သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကူးစက်ခံရသူတွေထဲ မြန်မာကျန်းမာရေးဝန်ထမ်း ၆ ဦး ပါဝင်


အခမဲ့ Fever Clinic ဆေးခန်း (သတင်းဓာတ်ပုံ - Community Fever Clinic - Yangon Network Fb and Dr Kyaw Swar Oo)
အခမဲ့ Fever Clinic ဆေးခန်း (သတင်းဓာတ်ပုံ - Community Fever Clinic - Yangon Network Fb and Dr Kyaw Swar Oo)

(Zawgyi/Unicode)

ပြည်တွင်းက ကိုဗစ်လူနာတွေထဲ ကျန်းမာရေး ဝန်ထမ်းတွေကိုပါ ရောဂါကူးစက်မှုတွေ ရှိလာနေပြီး ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့မှု ရှိခဲ့လို့ အသွားအလာကန့်သတ်ခံရတဲ့ ဆရာဝန်တွေနဲ့ တိုက်နယ်ဆေးရုံတွေမှာ ရောဂါကာကွယ်ရေးအတွက် ပစ္စည်းလိုအပ်ချက်တွေရှိနေတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ကည ၁၁နာရီ ထုတ်ပြန်ပြီးချိန်အထိဆို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၁၉ ဦးအထိ ရှိထားပြီး အဲဒီထဲက ၆ ဦးဟာ ကျန်းမာရေးဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ လူနာနံပါတ် ၁၁၈ နဲ့ ၁၁၉ တို့ဟာ ပြည်မြို့က ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမတွေဖြစ်ပြီး လူနာနံပါတ် ၁၇ ကနေတဆင့် ကူးစက်ခံရတယ်လို့ သိရပါတယ်။

ကူးစက်ခံထားရတဲ့ ဆရာမနှစ်ဦးလုံးဟာ အခုချိန်မှာ ပြည်ဆေးရုံမှာပဲ ရှိနေပြီး သူတို့ရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ အဲဒီဆေးရုံက ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကိုပါ ဒီရောဂါကူးစက်မှုတွေရှိလာတာကြောင့် ရောဂါကာကွယ်ရေးဝတ်စုံ PPE နဲ့ပတ်သက်ပြီး စနစ်တကျဝတ်ဆင်ထားဖို့ကို ထပ်ခါတလဲလဲ သတိပေးပြောဆိုပေးနေတယ်လို့ ဒေါက်တာသီတာစိုးက အခုလိုပြောပါတယ်။

“လူနာတွေလည်း ရှိလာတယ်။ ဝန်ထမ်းတွေကိုလည်း ကူးစက်မှုတွေ ရှိလာတယ်ဆိုတော့ ဆရာမတွေကိုရော၊ ဆရာဝန်တွေကိုရော လူနာနဲ့ပတ်သက်ပြီးတော့ စနစ်တကျလုပ်ဖို့အတွက် အမြဲတမ်းပြောနေတာပေါ့နော်။ အဓိကကတော့ သတိမလစ်ဖို့ပေါ့၊ PPE ကို Break မပစ်ဖို့ပေါ့နော်။ ဒါတွေကိုအထူးကြပ်မတ်ပြီးတော့ အမတို့လည်း ထပ်ခါထပ်ခါ သူတို့ကိုပြောပြနေတယ်ပေါ့နော်။”

အခုလို COVID-19 ကပ်ရောဂါကို ကာကွယ်ကုသနေရတဲ့ကာလမှာ လူနာတွေနဲ့ထိတွေ့နေရတဲ့ ဆရာဝန်တွေထဲ ဒီရောဂါကူးစက်ခံထားရသူတွေရှိသလို၊ သီးခြားနေထိုင်ဖို့အတွက် အသွားအလာကန့်သတ်ခံထားရသူတွေလည်း ရှိပါတယ်။

အခမဲ့ Fever Clinic ဆေးခန်း (သတင်းဓာတ်ပုံ - Community Fever Clinic - Yangon Network Fb and Dr Kyaw Swar Oo)
အခမဲ့ Fever Clinic ဆေးခန်း (သတင်းဓာတ်ပုံ - Community Fever Clinic - Yangon Network Fb and Dr Kyaw Swar Oo)

လူနာနံပါတ် ၁၀၉ နဲ့ သင်္ဃန်းကျွန်း Fever Clinic မှာ Contact ဖြစ်ခဲ့တဲ့ ဆရာဝန်တဦးကို နေအိမ်မှာ အသွားအလာကန့်သတ်ပြီး သီးခြားနေထိုင်ဖို့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားခဲ့ပါတယ်။ အဲဒီဆရာဝန်ဟာ လူနာနဲ့ထိတွေ့ရာမှာ ရောဂါကာကွယ်ရေးဝတ်စုံ PPE ကို သတ်မှတ်ထားတဲ့အဆင့်အတိုင်း ဝတ်ဆင်ခဲ့ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေကို လေ့ကျင့်မပေးခင်ကာလမှာ ဖြစ်ခဲ့လို့ Quarantine ဝင်ခဲ့ရတယ်လို့ သိရပါတယ်။

အသွားအလာကန့်သတ်ပြီး နေအိမ်မှာသီးခြားနေထိုင်နေတဲ့ ဒေါက်တာဇေသူအောင်က သူ့ရဲ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

“အခုဆို ကျနော် Q ဝင်လိုက်ရတယ်။ တခြားဆေးရုံက ဆရာဝန်တွေ Q ဝင်နေရတယ်။ ဒါပေမယ့် အရမ်းကြီး ကျန်းမာရေးစနစ်မှာ လစ်ဟာသွားတာမရှိသေးဘူး။ သူတို့ cover လုပ်နိုင်သေးတယ်။ သူတို့အဲလို cover လုပ်နိုင်သေးလို့ပဲ ကျနော်တို့ကို စိတ်ချရအောင် Q ဝင်ခိုင်းတယ်လို့မြင်တယ်။ ဒါပေမဲ့ နောင်တချိန်ပေါ့နော် မတော်တဆ ထပ်ပြီးတော့ နောက်တလ နှစ်လမှာ အဲလိုမျိုး ဆရာဝန်တွေ Q ဝင်နေရရင် ဒါတော်တော်လေး အခြေအနေဆိုးတဲ့အနေအထား ရောက်နေပြီဗျ။ အဲလိုမျိုးအနေအထား မရောက်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။”

Q ဝင်နေရတဲ့ကာလပြည့်ရင် ကိုယ်ပိုင်ဆေးခန်းပြန်ဖွင့်မှာဖြစ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အထွေထွေရောဂါကုဆေးခန်းတွေမှာ လူနာတွေကိုဘယ်လိုထားရှိပြီး ဆရာဝန်ကိုယ်တိုင်ကလည်း လိုက်နာဆောင်ရွက်ဖို့လိုတဲ့အချက်တွေကို တိကျတဲ့လမ်းညွှန်ချက် ထုတ်ပေးစေချင်တယ်လို့ ဒေါက်တာဇေသူအောင်က ဆက်ပြောပါတယ်။

ကိုဗစ်ကို တိုက်ထုတ်နေရတဲ့ကာလမှာ လူနာတွေအနေနဲ့ လိုအပ်တဲ့အချက်အလက်တွေကို အတိအကျပြောပြပေးဖို့လိုပြီး ဆရာဝန်တွေကလည်း ရောဂါကာကွယ်ရေးအတွက် ချမှတ်ထားတဲ့နည်းလမ်းတွေအတိုင်း ဆောင်ရွက်မှသာ ဒီရောဂါကူးစက်ခံရတာ ကာကွယ်နိုင်မယ်လို့ ဒေါက်တာဇေသူအောင်က အကြံပေးထားပါတယ်။

“ကျနော်က ပြင်ပဆရာဝန်တယောက်အနေနဲ့ ဆရာဝန်တွေ ကူးစက်တဲ့အကြောင်းရင်းကဗျ လူနာတွေဆီက CC (Contact Cases) အပြည့်မရတာပဲ ဖြစ်လိမ့်မယ်ဗျ။ ဥပမာဗျာ လူနာတယောက်ကို ပုံမှန်အခြေအနေမှာဆိုရင် လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေနဲ့ ဒီဖျားတဲ့လူနာကို ကျနော်တို့ကကြည့်တယ်ဗျာ။ သူ့မှာ Contact လည်းရှိတယ်၊ ဖျားတာလည်းရှိတယ်၊ ခရီးသွားရာဇဝင်လည်းရှိတယ်ဆိုရင် ကျတော်တို့က သေချာ Cover လုပ်ပြီးကြည့်ပေးတယ်။ ဒါပေမယ့် တခါတလေကျရင် Lit ဖြစ်သွားတာလေးတွေ ရှိတာပေါ့နော်။ ဥပမာ လူနာကရိုးရိုးလေးဆိုပြီးတော့ ကျတော်တို့ PPE တွေချွေတာတဲ့အခါမျိုး ရှိတယ်။ အဲဒါမျိုးကျရင် မလိုအပ်ပဲနဲ့ ကူးသွားတာမျိုး ရှိတာပေါ့ဗျ။”

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ဒီရောဂါကို ကုသထိန်းချုပ်ရာမှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့ ကုသရေးပိုင်းမှာ လိုအပ်ချက်ရှိမှုတွေက မြို့ပြတွေထက် နယ်မြို့တွေမှာပိုများနေတာ တွေ့ရပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုတွေအပြင် ပြင်ပကအလှူရှင်တွေဆီကပါ အကူအညီတောင်းခံနေရတဲ့အထိ ရှိနေတာပါ။

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာတော့ ကိုဗစ်လူနာမရှိသေးပေမဲ့ ပြည်ပက ပြန်လာသူတွေကို အသွားအလာ ကန့်သတ်ထားတာကြောင့် ဖြစ်လာခဲ့ရင် သံသယလူနာ ၆ ဦးအတွက် သီးသန့်ထားရှိကုသပေးဖို့ နေရာပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ငါးသိုင်းချောင်းပြည်သူ့ဆေးရုံမှာ ဆရာဝန်တဦးနဲ့ သူနာပြုဆရာမ ၁၀ ဦးအပြင် အောက်ခြေဝန်ထမ်း ၇ ဦးသာရှိပေမဲ့ ဒါဟာတိုက်နယ်ဆေးရုံတခုအတွက် အင်အားပြည့်တဲ့အနေအထားမှာရှိတယ်လို့ ဒေါက်တာနေဝင်းထွန်းကပြောပါတယ်။

ဒါပေမဲ့ အခုလို ရောဂါရှိသူတွေနဲ့ထိတွေ့ခဲ့သူတွေကို Quarantine ထားတဲ့အနေအထားမှာ အစားထိုးနိုင်ဖို့အတွက် သူနာပြုဆရာမနဲ့ အောက်ခြေဝန်ထမ်းတွေကို အဖွဲ့လိုက်ခွဲပြီးတာဝန်ထမ်းဆောင်ဖို့ ကြိုတင်ဆောင်ရွက်ထားပေမဲ့ ဆရာဝန်တယောက်တည်း ဖြစ်နေတဲ့အခြေအနေမှာတော့ လစ်ဟာမှု ရှိနိုင်တယ်လို့ သိရပါတယ်။

အခုလို ကျန်းမာရေးဝန်ထမ်းအင်အားနဲ့ ပစ္စည်းကိရိယာ လုံလောက်မှု မရှိသေးတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ ချမှတ်ထားတဲ့လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာပေးဖို့ ဒေါက်တာနေဝင်းထွန်းက တောင်းဆိုထားပါတယ်။

“ဖြစ်လာရင် ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေမှာ ပစ္စည်းပစ္စယကလည်း လုံလုံလောက်လောက်မရှိဘူး။ လူအင်အားလည်း လုံလုံလောက်လောက် မရှိဘူး။ ဖြစ်လာရင် ကျတော်တို့အခက်အခဲတွေ အမြောက်အများဖြစ်ဖို့ရှိပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုက ကိုယ့်အိမ်ထဲမှာကိုယ်နေပြီးတော့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပေးစေချင်တယ်။ အဲဒါလေးကို ဒီသက်ဆိုင်ရာလူကြီးတွေကို သိစေချင်ပါတယ်။”

ငါးသိုင်းချောင်းမြို့ ပြည်သူ့ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် N95 Mask နဲ့ သွေးထဲက အောက်စီဂျင်ဓာတ်ကို တိုင်းတာတဲ့စက်လိုအပ်မှုရှိနေတယ်လို့ သိရပါတယ်။

ကိုဗစ်လူနာတွေထဲက ရောဂါပျောက်ကင်းသူ ၉ ဦးထဲမှာ ဆေးရုံဆင်းခွင့်ရထားသူတွေထဲ ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့ လူနာနံပါတ် ၁၅ လည်း ပါဝင်ပြီးဖြစ်ပါတယ်။

ဒီကနေ့စာရင်းတွေအရ ကမ္ဘာ့နိုင်ငံနဲ့နယ်မြေပေါင်း ၂၁၀ မှာ လူပေါင်း သိန်း၂၀ ကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးသူ ၁၇၀,၀၀၀ ကျော်ရှိခဲ့ပြီး ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၆၅၀,၀၀၀ ကျော်ရှိထားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]























XS
SM
MD
LG