သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေ သတိထားစောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဌာနပြော


ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အန္တရာယ်ကို ကာကွယ်ရန် မျက်နှာများ ဖုံးအုပ်ထားသောသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ် (ဇန်နဝါရီ၊ ၃၁၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အန္တရာယ်ကို ကာကွယ်ရန် မျက်နှာများ ဖုံးအုပ်ထားသောသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ် (ဇန်နဝါရီ၊ ၃၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စတင်ခဲ့တဲ့ တရုတ် နိုင်ငံ ကနေ မြန်မာနိုင်ငံကို မကြာသေးခင်ကမှ လာရောက်တဲ့ တရုတ်နိုင်ငံသားတွေကို အထူးသတိထား စောင့်ကြည့် နေတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးမှူးတွေက ပြောပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ ပြည်တွင်းဝင်လာတဲ့ တရုတ်နိုင်ငံသားက အတော် များနေပြီး ဒီလိုဝင်လာသူတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို တော့ ဒေသခံတွေဘက်က သိပ် ဘဝင်မကျကြပါဘူး။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသလားဆိုတဲ့ သံသယနဲ့ ရန်ကုန် ဝေဘာဂီ ကူးစက်ရောဂါ အထူးကု ဆေးရုံမှာ အတွင်းလူနာအဖြစ် ပထမဆုံး စောင့်ကြည့် ကုသ ပေးခဲ့ရသူဟာ တရုတ် နိုင်ငံသား တဦးဖြစ်နေသလို နောက်ထပ် သံသယ စောင့်ကြည့် လူနာအဖြစ်လည်း တရုတ်နိုင်ငံသား တဦးကို ထပ်မံတွေ့ခဲ့ရတာပါ။

ဒါ့အပြင့်ပြင်းထန်အဆုတ်ယောင်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စတင်ခဲ့တဲ့ တရုတ် နိုင်ငံ က တရုတ်နိုင်ငံသားတွေ အလုပ်ကိစ္စနဲ့ မြန်မာနိုင်ငံ တလွှား လွတ်လွတ် လပ်လပ်နဲ့ ဝင်ထွက် သွားလာ နေကြတာကို မြင်တွေ့နေရတဲ့အတွက် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဘက်က ငှက်ပျောခြံတွေ၊ စစ်ကိုင်းတိုင်းက ဖရဲစိုက်ခင်းတွေ၊ ရန်ကုန်နဲ့ မန္တလေးက စက်မှုဇုံတွေ၊ သတ္တုနဲ့ ကျောက်မျက် တူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ တရုတ်လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံကို ပုံမှန် ဝင်ထွက်၊ သွားလာနေကြတာပါ။

“တရုတ်နိုင်ငံသားဆိုရင် ကျနော်တို့ခေါင်းထဲမှာ ပိုပြီးတော့ အလေးထားပြီး စစ်ဆေးတာပေါ့နော်။ အဲဒီတော့ စည်းကမ်းကတော့ တပြေးညီတည်းပါပဲ အားလုံး။ သူတို့လည်း ကျမ်းမာရေးဌာနကရော၊ သူတို့ကုမ္ပဏီတွေကရော၊ ၁၄ ရက်အတောအတွင်း၊ ၁၄ ရက်အတောအတွင်းတောင် မဟုတ်ဘူး... ဒီရက်ထဲမှာ တောက်လျှောက် ကျမ်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိလို့ရှိရင် အဓိက လက္ခာဏာတွေ ဖြစ်ရင် သတင်းပေးပို့ ကျနော်တို့ (သူတို့နဲ့) ဆက်သွယ်ထားတယ်။”

တရုတ်ပြည်ရောက် ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာသိန်းမြို့က ပြောသွားတာဖြစ်ပါတယ်။

တရုတ်နဲ့ နယ်မြေချင်းစပ်ဆက်နေတဲ့ ကချင်ပြည်နယ် ကန်ပိုက်တီးနယ်စပ်ဂိတ်၊ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ဂိတ် ၇ ခုနဲ့၊ ရှမ်းပြည်အရှေ့ပိုင်း လာအိုနဲ့ ထိုင်းနယ်စပ် ဂိတ် ၄ စတဲ့နယ်စပ်ဂိတ်တွေက ပြည်တွင်းဝင်လာတဲ့ ပြည်ပနိုင်ငံသားတွေ အထူးသဖြင့် တရုတ်နိုင်ငံသားတွေရဲ့ ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့်နေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးမှူးတွေက ပြောပါတယ်။

“ကျနော်တို့ မြို့နယ် အသီးသီးမှာ အခြေခံ ကျန်းမာရေး ဝန်ထမ်းတွေဟာ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲအထိ ကျနော်တို့ ဖြန့်ကျက် ချထားတာ ဖြစ်ပါတယ်။ ရောဂါ စောင့်ကျပ်ကြည့်ရှုခြင်း ကိစ္စတွေ၊ ဒါတွေကို ကျနော်တို့ နေ့စဉ်ကို သတင်းပို့ခိုင်းထားပါတယ်။”

ရှမ်းပြည်နယ် အရှေ့ပိုင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမြင့်ကျော် ပြောသွားတာဖြစ်ပါတယ်။

မြန်မာပြည်ထဲဝင်လာတဲ့ ဒီ တရုတ်နိုင်ငံသားတွေမှာ ဒီရောဂါပိုးရှိ၊ မရှိ အစိုးရက စောင့်ကြည့်၊ စစ်ဆေးနေပေမယ့် တာဝန်ရှိသူတွေရဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေ ကိုတော့ သိပ် အားမရဘူးလို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောပါတယ်။

“ကျမကတော့ သုံးသပ်ရမယ်ဆိုရင် အရမ်းအားနည်းပါတယ်ရှင့်။ ဒီရောဂါကြောင့် သူတို့ဟာ မြန်မာနိုင်ငံဘက်ကို များများ ကူးလာတဲ့သဘော ရှိတယ်ပေါ့။ ဒီဖရဲစိုက်ခင်းတွေမှာလည်း တရုတ်တွေ ဝင်လာတယ်။ ရောဂါတွေက အမှန်တကယ် တရုတ်ပြည်က ပါလာပြီဆိုရင် ဖရဲစိုက်ခင်းတွေမှာ သာမန် အလုပ်သမားတွေနဲ့ တရုတ်နိုင်ငံသားတွေက လက်ပွန်းတတီးနေတာရှင့်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တကမ္ဘာလုံးမှာ ၂၀,၆၀၀ ကျော် ရှိလာပြီး အဲဒီအထဲက ၂,၇၀၀ ကျော်က စိုးရိမ်ရတဲ့ အခြေအနေပါ။ တရုတ်နိုင်ငံတွင်း သေဆုံးတာက အများဆုံးဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းအထိ ၄၂၇ ယောက် ရှိပါတယ်။ ဒီရက်ပိုင်းအတွင်း ဖိလစ်ပိုင်မှာ တယောက်၊ ဟောင်ကောင်မှာ တယောက် သေဆုံးခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်ပိုင်း ပြန်ကျန်းမာလာတဲ့သူကတော့ ၆၀၀ ကျော်ရှိတယ်လို့ တရုတ်အစိုးရရဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

......................

တိုက်ရိုက် လင့်ခ်



[Unicode Version]















XS
SM
MD
LG