(Zawgyi/Unicode)
[Unicode Version]
ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၁ သန်းကျော်သွားပြီ
COVID-19 ကပ်ရောဂါ ကမ္ဘာတဝန်း ဆက်လက်ကူးစက်နေတာမှာ စုစုပေါင်း ကူးစက်နေသူ ၁,၀၀၀,၀၀၀ ကျော်သွားပါပြီ။
အမေရိကန်က လက်ရှိကူးစက်သူ ၂၄၅,၀၀၀ ကျော်နဲ့ ကမ္ဘာမှာ အများဆုံး ဖြစ်နေပါတယ်။ coronavirus ပိုးပျံ့နှံ့ ကူးစက်မှုကာကွယ်နိုင်ဖို့ လူတွေကို နှာခေါင်းစည်းတွေ ဝတ်ဆင်ကြဖို့ အိမ်ဖြူတော်က ဒီကနေ့ ညွှန်ကြားချက်ထုတ်မယ်လို့ မျှော်လင့်ရပါတယ်။
လက်ရှိမှာ ကျန်းမာနေသူတွေ၊ နှာစေးချောင်းဆိုးနေသူတွေ မဟုတ်ရင် နှာခေါင်းစည်း ကာထားဖို့ မလိုဘူးလို့ အမေရိကန်ရောဂါကာကွယ်ရေးဌာန CDC နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ကပြောထားတာပါ။
New York မြို့ မြို့တော်ဝန်ကတော့ Bill de Blasio အိမ်ပြင်ထွက်ရင် ပုဝါတွေ၊ လက်ကိုင်ပုဝါတွေနဲ့ နှာခေါင်းစည်း အကာအကွယ်ဝတ်ဆင်ဖို့ ကြာသပတေးနေ့က အကြံပြုခဲ့ပါတယ်။ ဆေးဝန်ထမ်းတွေ လိုအပ်တဲ့ ဆေးရုံသုံးနှာခေါင်းစည်းတွေကိုတော့ မဝတ်သင့်ဘူးလို့ မြို့တော်ဝန်ကပြောပါတယ်။
Los Angeles မြို့တော်ဝန်ကလည်း အလားတူဝတ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။ အမေရိကန်ပြည်ထောင်စု ပြည်နယ်တော်တော်များများမှာ မလိုအပ်ရင် အိမ်ပြင်မထွက်ရ အမိန့် ထုတ်ပြန်ထားပေမဲ့ ပြည်နယ်တချို့မှာ အမိန့် မထုတ်သေးပါဘူး။
ရောဂါကူးစက်သူ တနေ့တခြား များလာနေချိန်မှာ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ဒီအမိန့်လိုအပ်တာကြောင့် ဘာကြောင့် အဲဒီပြည်နယ်တွေ အမိန့်မထုတ်သေးသလဲ သူနားမလည်နိုင်ဘူးလို့ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်လို့ သမ္မတ Trump ကိုအဓိက အကြံပေးနေတဲ့ ဆရာဝန် ဒေါက်တာ Anthony Fauci က CNN ရုပ်သံကို ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။