[Zawgyi/Unicode]
အိန္ဒိယနိုင်ငံမှာ COVID-19 ကပ်ရောဂါကြီး စတင်ဖြစ်ပွားကတည်းကဆိုရင် ရောဂါကြောင့်သေဆုံးသူ တရက်အတွင်း လူ ၁,၀၀၀ ကျော်နဲ့ သေဆုံးစာရင်း အများဆုံးစံချိန်ဖြစ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့ တနင်္လာနေ့ ညနေပိုင်းအထိ သေဆုံးသူ COVID-19 အတည်ပြုလူနာ ၁,၀၀၇ နဲ့ စုစုပေါင်း သေဆုံးသူ ၄၄,၀၀၀ ကျော်ရှိပါတယ်။ အတည်ပြုလူနာကလည်း ၆ ရက်ဆက်တိုက် အများဆုံးအဖြစ် ဒီနေ့ ၆၂,၀၀၀ ကျော်ပါတယ်။ အိန္ဒိယ မှာ စုစုပေါင်း အတည်ပြုလူနာက ၂,၀၀၀,၀၀၀ ကျော်ဖြစ်ပါတယ်။
Australia နိုင်ငံမှာလည်း သေဆုံးသူ ၁၉ ယောက်နဲ့ တရက်ထဲသေဆုံးသူ အများဆုံးဖြစ်ခဲ့ပါတယ်။ ရောဂါအဆိုးဆုံး ကူးစက်နေတဲ့ ဝိတိုရိယပြည်နယ်မှာတော့ အတည်ပြုလူနာသစ်အရေအတွက် ကျဆင်းတာတွေ့ရတယ်လို့ ဝန်ကြီးချုပ် Scott Morrison ကပြောပါတယ်။
တရုတ်နိုင်ငံမှာတော့ လောလောဆယ် ကူးစက်သူအများဆုံးရှိနေတဲ့ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသမှာ ပြည်ပက ကူးစက်လာသူတွေ မဟုတ်ဘဲ ပြည်တွင်းမှာကူးစက်တဲ့ အတည်ပြုလူနာသစ် ၁၄ ယောက် တွေ့ရှိတယ်လို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေကပြောပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ COVID-19 ရောဂါကူးစက်သူတွေ ပြန်များလာနေတဲ့အတွက် မြို့တော်ထဲက Seine မြစ်ကမ်းတလေ ျှာက် လူစည်ကားတဲ့ နေရာတွေသွားရင် ဒီနေ့ကစပြီး တလ မဖြစ်မနေ နှာခေါင်းစည်းတပ်ရမယ်လို့ အမိန့်ထုတ်ထားပါတယ်။
ဂျာမနီနိုင်ငံမှာတော့ ဘာလင်မြို့တော်က ကျောင်းတွေ ဒီနေ့ပြန်ဖွင့်ပါတယ်။ ရောဂါမကူးအောင် ကာကွယ်တဲ့ တချိန်ထဲမှာ ကျောင်းသားတွေရဲ့ပညာရေး မထိခိုက်အောင် ဆောင်ရွက်ရတာ စိန်ခေါ်မှုတွေရှိတယ်လို့ ဂျာမန်ပညာရေးဝန်ကြီး ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာလည်း ကျောင်းတွေပြန်ဖွင့်အောင် သမ္မတ Donald Trump ကဖိအားပေးနေပေမဲ့ ပြည်နယ်တော်တော်များများက ပြန်ဖွင့်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပြီး online သင်ကြားရေးကို အာရုံစိုက် လုပ်နေကြပါတယ်။
[Unicode Version]