သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ ကိုယ်ဝန်ဆောင်မိခင်တွေ သိထားသင့်တဲ့အချက်များ


(Zawgyi/Unicode)

ကိုယ်ဝန်ဆောင်မိခင်လောင်းတွေရဲ့ COVID- 19 ရောဂါနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေ၊ သိထားသင့်တဲ့ အချက်တွေနဲ့ပတ်သက်လို့ မီးယပ်သားဖွားအထူးကုတယောက်နဲ့မေးမြန်းထားတာကို တင်ပြပေးပါမယ်။ ဗြိတိန်နိုင်ငံ Kent နယ် Ashford မြို့ William Harvey ဆေးရုံက မီးယပ်နဲ့သားဖွားအထူးကု ဒေါက်တာ Christina အောင်ကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။ လောလောဆယ် COVID-19 ရောဂါနဲ့ပတ်သက်လို့ သူ့ရဲ့ကိုယ်ဝန်သည်မိခင်လူနာတွေ အများဆုံးမေးကြတဲ့ မေးခွန်းနဲ့ စိုးရိမ်မှုတွေကို ပထမဆုံးမေးတဲ့အခါ ဒေါက်တာ Christina အောင်က ခုလိုစ ပြောပြပါတယ်။

ဒေါက်တာ Christina အောင်။ ။ မိခင်တိုင်းက သူတို့ ကလေးတွေကို စိတ်ပူဆုံးပေါ့နော် ။ စိတ်ပူတဲ့အထဲမှာ သူတို့ COVID-19ဖြစ်လာရင် Virus ရလာတယ်ဆိုရင် သူတို့ ကလေးရော ဘယ်လို သက်ရောက်မူတွေရှိမလဲဆိုတာ မေးကြတယ်။ အခုလောလောဆည်မှာတော့ မသိကြဘူးလို့ ပြောရမှာပေါ့နော်။ ရောဂါကလည်း ရှာဖွေတွေ့ရှိတာ ကလေးတွေကို ဘယ်လို Affect ဖြစ်သလဲဆိုတာ သေချာမသိရသေးဘူး။

မစုမြတ်မွန်။ ။ အဲလိုအခြေအနေမျိုးမှာ ဘယ်လိုအကောင်းဆုံးအကြံပေးနိုင်သလဲ ကိုယ့်ဘက်က ဘယ်လိုမျိုး ရှင်းပြသလဲရှင့်။

ဒေါက်တာ Christina အောင်။ ။ တရုတ်ပြည်က Data အရ သူတို့ကို ရှင်းပြရတာပေါ့နော်။ ဘယ်လိုပြောသလဲဆိုတော့ တရုတ်ပြည်မှာ မွေးလာတဲ့ ကလေးတွေ တော်တေ်ာများများက ကောင်းကောင်းမွန်မွန်ရှိတယ် မွေးပေးနိုင်တယ်။ ဒါပေမယ့် တော်တော်များများကလည်း ဗိုက်ခွဲပြီး မွေးကြတဲ့ ကလေးတွေများတယ်။ သူတို့ ဘာဖြစ်လို့ ဗိုက်ခွဲပြီး မွေးရသလဲဆိုတဲ့ Data ကတော့ သေသေချာချာ အဖြေမရှိဘူးပေါ့နော်။

မစုမြတ်မွန်။ ။ လက်ရှိ ဆရာမတို့ရော ကိုယ့်လူနာတွေကို ခွဲမွေးဖို့ အားပေးလား။ ဘယ်လိုမျိုး အကြံပေးပါသလဲ။

ဒေါက်တာ Christina အောင်။ ။ တခု စိတ်ဝင်စားစရာရှိတာကတော့ COVID ရှိတဲ့ ဗိုက်ကြီးသည် တော်တေ်ာများများက symptom အရ ပြောရမယ်ဆိုရင် သိပ်ပြီးတော့ မပြင်းထန်ဘူး။ ခံစားရတာတွေက သိပ်မများတဲ့အတွက် ဗိုက်ခွဲပြီး မွေးရမယ်ဆိုပြီးတော့ အဲလိုမျိုးတော့ မရှိဘူး။ ဥပမာ- သူတို့မှာ အောက်ဆီဂျင်မလိုဘူးအသက်ရှုရ လွယ်ကူတယ်ဆိုရင် ရိုးရိုးမွေးဖို့ကိုပဲ တိုက်တွန်းပါတယ်။

မစုမြတ်မွန်။ ။ တော်တော်များများ စိုးရိမ်နေကြတာပေါ့နော် ကလေးမွေးတဲ့အချိန်မှာ COVID မရှိတဲ့ သာမန် မိခင်တွေအနေနဲ့ ကလေးမွေးတဲ့အချိန်မှာ ဒီရောဂါမကူးအောင် အကောင်းဆုံး ဘယ်လိုမျိုး ကာကွယ်နိုင်မလဲ။ ဘယ်လိုနည်းတွေ လုပ်ရင် ဒီရောဂါမဝင်နိုင်ဘူးလို့ ပြောနိုင်ပါသလဲရှင့်။

ဒေါက်တာ Christina အောင်။ ။ ကလေးမွေးတဲ့အချိန်မှာ ဘယ်လိုမျိုး ကာကွယ်နိုင်ရင် အကောင်းဆုံးလဲဆိုတော့ ဖြစ်နိုင်ရင် တယောက်အခန်းမျာ မွေးဖို့ ဒါမှလည်း လူတွေ ၊ ပတ်ဝန်းကျင်နဲ့ နည်းနည်းဝေးဝေးရှောင်ရှောင်နေရမှာ ။ တယောက်ခန်းထဲမှာ မမွေးနိုင်ဘူးဆိုရင်တော့ ကုတင်တခုနဲ့ တခု ၂ မီတာခြားပြီးတော့ ထားနိုင်ရင် အကောင်းဆုံးပေါ့နော် ။ ပြီးတော့ လက်ဆေးဖို့ ကတော့ အမြဲတမ်း ပြောပြောနေရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သန့်သန့်ရှင်းရှင်းနေနိုင်မှ ဒီရောဂါက မကူးစက်နိုင်မှာလေ။ မွေးကင်းစကလေးကိုတော့ သတိထားရမှာ တခုကတော့ မိခင်နို့တိုက်တဲ့ အခါကျရင်ပေါ့နော် ၊ ကိုယ်က COVID ရှိနေတဲ့ မိခင်ဆိုရင် mask လေးဝတ်ပြီးတော့ ကလေးကို တိုက်ဖို့။ ဒါမှမဟုတ်ရင် ကိုယ်က အရမ်း စိုးရိမ်မှုရှိတယ် ၊ ကလေးကိုယ့်ဆီကနေ ကူးသွားမှာကို စိုးရိမ်တယ်ဆိုရင် မိခင်နို့ကို ထုတ်ပြီးတော့ တခြားရောဂါမရှိတဲ့ တယောက်ကို ကူတိုက်ဖို့ ပေါ့နော် အဲလိုတော့ အကြံပေးပါတယ် ဒီမှာ။

မစုမြတ်မွန်။ ။ ဆရာမပြောသွားတဲ့အထဲမှာဆိုရင် အမေမှာ COVID ရှိနေပေမယ့် မွေးလာတဲ့ ကလေးကို ကိုယ်တိုင် နို့တိုက်နိုင်တယ်။ အမေရိကန်မှာကျတော့ COVID ရှိတဲ့ အမေက မွေးလာတဲ့ ကလေးကို ဆေးရုံတွေက ချက်ချင်း ၂ ပတ် အမေနဲ့ ခွဲပြီးထားတယ်။ ဆိုတော့ ဗြိတိန်မှာတော့ အမေနဲ့ ကလေးကို မခွဲဘူးဆိုတဲ့ သဘောလားရှင့်။

ဒေါက်တာ Christina အောင်။ ။ ဟုတ်ကဲ့ ဒီမှာက ဘယ်လိုယူဆသလဲဆိုတော့ ကလေးနဲ့ မိခင်ကို များသောအားဖြင့် မခွဲဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ခွဲလိုက်ရင် စိတ်ဓါတ်ကျဆင်းမှုရောဂါက အမေဆီမှာ ဖြစ်နိုင်လာတာမျိုး ပိုဖြစ်သွားမယ် ၊ ပြီးတော့ မိခင်နဲ့ ကလေးရဲ့ bond ကလည်း သိပ်ပြီးမကောင်းဘူးပေါ့နော် အဲဒီအချိန်မှာ မိခင်ရဲ့ နို့ထွက်တာတို့ကလည်း affect ဖြစ်နိုင်တယ်။ အဲဒါကြောင့် မိခင်နဲ့ ကလေးကို မခွဲဘူး။ COVID ရှိတဲ့ အမေတွေ မွေးတဲ့ ကလေးကလည်း တော်တော်များများက ကျန်းမာရေး ကောင်းတဲ့အတွက် ကလေး special care ကို ခေါ်သွားဖို့ မလိုဘူးပေါ့နော်။ အဲဒါကြောင့် မိခင်နဲ့ထားတာများတယ်။ မိခင်ကိုလည်း အမေနို့တိုက်ဖို့ တိုက်တွန်းတယ်။

မစုမြတ်မွန်။ ။ လက်ရှိမှာ အသက်ရှုလမ်းကြောင်းက ထွက်တဲ့ တံတွေးရည်တို့၊ နှာရည်တို့ကနေ တဆင့် Coronavirus ကူးတယ်လို့ လောလောဆည်သိထားတယ်ပေါ့လေ။ နို့ရည်ကနေ တဆင့် ကူးတယ်ဆိုတာကတော့ လောလောဆည် မသိသေးဘူးထင်တယ်နော် အဲဒါ ဆရာမတို့ရော ဘယ်လိုရှင်းပြနိုင်သလဲရှင့်။

ဒေါက်တာ Christina အောင်။ ။ နို့ရည် ထဲမှာ သူတို့ ကြည့်တဲ့အခါမှာ COVID ပိုးမတွေ့ဘူးလို့ အခုလောလောဆည်မှာ ပြောပါတယ်။ နောင်ကို ဘာတွေ့လာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့နော်။

ဗြိတိန်နိုင်ငံ Kent နယ် Ashford မြို့ William Harvey ဆေးရုံက မီးယပ်နဲ့သားဖွားအထူးကု ဒေါက်တာ Christina အောင်ကို မစုမြတ်မွန်က ဆက်သွယ်မေးခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


................


(Unicode)














XS
SM
MD
LG