သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသွားရာဇဝင်မရှိသူတွေကြား COVID-19 ကူးစက်လာမှုအပေါ် သတိထားကြဖို့ မြန်မာ ကျန်းမာရေးပညာရှင်တွေ သတိပေး


(Zawgyi/Unicode)

COVID-19 ထပ်တိုးလူနာတွေထဲမှာ ပြည်ပခရီးသွားရာဇဝင် မရှိသလို ရောဂါဖြစ်ပွားနေသူတွေနဲ့ ထိတွေ့မှု မရှိထားဘဲ ကိုဗစ်ရောဂါပိုးတွေ့သူ ဦးရေ မြင့်တက်လာမှု အပေါ် သတိထား ဆင်ခြင်ဖို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးတဲ့သတင်းကို မမေခ က တင်ဆက်ပေးပါမယ်။

ဒီပိုးဟာဟာအမြဲတမ်းလက္ခဏာပြသတာမဟုတ်ဘဲတချို့လူတွေမှာရောဂါလက္ခဏာလုံးဝမပြဘဲ တခြားသူတွေကို ကူးစက်နိုင်တာမို့ ပိုသတိထားဖို့ လိုတယ်လို့ ကျမ်းမာရေးကျွမ်းကျင်သူတွေက ထောက်ပြနေတာပါ။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြုခံထားရတဲ့ လူနာ ဦးရေ ပမာဏမြင့်တက်နေသလို ပိုးတွေ့သူ အများစုက ရန်ကုန်က ဖြစ်နေတာမို့ ရန်ကုန်က ရောဂါဖြစ်ပွားတဲ့ ဗဟိုချက်လို ဖြစ်လာမှာကိုလည်း စိုးရိမ်ကြပါတယ်။ ပိုးတွေ့လူနာတွေထဲမှာ community transmission လို့ခေါ်တဲ့ ခရီးသွားရာဇဝင် မရှိသလို ရောဂါဖြစ်ပွားသူနဲ့ထိတွေ့မှုမရှိပဲ ပိုးကူး စက်ခံရမှုတိုးလာနေတာတွေကြောင့် ကျန်းမာရေးတာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။

COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲအပြင်သွားတာမျိုးကို ရှောင်ကြဉ်ပြီး နေအိမ် အဝင်အထွက်များကို ဂရုစိုက်ဖို့နဲ့ မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကိုဗစ် ဒီ့ထက်ပိုပြီး မဖြစ်ပွားလာအောင် လူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးဆုံးဖြစ်သလို အစိုးရ တာဝန်ရှိ သူပိုင်းကလည်း ပြည်သူကို စနစ်ကျတဲ့ ဦးဆောင်မှုမျိုးတွေနဲ့ ညွှန်ကြားပေးဖို့ လိုအပ်တယ်လို့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ မိုးအောင်ကျော်နိုင်က ပြော ဆိုလိုက်ပါတယ်။

ခရီးသွားရာဇဝင်လည်းမရှိ၊ ရောဂါရှိသူနဲ့ ထိတွေ့မှုမှတ်တမ်း မရှိတဲ့ သူတွေများလာမယ်ဆိုရင် ရောဂါပိုးကူးစက်ခံရသူ ရုတ်တရက်အများအပြားထဖြစ်သွားတဲ့ (Outbreak) ဖြစ်လာနိုင်တာကြောင့် ဒါကိုသတိထားဖို့ ဒေါက်တာ မိုးအောင်ကျော်နိုင်က ပြောပါတယ်။ လက်ရှိ အခြေအနေနဲ့ပတ်သတ်လို့ သူက အခုလို သတိပေးသွား တာပါ။

"သူ့ရဲ့ natural history အတိုင်းပဲ လို့ ကျောန်တို့ကတော့ ထင်တယ်။ Local ပြီးရင် လာမယ်ဆိုတာ သိတယ်လေ။ နိုင်ငံတိုင်းကို ပြန်ကြည့်ရင်လည်း ဘယ်သူမှန်းမသိတာတွေကနေ ကူးတာတွေ ၊ အဲကနေ မိသားစုတွေပါလာမယ်။ ပို ဂရုစိုက်ကြပါလို့ ဒီထက် တဖြေးဖြေး များလာဖို့ပဲ ရှိတယ်ပေါ့။ နောက်ပြီး ဒါမျိုးတွေ ပိုပြီးတော့ တွေ့လာဖို့ ရှိတဲ့အတွက် နောက်ပိုင်း ပိုပြီး ဂရုစိုက် သွားလာဖို့ပဲ ပြောချင်ပါတယ်။”

ဒီလို COVID-19 ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ ရောဂါကာကွယ် ထိန်းချုပ်ရေး အစီအစဉ်တွေအပေါ် စိုးရိမ်စိတ်တွေ ဖြစ်နေကြသူ တွေလည်း ရှိနေသလို ထိန်းချုပ်ရေး ပိုင်းနဲ့ပတ်သတ်လို့ လွဲမှားတဲ့ စီမံခန့်ခွဲမှု တွေ့တယ်ဆိုပြီး အစိုးရအပေါ်မှာလည်း ဝေဖန်ထောက် ပြမှုတွေ လုပ်လာကြတာလည်းရှိပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ အစိုးရရဲ့ ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေမှာ အားနည်းမှုတွေ ရှိတာကြောင့် အမြန်ဆုံးပြင်ဆင်ဖို့ ထောက် ပြသွားပါတယ်။

“သွားလာ လှုပ်ရှားမှုဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို သွားတွေ့တယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံမှာ တကယ်တမ်းက သွားလာလှုပ်ရှားမှုကို မကန့်သတ်နိုင်ဘူး၊ မထိန်းချုပ်နိုင်ဘူးဆိုရင် ရောဂါပိုး ပြန့်နှံ့ဖို့အတွက် ပိုပြီးတော့ စိုးရိမ်စရာရှိပါတယ်။ လက်ရှိ ၁၀၀ ကျော်လောက် ကူးစက်ခံနေရတဲ့ အခြေအနေမျိုးမှာ အစိုးရပိုင်း ခေါင်းဆောင်တွေအနေနဲ့ သွားလာ လှုပ်ရှားမှုကန့်သတ်တဲ့ အမိန့်ထုတ်ပြန်ဖို့ သုံးသပ်သင့်တယ်လို့ မြင်ပါတယ်။”

လူတွေ ခပ်ခွာခွာနေစေတာကို အချိန်စောစောကတည်းက စည်းမျဉ်းချလိုက်နိုင်တဲ့ နိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် ကောင်းကျိုးများစွာဖြစ်ခဲ့ကြောင်း ကျန်းမာရေးပညာရှင်တွေက ထောက်ပြကြသလို ဒီလိုလူတွေ လိုက်နာနေထိုင်စေဖို့အတွက်က ရောဂါထိန်းချုပ်ရေးအတွက် အစိုးရရဲ့ စီမံမှုတွေ ကောင်းဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံအဖို့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု တားဆီးရေးနဲ့အတူ ပါလာတဲ့ စိန်ခေါ်ချက်တွေက အများအပြားရှိနေတာကြောင့် ပြည်သူတွေ အနေနဲ့ ချမှတ်ထားတဲ့ လိုက်နာဖို့ ထုတ်ပြန်ထားတာတွေကို အသေအချာ လိုက်နာပေးမှ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်နိုင်မှာ ဖြစ်တာကြောင့် ပြည်သူတွေပါဝင်ဖို့ တိုက်တွန်းလာသူကတော့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ကျော်စွာဦးပါ။

“ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အထူးသဖြင့် ခပ်ခွာခွာနေဖို့ ကိစ္စတွေ လူစုလူဝေးတတ်နိုင်သလောက်ရှောင်တို့ ၊ မဖြစ်မနေ အပြင်သွားရင် မက်စ်တပ်ဖို့ ၊တတ်နိုင်သမျှ ပွဲလမ်းတွေ ရှောင်ဖို့ အဲဒါတွေအရေးကြီးပါတယ်။ တတ်နိုင်သမျှ အိမ်ထဲမှာနေလို့ ရရင် အိမ်ထဲမှာ နေတာအကောင်းဆုံးပေါ့နော်။ နောက်ဆုံး ကိုယ့်အနေနဲ့လည်း ကူးစက်နိုင်တယ်ဆိုတာလေး စိတ်ထဲမှာထားပြီးတော့ တတ်နိုင်သမျှ ကိုယ်လဲကာကွယ် ၊ ကိုယ့်မိသားစုကို ကာကွယ်တဲ့သဘောပါ။”

ထုတ်ပြန်ထားတဲ့ စာရင်းတွေ အရ ခရီးသွားရာဇဝင်လည်းမရှိ၊ ရောဂါရှိသူနဲ့ ထိတွေ့မှုမှတ်တမ်း မရှိဘဲ ကူးစက်ခံရသူ ၅ဦးရှိနေပြီး ခုချိန်ထိ သူတို့ ကူးစက်ခံရမှု အပေါ် ရှင်းရှင်း လင်းလင်း ပြောဆိုနိုင်တာ မရှိသေးပါဘူး။ ဒီလိုကူးစက်ခံရသူတွေ နောက်ထပ်ရှိမလာအောင် ဘယ်လိုအစီအမံတွေ ဆောင်ရွက်နေသလဲ ဆိုတာနဲ့ ပတ်သတ်လို့ ကျန်းမာရေးဝန်ကြီးဌာနဘက်ကို ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ တနင်္ဂနွေကထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အခုဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။


................


(Unicode)















XS
SM
MD
LG