သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 စမ်းသပ်ပစ္စည်း ၅ သောင်း မြန်မာကို ကုလထပ်ပေးမည်


စမ်းသပ်ပစ္စည်း (TEST KITS) များ
စမ်းသပ်ပစ္စည်း (TEST KITS) များ

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ ရှာဖွေနိုင်ငံမယ့် ရောဂါစမ်းသပ်ပစ္စည်း နောက်ထပ် အစုံ ၅၀,၀၀၀ ကို ကုလသမဂ္ဂကနေ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီသွားဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ပတ်သက်လို့ တင်ဆက်ပါမယ်။ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကနေ COVID-19 ရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ရောဂါပိုး မြန်မြန်စစ်ဆေးအတည်ပြုနိုင်ရင် ကုသမှုပိုင်းကို ပိုထိရောက်အောင် ဆောင်ရွက်နိုင်တယ်လို့ တိုက်တွန်းထားတာမို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးအနေနဲ့ COVID-19 ရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးနိုင်မယ့် စမ်းသပ်ပစ္စည်း (TEST KITS) အစုံ ၅၀,၀၀၀ ကူညီသွားဖို့ကို ဆောင်ရွက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ကုလသမဂ္ဂရုံး ပြန်ကြားရေးတာဝန်ခံဦးအေးဝင်းက ပြောပါတယ်။

"အခုကတော့ ဒီဟာတွေကို ထပ်ပြီး ပို့ဖို့လုပ်တုန်း ရှိပါသေးတယ်။ ဒါပေမဲ့ အရင်တုန်းက စစချင်း TEST KITS တွေ အင်မတန် လိုနေတဲ့ အချိန်မှာ ၃,၀၀၀ လောက် အရင်ဆုံး လှူထားတာရှိပါတယ်။ အရင်ဆုံး ပေးပို့ထားတာရှိပါတယ်။ စဖြစ်ထဲကလည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ WHO ကလည်း အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ ရှိတယ်လေ။"

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ COVID-19 ရောဂါထိန်းချုပ်ရေးအတွက် တခြား နိုင်ငံတကာဘက်က ကူညီမှုတွေ ရှိပါသေးတယ်။ အမေရိကန် အစိုးရဘက်က ဒီရောဂါတားဆီးဖို့ မြန်မာနိုင်ငံ အတွက် ဒေါ်လာ ၁.၈ သန်း ထပ်မံကူညီပေးမယ်လို့ မတ်လ ၁၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ လတ်တလောမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို နိုင်ငံတကာဘက်က ကူညီနေမှုပိုင်းနဲ့ ပတ်သတ်လို့ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က အခုလို ပြောပြလာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နှင့် အခြားရောဂါများ ကွာခြားပုံ
ကိုရိုနာဗိုင်းရပ်စ်နှင့် အခြားရောဂါများ ကွာခြားပုံ

"WHO ကတော့ ပထမဆုံးပါ။ နောက်တခုက ဒီဓါတ်ခွဲပစ္စည်းတွေနဲ့ ပတ်သတ်လို့ ကျနော်တို့ကို ပေးတာ စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံပါ၊ ပြီးရင် ဂျပန်နိုင်ငံပါခင်ဗျ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကတော့ ဓာတ်ခွဲတင်မကဘူး ဒီနေ့ဆိုရင် တရုတ်သံရုံးမှာ Protective material တွေ ကျနော်တို့ လက်ခံပါတယ်။ ဒါတွေလည်းသူတို့ ထောက်ပံ့တာဆိုတဲ့အနေအထားလေးတွေ ကျနော်ပြောချင်တာပါ။ နောက်တခုက Global fund ကနေပြီးတော့ လက်ရှိအနေအထားမှာ ဒေါ်လာ ၄,၀၀၀,၀၀၀ ဖြစ်ပါတယ်ခင်ဗျ။ နောက် Gavi လို့ခေါ်တဲ့ Vaccine Alliance ကလည်း အဲ့ဒီ Gavi Alliance က ဒေါ်လာ ၇,၀၀၀,၀၀၀ ဖြစ်ပါတယ်ခင်ဗျ။ နောက် ADB အဖွဲ့အစည်းက ဒါ ဘဏ်ကပေါ့နော်။ နောက်တချက်ကဘာလည်းဆိုရင် နိုင်ငံ ခုနစ်နိုင်ငံက ပါပါတယ်။ အဲ့ဒီကနေ ပူးပေါင်းပြီးတော့ Access to Help Fund လို့ နာမည်ပြောင်းပြီးတော့ ကျနော်တို့ကို အကူအညီပေးနေတာ ရှိပါတယ်။"

ဒီပြင် မကြာခင်မှာလည်း မြန်မာနိုင်ငံတွင် COVID-19 ရောဂါထိန်းချုပ်ရေးအတွက် တရုတ် အစိုးရ ဘက်ကနေ ဆေးပညာရှင်အဖွဲ့ တခုလာရောက် ကူညီသွားဖို့လည်းရှိပါတယ်။ ဒီဆေးပညာရှင်အဖွဲ့မှ ၁၂ ဦးအထိ ပါဝင်မယ်လို့ ပြောပါတယ်။ ဧပြီလဆန်းပိုင်း တွင်ရောက်ရှိလာမယ်လို့ မျှော်မှန်းထားပါတယ်။ ဒီပညာရှင်တွေဘက်က တရက်မှာ လူနာ၂၀ဝ ကို ဓာတ်ခွဲစစ်ဆေးနိုင်မယ့် ဓါတ်ခွဲခန်းတခုလည်း ပါဝင်လာဖို့ ရှိတယ်လို့ ဒေါက်တာသာထွန်းကျော်ကပြောပါတယ်။ ဒီပညာရှင်တွေ အနေနဲ့ ဘယ်လို ကူညီဆောင်ရွက်မလဲဆိုတာနဲ့ ပတ်သတ်လို့ ဒေါက်တာသာထွန်း ကျော်က အခုလိုပြောပြပါတယ်။

"ဒီအဖွဲ့က ရန်ကုန်မှာ base လုပ်ပြီးတော့ ၁၄ ရက်နေဖို့အတွက် ကျနော်တို့ စီစဉ်ထားပါတယ်။ ကျနော်တို့ တရုတ်ဓာတ်ခွဲပညာရှင်တွေနဲ့ အတူပါလာတဲ့ စက်ပစ္စည်းတွေဟာ COVID-19 ရောဂါ ဟုတ်၊ မဟုတ်ဆိုတာ တိုင်းတာဖို့ တနေ့ကို လူ ၂၀၀ အထိ ကန့်သတ်စစ်ဆေးပေးနိုင်တဲ့ စက်ပစ္စည်းတွေလည်း ပါလာမှာ ဖြစ်ပါတယ်။ ဓာတ်ခွဲပညာရှင်တွေနဲ့ ကျနော်တို့ အတွေ့အကြုံတွေ ဖလှယ်မယ်။ လိုအပ်တဲ့ Training Program တွေ ကျနော်တို့ လုပ်ကြမယ်။"

မြန်မာနိုင်ငံမှာ ရောဂါပိုးကာကွယ်ရေးထိန်းချုပ်ရေးအတွက် မရှိမဖြစ် အရေးတကြီးလိုအပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရောဂါပိုးကာကွယ်ရေးဝတ်စုံ PPE တွေကို နိုင်ငံတကာပုဂ္ဂလိက အဖွဲ့အစည်းတွေရော၊ ပြည်ပရောက် မြန်မာတွေကပါ စုဖွဲ့ လှူဒါန်းတာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်အစိုးရက မြန်မာနိုင်ငံသို့ စမ်းသပ်ပစ္စည်း ၂,ဝဝဝ ကျော်၊ PPE အစုံ ၅,ဝဝဝ၊ ရောဂါ ကာကွယ်ရေး N95 နှာခေါင်းစည်း ၅,ဝဝဝ၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၂ သိန်း တို့ကို လှူဒါန်းခဲ့ပါတယ်။ တရုတ်လုပ်ငန်းရှင်တဦးဖြစ်တဲ့ Jack ma Foundation နှင့် Alibaba Foundation တို့က ရောဂါ ကာကွယ်ရေး N95 နှာခေါင်းစည်း ၁ သိန်း၊ စမ်းသပ်ပစ္စည်းအစုံ ၃,၀၀၀ နီးပါး လှူဒါန်းခဲ့တာ ရှိပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့ တိုင်းနဲ့ပြည်နယ်အလိုက် ပြည်သူ့ကျန်းမာရေးဌာနနဲ့ ဆေးရုံတွေကို ရောဂါပိုးကာကွယ်ရေးအခြေခံပစ္စည်းတွေ ဖြန့်ချီ ဝေငှပေးနေတယ်ဆိုပေမယ့်လည်း၊ အောက်ခြေ ဆေးရုံတွေ မြို့နယ်တွေမှာ လိုအပ်ချက်တွေကတော့ ရှိနေတုန်းပဲလို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG