သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID- 19 သံသယဓါတ်ခွဲနမူနာများ မြန်မာနိုင်ငံတွင်း စတင်စစ်ဆေး


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုက်ရောက် လေယာဉ်တွင် ပါလာသော ခရီးသွားများကို အပူချိန်တိုင်းနေစဉ် ( ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၂၀၂၀)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုက်ရောက် လေယာဉ်တွင် ပါလာသော ခရီးသွားများကို အပူချိန်တိုင်းနေစဉ် ( ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၂၀၂၀)

(Zawgyi/Unicode)

Covid-19 ရောဂါရှိ မရှိ ဒီကနေ့ကစပြီး မြန်မာနိုင်ငံတွင်းမှာပဲ စတင်စစ်ဆေး အတည်ပြုနိုင်ပြီ ဖြစ်ပြီး ဓာတ်ခွဲနမူနာတွေကို ထိုင်းနိုင်ငံက ရည်ညွှန်းဓာတ်ခွဲခန်းဆီ ပို့စရာ မလိုတော့ဘူးလို့ ရန်ကုန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL တာဝန်ရှိသူက ပြောပါတယ်။ မြန်မာနိုင်ငံက အခုလက်ရှိ စောင့်ကြည့်လူနာ သုံးဦးရဲ့ ဓာတ်ခွဲနမူနာ တွေကို ဒီကနေ့ NHL ကို ပို့ပြီး စစ်ဆေးမယ် လို့လည်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ရှိသူကလည်း ပြောပါတယ်။

အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

မြန်မာနိုင်ငံက COVID- 19 စောင့်ကြည့်နဲ့ သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို အရင်က ထိုင်းနိုင်ငံမှာရှိတဲ့ ရည်ညွှန်းဓာတ်ခွဲခန်းဆီကို ပေးပို့ပြီး ရောဂါရှိ မရှိ အတည်ပြုချက်ရယူခဲ့ရပေမယ့် ဒီကနေ့ကစပြီး မြန်မာနိုင်ငံတွင်းမှာပဲ စစ်ဆေးပြီး အတည်ပြုချက်ရယူနိုင်တော့မယ်လို့ NHL အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က အခုလိုပြောပါတယ်။

“ဒီနေ့ကတော့ ထိုင်းမပို့တော့ဘူး။ ဒါပေမယ့် အရင်ရက်တွေတုန်းက ကျတော့ Sample တခုလာပြီဆိုလို့ရှိရင် အဲဒီ Sample ကိုတဝက်ခွဲလိုက်တယ်ပေါ့နော်။ တဝက်ခွဲပြီး ယိုးဒယားကိုပို့တယ်။ တဝက်ကို အစ်မတို့ဟာ အစ်မတို့စစ်တာဆိုတော့ အစ်မတို့စစ်နေတာ တော်တော်များနေပြီ။ အခုနှစ်ဆယ် ကျော်သွားပြီလေ။ ကျော်တဲ့အခါကျတော့ ဒီနေ့မှတော့ စစစ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ခါတိုင်းကတော့ ထိုင်းနဲ့အဖြေပြန်တိုက် တာပေါ့နော်။ အခုဟာက ဒီနေ့ကတော့ မတိုက်တော့ဘူး။ ထိုင်းကိုလည်း မပို့တော့ဘူးပေါ့နော်။ အစ်မတို့ဟာ အစ်မတို့ ဒီနေ့ အဲဒီ (ဓာတ်ခွဲနမူနာ) သုံးခုလုံးကို Run မှာပေါ့နော်။”

အခုလိုစစ်ဆေးနိုင်ဖို့အတွက် လိုအပ်တဲ့ ဓာတ်ခွဲပစ္စည်းတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံဆီကနေ လက်ခံရရှိခဲ့တာပါ။ မြန်မာ့ဓါတ်ခွဲခန်းမှာ လူနာ ၂၀ကျော်ရဲ့ ဓာတ်ခွဲနမူနာတွေကို အရင်စစ်ဆေးခဲ့ပြီး ထိုင်းနိုင်ငံက ရည်ညွှန်းဓာတ်ခွဲခန်းဆီက ရလာတဲ့ အဖြေနဲ့ ယှဉ်ကြည့် ရာမှာ ကိုက်ညီမှုရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ရည်ညွှန်းဓာတ်ခွဲခန်းတွေထဲက တခုဖြစ်တဲ့ ထိုင်းနိုင်ငံက ရည်ညွှန်းဓာတ်ခွဲခန်း ဆီကို ပေးပို့တုန်းက ရောဂါ ရှိ မရှိ အဖြေရဖို့ လေးရက်လောက် စောင့်ခဲ့ရပေမယ့် ဒီနေ့ကစပြီး ၂၄နာရီအတွင်း အဖြေကို ထုတ်နိုင်တော့မယ်လို့လည်း ဒေါက်တာဥမ္မာဆွေတင်က ပြောပါတယ်။

“ထိုင်းကိုပို့တုန်းကကျတော့ သုံးရက်လောက်ကြာတယ်။ တခါတလေကျလို့ရှိရင် စနေ၊ တနင်္ဂနွေလိုမျိုးုဆိုရင် သူတို့ဘက်က မလုပ်ဘူးလေ။ အဲဒါဆိုလို့ရှိရင် လေးရက် လောက်ဖြစ်သွားတယ်ပေါ့နော်။ အစ်မတို့မှာကျတော့ အခုမနက်အစော Run လို့ရှိရင် အဖြေက ညနေဆိုထွက်တယ်။ ဒါပေမယ့် တကယ်လို့ Positive တွေဘာတွေများ ထွက်ခဲ့သည်ရှိသော် ဆိုလို့ရှိရင်တော့ အစ်မတို့ဘက်က Confirmation နောက်ရက်တော့ ပြန် Run ပေးဖို့ လိုသေးတယ်။ အဲဒီကျမှပဲ အဖြေထုတ်နိုင်မှာပေါ့နော်။ ပုံမှန်ဆိုရင်တော့ ၂၄ နာရီအတွင်း အဖြေရမယ်။”

လက်ရှိမှာ စောင့် ကြည့် လူနာ ၃ ဦး ရှိနေပြီး တဦးက ဝေဘာဂီအထူးကုဆေးရုံမှာ တက်ရောက်နေတဲ့ အသက် ၄၀အရွယ် တရုတ်အမျိုးသား၊ နောက် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးမှာ တက်ရောက်နေတဲ့ အသက် ၂၆နှစ်အရွယ် မြန်မာအမျိုးသမီးနဲ့ နောက်တဦးကတော့ မကွေးပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ အသက် ၂၅နှစ်အရွယ် မြန်မာအမျိုးသားတို့ ဖြစ်ပြီး သူတို့သုံးဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန် NHL ဓါတ်ခွဲခန်းကို ပို့ပြီး ဒီကနေ့ စစ်ဆေးမယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကို ပြောပါတယ်။

“Sample သုံးခုကို ဒီနေ့ NHL မှာ စစ်ဆေးမှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံမှာပဲ စစ်ဆေးနိုင်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် အဖြေသိရလို့ရှိရင်လည်း မြန်မြန်ဆန်ဆန်ထုတ်ပြန်နိုင်မယ်။ အဲဒီအဖြေသိရတဲ့ နောက်ကွယ်မှာ လုပ်ဆောင်စရာတွေကိုလည်း မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်ပေါ့နော်။ ဒါတွေက အားသာချက်ပေါ့။ တကယ်လို့သာ Negative ဖြစ်တယ်ဆိုလို့ရှိရင်လည်း ဒါ Negative ဖြစ်တဲ့အလျောက် ကျမတို့မှာ လုပ်ဆောင်စရာတွေရှိပါတယ်။ Positive ဖြစ်တယ်ဆိုလို့ရှိရင်လည်း ကျမတို့မှာ ဆက်လုပ်စရာတွေရှိပါတယ်။”

မြန်မာနိုင်ငံမှာ COVID- 19 ရောဂါ ကူးစက်မှု လုံးဝမရှိသေးပေမယ့် ပြည်သူလူထုအနေနဲ့ မပေါ့ဆဖို့ သတိပေးမှုတွေနဲ့ အတူ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ဖို့၊ လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ပြီး လက်ကိုစနစ်တကျ မကြာခဏဆေးပေးဖို့ အပါအဝင် ချောင်းဆိုးနှာချေရင် ပါးစပ်အုပ်ဖို့အတွက်ကိုလည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၂၉နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက် မနက်ပိုင်းစာရင်းအရ လူပေါင်း ၇၆၀၀၀ ကျော် အကူးစက် ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီးသင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၆၂၁ ယောက်ရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာ ဖြစ်ပြီး သေဆုံးသူကတော့ စုစုပေါင်း ၂၁၀၀ ကျော်ထိ ရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)













XS
SM
MD
LG