုပ်လက်မဲ့ကာလ ရေရှည်ဖြစ်နေမယ်ဆိုရင် လုယက်မှုအပါအဝင် ရာဇဝတ်မှုတွေ များလာမှာကို မြန်မာလူမျိုးတွေ စိုးရိမ်နေကြတယ်လို့ Fort Wayne မြို့မှာနေတဲ့ ခရီးသည်ကြိုပို့လုပ်ငန်းပိုင်ရှင် ဦးကျော်သက်က ပြောပါတယ်။

“Fort Wayne မှာလည်း အခု Positive ဖြစ်နေတဲ့လူ သုံးလေးယောက် တွေ့ပြီဆိုတာ ပြောတယ်။ အဲလိုမျိုး ဖြစ်လာတဲ့အခါကြတော့ လူတွေ တော်တော်များများက အပြင်မထွက်ကြတော့ဘူးပေါ့။ အဓိကတော့ ဆိုင်တွေဘာတွေလည်း သိပ်မသွားချင်ကြတော့ဘူး။ ဘာကြောင့်လဲဆိုတော့ Asian တွေဆို ပိုဆိုးတာပေါ့။ မျက်လုံးတွေက အမုန်းမျက်လုံးတွေ ကြည့်လာတယ်၊ နောက်တခါ ပိုဆိုးတာက ဒီရောဂါက Asia က လာတယ်၊ တရုတ်ကလာတယ်ဆိုတော့ အမေရိကန် တော်တော်များများရဲ့ မျက်လုံးထဲမှာ Asian တွေကို သိပ်ပြီးတော့ မကြိုက်တဲ့ပုံစံ ရှိလာတယ်။ တခါ အလုပ်တွေက မရှိကြတော့ဘူးဆိုရင် လုတာယက်တာတွေ ဖြစ်လာနိုင်တယ်။”

ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကြောင့် အမေရိကန်ပြည်ထောင်စုမှာ ဒီမတ်လကုန်အထိ ကာလအတွင်း အလုပ်သမား ၁ သန်းကျော် အလုပ်လက်လွှတ် ဆုံးရှုံးရမယ့် အခြေအနေကို ရင်ဆိုင်ရလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေကလည်း တွက်ဆထားပါတယ်။

အဓိကအားဖြင့် စားသောက်ဆိုင်တွေ၊ ဘားဆိုင်တွေ၊ ဟိုတယ်နဲ့ ဟိုတယ်က စားသောက်ဆိုင်တွေမှာ လုပ်နေကြတဲ့ နာရီစား နေ့စား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်မယ့် အခြေအနေ ရှိလာနိုင်တယ်လို့ သတိပေးနေတာပါ။ အမေရိကန်အစိုးရကလည်း အလုပ်လက်မဲ့ခံစားခွင့် ငွေကြေးထောက်ပံ့တယ် ဆိုပေမယ့် ယာယီ ကာလတခုအထိသာဖြစ်ပြီး ရရှိမယ့် ငွေပမာဏကလည်း ပုံမှန်ရနေကျ လစာဝင်ငွေထက် သိသိသာသာ လျော့နည်းမှာ ဖြစ်တာကြောင့် မိသားစုရှိတဲ့ သူတွေကြားမှာ စိုးရိမ်မှု တိုးပွားနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------------

(Unicode)










XS
SM
MD
LG