သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကာလ မြန်မာမသန်စွမ်းသူတွေအတွက် အကူအညီလို


မြန်မာနိုင်ငံက မသန်စွမ်းသူတချို့ (ဧပြီ ၁၅၊ ၂၀၁၃)
မြန်မာနိုင်ငံက မသန်စွမ်းသူတချို့ (ဧပြီ ၁၅၊ ၂၀၁၃)

(Zawgyi/Unicode)

ကူးစက်ပျံ့နှံ့လွယ်တဲ့ COVID-19 ကပ်ရောဂါကြုံရချိန် မြန်မာနိုင်ငံမှာ မသန်စွမ်း သူတွေအနေနဲ့ သတင်းအချက်အလက်ရဖို့ ခက်ခဲနေတာ၊ မသန်စွမ်းသူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုပေးနိုင်ဖို့ အားနည်းနေတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခ တင်ပြထားပါတယ်။

အစိုးရ စီမံဆောင်ရွက်နေတဲ့ COVID-19 ရောဂါ ခုခံကာကွယ်ရေးပိုင်းမှာ သတင်းအချက်အလက် ဖြန့်ဝေမှု အားနည်မှုတွေ၊ ဒီရောဂါနဲ့ပတ်သတ်တဲ့ ကျန်းမာရေးဗဟုသုတတွေ အပြင်ရောဂါနဲ့ ကြုံလာရင်ကူညီဆောင်ရွက်ပေးနိုင်မယ့် ပစ္စည်းတွေ စတဲ့ မသန်စွမ်းသူတွေ အတွက် ဒီရောဂါကို ကာကွယ်ပေးဖို့ အစိုးရဘက်က အားနည်းနေတယ်လို့ မသန်စွမ်းသူများ ဘဝမြှင့်တင်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးဇော်လင်းထွန်းကပြောပါတယ်။

"ဘယ်လို အခက်အခဲတွေ ရှိနေလဲဆိုရင် ကျနော်တို့ သတင်းအချက်အလက် အပြည့် အဝေမရဘူးဆိုတာပြောလို့ရတယ်။ နယ်က လူတွေဆို သူတို့ သတင်းအချက်အလက်တွေ မရဘူး။ သိတော့သိနေပေမဲ့ နားမလည်ဘူး။ ဘယ်လောက်အရေးကြီးလဲဆိုတာ သူတို့မသိတော့ ပြောတော့ပြောတယ်။ အနားပတ်ဝန်းကျင်မှာ ဘာမှ မတွေ့တော့ စိုးရိမ်မှု လျော့နေတယ်။ နောက် ဉာဏ်ရည်မမှီတဲ့ကလေးတွေဆို သူတို့မိဘတွေ Quarantine ထိရင် သူ့ကိုဘယ်သူ ကူညီစောင့်ရှောက်မလဲ ဘာမှမသိရဘူး။ အဲလိုလေးတွေပေါ့။"

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများနဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်တို့ အနီးကပ် ပူးပေါင်းအကောင်အ ထည်ဖော် ဆောင်ရွက်ပေးဖို့ မသန်စွမ်းသူတွေက လိုလားကြပါတယ်။ သတင်းအချက်အလက်ပိုင်းနဲ့ အသိပညာဖြန့်ဝေမှု အားနည်းတာ၊ လူတိုင်းကျန်းမာရေး စောင့်ရှောက်မှု ရပိုင်ခွင့်ရဖို့ အားနည်းတာနဲ့ ထောက်ပံ့မှုပိုင်းမှာလည်း အားနည်းနေတာကြောင့် အစိုးရအနေနဲ့ တပြေးညီ ထည့်သွင်းစဉ်းစားဖို့ ဦးဇော်လင်းထွန်းက ပြောပါတယ်။

"မသန်စွမ်းသူတွေမှာ အလုပ်တွေ မရှိကြဘူး။ မျက်မမြင်အနှိပ်ဆို လုံးဝရပ်သွားပြီ။ ဒီလူတွေ ဘယ်လို အဆင်ပြေမလဲ။ တကယ်တမ်း ဆန်တွေ စီမံခန့်ခွဲသူတွေက သူတို့ အဆင်ပြေသလိုပဲ လုပ်ကြတယ်။ မသန်စွမ်းသူတွေ၊ သက်ကြီးရွယ်အိုတွေကို ဦးစားပေးစာရင်းထဲမထည့်ဘူး။ အဲလိုတွေ တွေ့နေရတော့ နိုင်ငံတော်ကို ပြောချင်တာက လက်ရှိ လုပ်ငန်း အစီအစဉ် လုပ်ဆောင်မှုတွေမှာ မသန်စွမ်းတွေကို မချန်ခဲ့ဖို့ မေ့မထားဖို့ ပြောချင်ပါတယ်။"

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို အွန်လိုင်းနဲ့ ရုပ်သံမီဒီယာတွေမှာ ဖော်ပြရင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေရာမှာ အွန်လိုင်းနဲ့ ရုပ်သံမီဒီယာတွေ အပါအဝင် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေက ရောဂါဆိုင်ရာ သတင်းတွေကို အရေးတကြီး ထည့်သွင်းဖော်ပြထုတ်လွှင့်နေပေမယ့် နိုင်ငံအတွင်း ၆၀၀,၀၀၀ ကျော် ရှိတဲ့ နားမကြား လူမှုအသိုင်းအဝိုင်းအတွက် သတင်းအချက်အလက်တွေ လက်လှမ်းမှီ ရယူနိုင်ဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။

မသန်စွမ်းသူတွေကို ဘဝမြင့်တင်နိုင်ဖို့ ကူညီဆောင်ရွက်နေတဲ့ စောသက်အောင်ကတော့ မသန်စွမ်းသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဘယ်လိုပေးမလဲဆိုတာ တိတိကျကျ စီစဉ်ပေးထားစေချင်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ Quarantine ထဲနေမယ်ဆိုရင် ဘယ်လိုနေရမယ်ဆိုတာမျိူးတော့ ကျနော်တို့ဆီမှာ မရှိဘူး။ နောက်ပြီး ကုသမှု လုပ်ရင် ဘယ်လိုလုပ်မှာလဲ။ အသိပညာပေးတာသိပ် မရှိဘူး။ ကျနော်တို့က အစိုးရ ထုတ်ပြန်ချက်ကြေငြာတာတွေကို Social Distancing တွေ ထုတ်ပြီးသားတွေကို မသန်စွမ်းတွေကပဲ နားမကြားတဲ့သူတွေဆို သူတို့က သူတို့နားမကြားသူတွေအတွက် ပြန်ဘာသာပြန်တာတွေ လုပ်ပေးနေပါတယ်။ မသန်စွမ်းတွေပဲ သူတို့ လူတွေအတွက် သတင်းအချက်ကို ကျနော်တို့ မသန်စွမ်းတွေကပဲ ပြန်လုပ်ပေးနေရပါတယ်။ အခု COVID-19 ကြောင့်ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာတွေအတွက် လိုအပ်ချက်ဆိုတာရှိတယ်။ မသန်စွမ်းသူတွေ ဖြစ်လို့ လိုအပ်ချက်ရှိတယ်။ ဒါလေးကိုသေချာလေးသိနားလည်ထားရင် ပိုအဆင်ပြေမယ်။"

မြန်မာနိုင်ငံမှာ မသန်စွမ်းသူများမှာ နိုင်ငံလူဦးရေ၏ ၄.၆ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ကိုယ်ကာယ၊ အမြင်၊ အကြားနဲ့ ဉာဏ်ရည်မသန်စွမ်းသူဟူ၍ လေးမျိုးရှိတာ ဖြစ်ပါတယ်။၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ၂.၃ သန်းရှိပြီး လူဦးရေ စုစုပေါင်းရဲ့၄.၆ ရာခိုင်နှုန်း ရှိပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းကတော့ မသန်စွမ်းတွေနဲ့ ပတ်သတ်လို့ စီစဉ်ဆောင်ရွက်ထားတဲ့ အကြောင်း အခုလိုပြောပါတယ်။

"Quarantine ဖြစ်တယ်ဆိုရင် ကူညီမယ့် စက်ပစည်း၊ လူစတာတွေ လိုအပ်တယ်။ ဒါ့အပြင် ဗဟုသုတပိုင်းသူတို့ နည်းအမျိုးမျိုးနဲ့ လက်ခံလို့ရအောင် လုပ်ဆောင်ပေးနေပါတယ်။ Quarantine လုပ်ရင် ပရဟိတအဖွဲ့တွေ၊ လူငယ်အဖွဲ့တွေကိုလည်း ပြောထားပါတယ်။ သူတို့ကူညီဆောင်ရွက်ပေးတဲ့ အထဲ မသန်စွမ်းရှိလာနိုင်လို့ ကြိုတင်ပြင်ဆင်တာတွေ တိုက်တွန်းနှိုးဆော်တာတွေ လုပ်ထားပါတယ်။"

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ နောက်ထပ် ၂ ဦး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္ဂနွေ သန်းခေါင်ကျော် တနလာၤနေ့ မနက်အစောပိုင်းမှာ ကြေညာလိုက်တာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၄၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG