သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ဆိုင်ရာထောက်ခံချက်ရှိသူ တရုတ်ခရီးသွားတွေ မြန်မာ e-visa လျှောက်ယူနိုင်


(Zawgyi/Unicode)

တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တသီးပုဂ္ဂလအစီအစဉ်နဲ့ လာရောက်မယ့်သူတွေ တရုတ်အစိုးရက တရားဝင် ထုတ်ပေးတဲ့ ကျန်းမာရေးထောက်ခံစာ တင်ပြနိုင်ရင် e-visa လျှောက်ထားနိုင်တယ်လို့ ဟိုတယ်နဲ့ခရီးသွား ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန် ပါတယ်။

Covid-19 ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားတာကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ နှစ်နိုင်ငံအကြား အပြန်အလှန်ခရီးစဉ်တွေ ခေတ္တရပ်ဆိုင်းထားချိန်မှာပဲ အခုလို ထုတ်ပြန်တာပါ။ မြန်မာ ခရီးသွားလုပ်ငန်းတွေကတော့ ခုချိန်မှာ တရုတ်နိုင်ငံသားတွေကို ဝင်ခွင့်ပေးတာ ရပ်ထားသင့်တယ်လို့ အကြံပြုကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

တရုတ်ခရီးသွားတွေအတွက် ခရီးစဉ်ဆောင်ရွက်တာတွေကို နှစ်နိုင်ငံအပြန်အလှန် ဆိုင်းငံ့ထားပေမဲ့ ကျန်းမာရေးထောက်ခံစာတင်ပြနိုင်မယ်ဆိုရင် တရုတ်ခရီးသွားတွေ e-visa လျှောက်ထားနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ပြောပါတယ်။

“တားမြစ်လိုက်တဲ့အချိန်မှာ ခရီးသွားကုမ္ပဏီတွေကတော့ ဝန်ဆောင်မှု မပေးတော့ဘူး။ သို့သော်လည်း individual လာတဲ့ FIT တွေရှိတယ်ဗျာ၊ သူဖာသူ သံရုံးတို့ e-visa တို့လျှောက်ပြီးတော့ ဝင်ရောက်လာမယ်ဆိုရင်လည်း လာလို့ရတဲ့အနေအထား ဖြစ်နေတယ်ဗျာ။ အဲလိုလာတဲ့သူတွေဆို လာလို့ရတယ်၊ လာလို့မရဘူးလို့မပြောဘူး သို့သော် e-visa လျှောက်ထားရင် ဝူဟန် ဗိုင်းရပ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးပြီးပါပြီ၊ ဟူဘေးပြည်နယ်ကို ၁၄ရက်အတွင်း သွားရောက်ခဲ့ခြင်း မရှိပါဘူး ဆိုတဲ့ ထောက်ခံချက်တွေတောင်းလိုက်တာပါဗျ။ အဲဒီ ထောက်ခံချက်တွေပါမှ e-visa လျှောက်လို့ရမယ် ဆိုတာလေး ထုတ်ပြန်လိုက်တာပါ။”

တရုတ်အစိုးရကိုယ်တိုင်က သူ့နိုင်ငံသားတွေကို ပြည်ပခရီးစဉ်တွေမရောင်းချဖို့ တရုတ်ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေကို ဇန်နဝါရီ ၂၄ရက်မှာ အသိပေးထားပါတယ်။ ဒါကြောင့် e- visa နဲ့ တရုတ်နိုင်ငံဘက်က ဝင်ရောက်လာသူတွေဟာလည်း တရားဝင်ကုမ္ပဏီတွေကနေ လာတဲ့သူတွေ ဟုတ်၊ မဟုတ်ဆိုတာ စိစစ်သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်တွေက အစိုးရကို အကြံပြုခဲ့ပါတယ်။

“တရုတ် Tourist တွေကို ဗီဇာ မပေးပါဘူးဆိုပြီး အစိုးရက ကြေညာရမယ်၊ နှစ်ဘက်နှိင်ငံအကျိုးအတွက်ပါ။ ဘာနည်းနဲ့မှ ကျန်းမာရေး ဗီဇာတွေဘာတွေ၊ ဥပမာ စီးပွားရေးအရ လာမယ့်ကိစ္စရှိသူ အဲဒါဆိုသေချာစိစစ်ပြီး ကြိုတင်ပြင်ဆင်ပြီးလာလို့ရတယ်။ အဲဒါကလွဲလို့ tourist visa ဆိုရင် ဘယ်သူမှ မပေးသင့်ဘူး။”

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေ သတိထားစောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဌာနပြောတဲ့သတင်းကို နားဆင်နိုင်ပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးအေးကျော် ပြောသွားတာဖြစ်ပါတယ်။

တရုတ်ခရီးသွားတွေကြောင့် အခြေခံလုပ်သားတွေအနည်းငယ်ထိခိုက်နိုင်ပေမဲ့ ကြီးကြီးမားမား အပြောင်းအလဲမရှိတာကြောင့် ခရီးစဉ်တွေ ယာယီဆိုင်းငံ့ ထားတာကို လက်ခံကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

“ လူတန်းစားတရပ်အတွက် နည်းနည်းလေးထိခိုက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တမျိုးသားလုံး အကျိုးစီးပွားနဲ့ ယှဉ်ရင်တော့ ကျနော်တို့က ဝင်ငွေ ထိခိုက်တာထက် အဓိက က အခုလိုကျန်းမာရေးကို ဂရုစိုက်ရတဲ့ အခြေအနေတခုမှာ ကိုယ့်နိုင်ငံက လူတွေရဲ့ စိတ်ပူပန်မှုကို နည်းနည်းလျော့စေတယ်လို့ ကျနော်တို့က လက်ခံတယ်၊ ဆိုတော့ လောလောဆယ် ယာယီရပ်တန့်လိုက်တာကို လက်ခံတယ်မူအားဖြင့်၊ ဒါ positive decision လို့ယူဆတယ်။”

ပြည်တွင်းကို နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုက ၂၀၁၉ မှာ ၂၀၁၈ ထက် ၃၈% တိုးလာပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အချက်အလက်တွေအရဆိုရင် တရားဝင်ဗီဇာနဲ့လာတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ ၂၀၁၉ မှာ ၂သန်းနီးကျော်ရှိပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံသားက ၇သိန်းကျော်နဲ့ အများဆုံးဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟမ်မြို့ကနေ စတင်ကူးစက်လာတဲ့ Covid 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၂၈ နိုင်ငံကိုကူးစက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ရက် မနက်ပိုင်း စာရင်းအရဆိုရင် လူပေါင်း ၇၅၀၀၀ ကျော်ရှိပါတယ်။ ဒါဟာ ကမ္ဘာလှည့်အပျော်စီးသင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ အယောက် ၅၄၂ ယောက်ရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာ ဖြစ်ပါတယ်။ သေဆုံးကတော့ တရုတ်နိုင်ငံမှာအများဆုံးဖြစ်ပြီး စုစုပေါင်း ၂၀၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

..................


(Unicode)











ဆက်စပ်သတင်းများ ...

XS
SM
MD
LG