သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်ရောက် မြန်မာအငယ်စားလုပ်ငန်းတွေ ထိခိုက်


မယ်ရီလန်းပြည်နယ် Gaithersburg မြို့ က ထိုင်းစားသောက်ဆိုင် တဆိုင်က ဝန်ထမ်းတဦး မှန်ပြတင်းပေါက်ကနေ ဝယ်သူကို ဝန်ဆောင်မှု ပေးနေပုံ (မတ် ၂၉၊ ၂၀၂၀)
မယ်ရီလန်းပြည်နယ် Gaithersburg မြို့ က ထိုင်းစားသောက်ဆိုင် တဆိုင်က ဝန်ထမ်းတဦး မှန်ပြတင်းပေါက်ကနေ ဝယ်သူကို ဝန်ဆောင်မှု ပေးနေပုံ (မတ် ၂၉၊ ၂၀၂၀)

(Zawgyi/Unicode)

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ပျံ့နှံ့ သေဆုံးမှုတွေမြင့်တက်လာတဲ့ အမေရိကန်ပြည်ထောင်စု တဝှမ်း စီးပွားရေးလုပ်ငန်းတွေထိခိုက်ပြီး လူတော်တော်များများ အလုပ်လက်မဲ့ဖြစ်ကုန်ကြတဲ့အထဲ အမေရိကန်ရောက်မြန်မာတွေ ဘယ်လိုရင်ဆိုင်ဖြတ်သန်းနေရသလဲဆိုတာ စုစည်းတင်ပြပါမယ်။

ဒီကပ်ဘေးရောဂါကြီးကြောင့် လူတွေ နေအိမ်တွေမှာပဲ နေဖို့ညွှန်ကြားထားသလို စက်ရုံအလုပ်ရုံပိတ် ဈေးအရောင်းဆိုင်ကြီးတွေ စားသောက်ဆိုင်တွေ အသေးစားလုပ်ငန်းတွေ စတဲ့လုပ်ငန်းခွင်တွေအကုန် ရပ်နားပြီး အချိန်ပိုင်းအလုပ်သမားတွေ အပါအဝင်လူတော်တော်များ များအလုပ်လက်မဲ့ဖြစ်ကုန်သလို အသေးစား စီးပွားရေးလုပ်ငန်းလေးတွေလည်း ထိခိုက်နစ်နာနေကြရပြီး စီးပွားရေး အခက်ခဲဖြစ်နေကြပါတယ်။

ဒီအထဲကမှ ဟိုတယ်လုပ်ငန်းမှာ လုပ်ကိုင်နေသူ မေရီလန်းပြည်နယ်က မစိုးစိုးဝင်းကတော့ သူအလုပ်နားထားရတာ သီတင်းပတ် တော်တော်များများရှိနေပြီ ဖြစ်ပြီး ပုံမှန်ဝင်ငွေ မရှိတဲ့အတွက် နေ့စဉ်ဝင်ငွေရအောင်ဖန်တီးနေရတယ်လို့ ပြောပါတယ်။

"အခုက အမတို့က လောလောဆယ် ဘယ်မှလဲ မသွားရဲဘူး။ အပြင်လည်း မထွက်ရဲဘူး။ အခုကတော့ ဝင်ငွေလည်း မရှိကြတော့ ရှိတာလေးတွေနဲ့ပဲ ခြိုးခြိုးခြံခြံနဲ့ပဲ အိမ်ထဲက ရှိတာလေးတွေနဲ့ပဲ လုပ်နေကြတာပေါ့နော်၊ စားသောက်နေရတာပေါ့နော်။ တချို့တွေကျတော့လည်း ကလေးတွေနဲ့ အိမ်ထဲက အိမ်ပြင် မထွက်ဖြစ်ကြဘူးလေ။ ဝယ်လည်းမဝယ်ရဲကြဘူး။ အပြင်လည်း မသွားဖြစ်ကြဘူးဆိုတော့ အမကို မှာကြတယ်။ ဘာဟင်းလေးကို ငါးပွဲလုပ်ပေးပါ၊ ဘာဟင်းလေးကို ဒီလိုလေးလုပ်ပေးပါ အမ။ အမက သွားပို့ပေးတယ်။ မုန့်ဟင်းခါးပို့ပေးတယ်၊ ရှမ်းခေါက်ဆွဲလုပ်ပေးတယ်။ အုန်းနို့ခေါက်ဆွဲ ပို့ပေးတယ်၊ နန်းကြီးသုတ်ပို့ပေးတယ်။ သူတို့စားချင်တာပေါ့နော်။ မနေ့ကဆို ဒံပေါက်အော်ဒါလာလို့ ဒံပေါက် ပို့ပေးတယ်။ အဲ့ဒီလို မျိုးပေါ့နော်။ အမတို့က လောလောဆယ် ဝင်ငွေလေး အစိုးရက ပေးလို့ရှိရင်တော့ အရမ်းကောင်းတာပေါ့နော်။ အမတို့ လျှောက်ထားတဲ့ ... unemployment လျှောက်ထားတယ်။ စာလာပြီးတော့ ပိုက်ဆံပေးပါမယ်ဆိုပြီး စာလာပြီးတော့ ပိုက်ဆံက ရောက်မလာဘူး ဘဏ်ထဲမှာ ရောက်မလာဘူးဖြစ်နေတယ် အဲ့လိုမျိုးဖြစ်နေတယ်လောလောဆယ်ကလေ။"

စားသောက်ကုန်အမှာတွေကို ဈေးဆိုင်တွေအပါအဝင် အိမ်အရောက်လိုက်ပို့ပေးတဲ့အသေးစားဝန်ဆောင်မှုကို လုပ်ကိုင်နေတဲ့ တက္ကဆက်ပြည်နယ် ဒါးလက်စ်မှာ နေထိုင်တဲ့မမြစန္ဒာကလည်း ဒီကိုဗစ်ကပ်ရောဂါကူးစက်ချိန်ကစလို့ ကြုံတွေ့ရတဲ့ စီးပွားရေးအပြောင်းအလဲတွေအပေါ်သူ့အတွေ့အကြုံ အခုလိုပြောပြပါတယ်။

"လက်ရှိလုပ်နေတဲ့ အိမ်ကလုပ်ငန်းကျတော့ စန္ဒာတို့လုပ်နေတာက မြန်မာ အစားအသောက်ပေါ့နော်။ အဲ့ဒါတွေကျတော့ ကြာရှည်ခံတဲ့ business ဖြစ်တဲ့ အခါကျတော့ သူတို့ အော်ဒါလုပ်တယ် ပုံမှန်ပဲ။ ကိုယ်လည်း ပုံမှန်ပဲ ပို့ရတယ်ပေါ့နော်။ business ကတော့ ရပ်မသွားဘူး။ ပုံမှန်သွားနေတုန်းပဲ။ ရပ်သွားတယ်ဆိုတာကျတော့ စားသောက်ဆိုင်တွေ အထူးသဖြင့် ရုံးသမားတွေကို အားကိုးနေရတဲ့ sandwiches ဆိုင်လေးတွေ၊ ဘာလေးတွေ အဲ့လို ဆိုင်လေးတွေ အကုန်လုံးပိတ်လိုက်ပြီပေါ့နော်။ အများကြီးလျှော့တယ်။ ဆူရှီ လုပ်တဲ့ သူငယ်ချင်းတွေ များသောအားဖြင့်ရှိတယ်ပေါ့နော်။ သူတို့ဆီက ကြားတာကျတော့ ရောင်းအား တအားကျတယ်သူတို့ အရင်က သူတို့ ဘူးကို ရာကျော် ထုပ်နေရတဲ့ ဆိုင်တွေက သူတို့ ပြောတာ ဘူးကို ၂၅၊ ၃၀ လောက်ပဲ လိပ်ရတယ်။ မနက်ပိုင်းတချက် သူတို့ သွားလုပ်လိုက်တယ်။ လုပ်တယ်ဆိုတာက မားကတ်က run နေသေးတော့ သူတို့လည်း ပိတ်လို့မရတဲ့အပေါ်မှာ သူတို့ နေ့တဝက်လောက် လုပ်ပြီး ပြန်လာတယ်ပေါ့နော်။ အဲ့လိုတော့ သူငယ်ချင်းတွေဆီကနေ ကြားတယ်ပေါ့နော်။ အိမ်မှာတော့ ကိုယ့်အမျိုးသားကျတော့ သူကတော့ truck driver ဆိုတော့ သူတို့ကတော့ အလုပ်က ပိုပြီးတော့တောင် နာရီတွေခေါ်တယ်ပေါ့နော်။ လုပ်စေချင်တယ်ပေါ့ ။ ဒါပေမဲ့ အမျိုးသားကတော့ ပုံမှန်ပဲ သူလုပ်တယ်။ သမီးကြီး walmart မှာ cashier သူလုပ်တယ် အချိန်ပိုင်းအလုပ်ပါ့နော်။ သူလည်း လုပ်နေရတယ်၊ နားလို့မရဘူး။"

ဗာဂျီးနီးယားပြည်နယ် ရှားလော့ခ်ဗေးလ်မှာ ဆေးရုံဝန်ထမ်းဖြစ်တဲ့ ကိုညီညီကလည်း သူ့တို့မြို့လေးထဲက အသေးစား စီးပွားရေးလုပ်ငန်းတွေ စားသောက်ကုန်လုပ်ငန်းတွေ တော်တော်များများရပ်နားသွားရပြီး မြန်မာတချို့ ဆိုင်တွေပိတ်လိုက်ရတာ အရောင်းပါးသွားတဲ့အတွက် စီးပွားရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့အနေအထား ပြောပြပါတယ်။

"ဦးညီတို့ မြို့ ပတ်ဝန်းကျင်မှာ နေတဲ့လူပဲရှိတော့တယ်။ ကျောင်းတွေက ပိတ်ပြီ၊ University ဆေးကျောင်းကြီးလည်း ပိတ်ထားပြီဆိုတော့ မဖြစ်မနေသွားရမယ့် Essential Workerအလုပ်သမားတွေလောက်ပဲ သွားကြလာကြတော့ မြို့နေပြည်သူတွေကတော့ သိပ်ပြီး အကြောင်းမရှိရင် မထွက်ကြတော့ဘူး။ မထွက်တော့ သူတို့လုပ်ငန်းက တော်တော်ပါးသွားပြီ။ အခန်းခငှားထားတဲ့ဟာတွေ၊ သွားတဲ့လာတဲ့ဟာတွေ၊ အသုံးစာရိတ်တွေနဲ့ အလုပ်သမားပေးဖို့ဆိုရင် ရေရှည်မှာ သူတို့ အခက်အခဲ ဖြစ်နိုင်တယ်။ နည်းနည်းပြောလာတာပေါ့နော်။ အစိုးရထောက်ပံ့တဲ့ဟာနဲ့လည်း သိပ်ပြီး လောက်ငှဖို့လည်း မရှိဘူးပေါ့။"

အမေရိကန်ရောက်မြန်မာတွေလိုပဲ နိုင်ငံတဝှမ်းက အမေရိကန်တွေ ဒီလိုအခြေအနေတွေဖြစ်လာချိန်မှာတော့ အမေရိကန်အစိုးရနဲ့လွှတ်တော်ကနေ စီးပွားရေး ငွေရေးကြေးရေး အခိုက်အတံ့ တခုအဖြစ် ကျားကန်ပေးမယ့်$2 Trillion Coronavirus Aid Bill ၂ထီလီယံပေးမယ့် အရေးပေါ်အကူအညီပေးရေး အမြန်စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ပုံမှန်လူနေမှုဘဝတွေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေ နလံထူလာနိုင်မယ့်အရေး ရေရှည်အတွက် ရတက်မအေးစရာဖြစ်နေတယ်ဆိုပြီး စိုးရိမ်ပူပင်မှုတွေလည်း မြင့်တက်လာနေချိန်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG