သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ ဒေသလိုက်ပြန့်နှံ့နေတဲ့ COVID နဲ့ မြန်မာ သတိပြုစရာ


浙江金华市民排队等候在移动诊室就诊。(2022年12月22日)
浙江金华市民排队等候在移动诊室就诊。(2022年12月22日)

ကမ္ဘာ့ကပ်ရောဂါ အဖြစ်သတ်မှတ်ထားတဲ့ ကိုဗစ် ၁၉ ကူးစက် ရောဂါဟာ အခုအခါမှာ ဒေသအလိုက် ကူးစက်ပြန့်နှံ့တဲ့ အနေထားဖြစ်လာချိန်မှာပဲ တရုတ်နိုင်ငံမှာတော့ ကူးစက်မှုတွေ တိုးလာနေပါတယ်။ ဘာ့ကြောင့်ပါလဲ။ ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။ 

တရုတ်မှာ ဒေသလိုက်ပြန့်နှံ့နေတဲ့ COVID နဲ့ မြန်မာ သတိပြုစရာ

{{Zawgyi/Unicode}}
ကမ္ဘာ့ကပ်ရောဂါ အဖြစ်သတ်မှတ်ထားတဲ့ ကိုဗစ် ၁၉ ကူးစက် ရောဂါဟာ အခုအခါမှာ ဒေသအလိုက် ကူးစက်ပြန့်နှံ့တဲ့ အနေထားဖြစ်လာချိန်မှာပဲ တရုတ်နိုင်ငံမှာတော့ ကူးစက်မှုတွေ တိုးလာနေပါတယ်။ ဒါဟာလူသန်းနဲ့ချီ သေဆုံးတဲ့အထိ ဖြစ်လာနိုင်တယ်လို့ခန့်မှန်းနေကြသလို WHO ကလည်း အခြေနေဟာ သိပ်ကို စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။ ဘာ့ကြောင့်ပါလဲ။ ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။

ကိုဗစ် ၁၉ အတွက် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချထားရာကနေ ရုတ်တရက်ပြန်ရုပ်သိမ်းလိုက်တဲ့ လူဦးရေထူထပ်တဲ့ တရုတ်နိုင်ငံမှာ မကြာသေးခင်ကပဲ ကူးစက်မှုရုတ်ချည်း တိုးလာတာ တွေ့ရသလို ဒီလိုကူးစက်မှုကနေ လာမယ့် နှစ်ထဲ လူပေါင်း ၁ သန်းကျော်လောက် သေဆုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။

တရုတ်နိုင်ငံရဲ့ ကိုဗစ်ဆိုင်ရာ လုပ်ဆောင်နေမှု တွေကို ကြည့်ရင် တရုတ်နိုင်ငံဟာ ကိုဗစ်ကူးစက်ပြန့်ပွါးမှု တဟုန်ထိုး တိုးပွါးတာနဲ့ ရင်ဆိုင်ရနိုင်တဲ့ အတွက် အထူးစိုးရိမ်တယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကပြောပါတယ်။

"တရုတ်နိုင်ငံမှာ ဒီရောဂါဖြစ်ပွါးမှုတွေ ဆိုးဆိုးဝါးဝါး တိုးလာတာနဲ့ အတူ အခြေနေတွေလည်း ပြောင်းလာနေတာကို WHO က အထူးစိုးရိမ်ပါတယ်။ နိုင်ငံတွင်းက အန္တရာယ်ကြီးတဲ့ အခြေနေကို အပြည့်အစုံသိနိုင်ဖို့ အတွက် ဒီရောဂါရဲ့ ပြင်းထန်မှု၊ ဆေးရုံတက်ရမှုနဲ့ အထူးကူသ ဌာန ICU ကို ပို့ဖို့ လိုမလို စတဲ့ အချက်လက်တွေကို WHO က ခုထက်အသေးစိတ်ပိုသိဖို့ လိုသလို ဘာအကူညီတွေ လိုတယ်ဆိုတာကိုလည်း သိလိုပါတယ်။” - လို့ WHO အကြီးအကဲက ပြောသွားတာပါ။

WHO အရေးပေါ်ဌာန အကြီးအကဲ Mike Ryan ကတော့ တရုတ်နိုင်ငံမှာ တင်းကြပ်တဲ့ကိုဗစ် စည်းမျဉ်းတွေနဲ့ အသွားအလာကန့်သတ် ထားရာကနေ ချက်ချင်းပြန်ဖွင့်ပေးတာကြောင့် ကူးစက်မှုတွေ တိုးလာတာထက် ကာကွယ်ဆေးထိုးရာမှာ လိုအပ်ချက်ကြောင့်လို့ ဝေဖန်ပါတယ်။

အမေရိကန်နိုင်ငံ ယူတားပြည်နယ် Co Diagnostics ဆေးသုတေသနဌာနက သုတေသီ ဒေါ်ခင်ဇာဝင်းပြည့်ကလည်း တရုတ်အာဏာပိုင်တွေအနေနဲ့ ကိုဗစ် ကူးစက်မှုပြန်ဖြစ်မလာအောင် အစီစဉ်တွေချထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

" ပြန်ဖွင့်လိုက်တဲ့ အချိန်မှာ သူတို့ ကာကွယ်ဆေး ဘယ်လောက် ထိုးထားကြသလဲ။ ထိုးထားတဲ့ ကာကွယ်ဆေးကလည်း ဘယ်လိုကာကွယ်ဆေးမျိုးကို ထိုးတာလည်း၊ ကာကွယ်ဆေးကို အဆုံးထိထိုးသလား၊ ဆေးအောင်သလား၊ မအောင်ဘူးလား ပေါ့နော်။ တရုတ်ပြည်မှာ ၉၀ % ကျော်သော လူဦးရေကတဲ့ ကာကွယ်ဆေး ထိုးပြီးသားလို့ ပြောတယ်။ တချိန်ထည်းမှာပဲ အသက် ၈၀ ကျော် ကာကွယ်ဆေးထိုးထားသူက တဝက်တောင် မရှိဘူး။ တချိန်ထည်းမှာ ဖြစ်နေတာ။ ဆိုတော့ သူတို့ရဲ့ ကာကွယ်ဆေး ထိုးပေးနိုင်မှု ဘယ်လောက် စံနစ်ကျသလဲ ဆိုတာကလည်း ရှိသေးတာကိုး "

ဒါ့အပြင် တရုတ်နိုင်ငံထုတ် ကိုဗစ်ဆေးကိုပဲ ပြည်သူတွေ သုံးခွင့်ရတာကလည်း အခြေနေကို စိုးရိမ်စရာ ဖြစ်စေတယ်လို့ ပြောပါတယ်။

" ဒီဇင်ဘာ ၂၁ ထုတ်ပြန်တဲ့ စာရင်းအရ ဆိုရင် အနောက်တိုင်းဘက်က mRNA vaccine ပဲ ဖြစ်ဖြစ်၊ Astra Zeneca တို့ပဲဖြစ်ဖြစ် ဒါတွေကို သူတို့ ခုထိ ခွင့်မပြုသေးဘူး။ ခုချိန်အထိ ပြည်သူတွေကို သူတို့ ပြည်တွင်းဖြစ် တရုတ်ကာကွယ်ဆေးပဲ ထိုးပေးတယ်။ ကျန်တဲ့ တခြားဆေးကို လုံးဝပေးမထိုးဘူး။ အဲဒီမှာနေတဲ့ ဂျာမန်လူမျိုး ၂ သောင်းလောက် အတွက်တော့ ဒီဇင်ဘာ ၂၁ မှာ ဆေးတင်သွင်းခွင့်ပေးလိုက်တယ်။ ကျန်လူတွေက ပြည်တွင်းဖြစ် ကာကွယ်ဆေးပဲ ထိုးရတယ်။ ပြည်တွင်းဖြစ် ကာကွယ်ဆေး ဆိုတာကလည်း WHO က တွေ့တာက ၅၀ % လောက်ပဲ အာနိသင်ပြတယ်။ ဆိုတော့ တရာထိုးရင် လူအယောက် ၅၀ ပဲ ရောဂါ ပြင်းပြင်းထန်ထန်မဖြစ်ဘူး။ ဆိုတော့ကျန်တဲ့ ၅၀ က ကျန်နေသေးတယ်။ ဆိုတော့ လူအယောက် ၁သန်းဖြစ်သွားရင် ဘယ်လောက် ကျန်နေမလဲ။ ဒါတွေက ကျမတို့ မသိရတဲ့ ဟာတွေ"

တရုတ်နိုင်ငံ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကိုဗစ်ကြောင့် သေဆုံးသူ ၅၂၀၀ ကျော်ပဲ ရှိတယ်လို့ သတင်းထုတ်ပြန်ထားတာကြောင့် သူ့လူဦးရေနဲ့ ပြန်တွက်ရင် သူနိုင်ငံသား တသန်းမှာ ၃ ယောက်ပဲ သေတာ ဖြစ်နေတယ်လို့လည်း ထောက်ပြပါတယ်။

" ကိုဗစ်ကြောင့် သေဆုံးသူလို့ သတ်မှတ်တာကလည်း ကိုဗစ်ဖြစ်ရမယ်။ ကိုဗစ်ဖြစ်နေရင်းနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကြောင့် အဆုတ်က အလုပ်မလုပ်နိုင်ပဲ ဆုံးမှ သာ ကိုဗစ်ကြောင့် သေတယ်လို့ သတ်မှတ်တယ်။ ဥပမာ ရောဂါအခံရှိတဲ့ သူဆိုပါတော့ နှလုံးရောဂါသမားက ကိုဗစ်ရတယ်။ ပြီးတော့ သူက နှလုံးအမောဖေါက်ပြီး ဆုံးသွားတယ်ဆိုရင် ကိုဗစ်ကြောင့် ဆုံးတာ မဟုတ်ဖူးလို့ သတ်မှတ်တယ်။ ဒီလို သတ်မှတ်ချက်တွေ၊ နောက်ပြီးတော့ ဆေးစစ်တာ၊ သေနှုန်းသတ်မှတ်တာက နိုင်ငံတကာ စံနဲ့ လွဲလွဲနေတယ်။ ဆိုတော့ WHO အနေနဲ့ ဒါသည် စိုးရိမ်ရတာ ပေါ့နော်။ စာရင်းအင်းတွေ အတိအကျ မသိတဲ့ အတွက်ကြောင့်ပါ။ သူတို့ဆီမှာ ဖြစ်နေတာက variant က အိုမီခရွန် Bf.7 ။ ဒါဟာ ဘယ်လောက်အထိ ပြင်းထန်သလဲ၊ ဒါကြောင့် သေနှုန်း ဘယ်လောက်ထိ ရှိနေလဲ။ တခြားနိုင်ငံတွေကို သတိပေးရမလား။ မပေးရဘူးလား ဆိုတာ သူတို့မသိ တော့ဘူးဖြစ်နေတာပေါ့"

တရုတ်နဲ့ အိမ်နီးချင်း ဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် ဘာတွေ သတိထားသင့်ပါသလဲ

" မြန်မာနိုင်ငံ အတွက်ကတော့ တရုတ်ရဲ့ ကာကွယ်ဆေးတွေ ရနိုင်တာကို ရသလို ထိုးခဲ့တာကိုး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကာကွယ်ဆေးကို ဆေးပတ်လည်အောင် ထိုးထား။ အားဖြည့်ကာကွယ်ဆေး ထပ်ထိုးထား။ လူစုလူဝေးရှောင်၊ သတိလေးချပ်ပြီးတော့ တရုတ်ပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေ သတင်းလေးတွေ နားစွင့်ထားဖို့ သတိပေးချင်ပါတယ် "

ကမ္ဘာတလွှား ကိုဗစ်ကူးစက်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်တဲ့အတွက် အားဖြည့်ကာကွယ်ဆေးတွေ ထိုးကြဖို့ WHO က ဆော်သြနေသလို ဇန်နဝါရီလဆန်းမှာ ကိုဗစ် ကြောင့်သေဆုံးရမှု ရာခိုင်နှုန်း ၉၀ လောက်လျော့ကျသွားတာဟာ ကာကွယ်ဆေး ထိုးထားသူ အများစုရှိလာပြီး ခံနိုင်ရည်ရှိတဲ့ အသိုင်းဝိုင်းဖြစ်လာတာကြောင့် လို့လည်းထောက်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}














XS
SM
MD
LG