သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်ရောက် ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်


(Zawgyi/Unicode)

တရုတ်နိုင်ငံမှာ ပြည်နယ် ပေါင်း ၃၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ပျံ့နှံ့တဲ့နောက် မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ ယူနန်ပြည်နယ်ထဲက မြန်မာအလုပ်သမား ထောင်ချီပြီး နေရပ်ပြန်နေကြသလို ဒေသခံတွေ ဘက်ကလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ကချင်နဲ့ ရှမ်းမြောက် နယ်စပ်ဂိတ်ကနေ ပြန်လာသူတွေကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတွေက မှတ်တမ်းယူတာတွေ သူတို့နေရပ်ရောက်ပြီး ၁၄ ရက်ကြာတဲ့အထိ စောင့်ကြည့်ဖို့ အစီအစဉ်တွေ လုပ်နေပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတချို့ကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်း တင်ပြထားပါတယ်။

Corona ဗိုင်းရပ်စ် သံသယရှိ လေယာဉ်ခရီးသည်တဦး ဝေဘာဂီဆေးရုံပို့တဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါပြီ။

ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာတဲ့ တရုတ်ယူနန်ပြည်နယ်ထဲက စက်ရုံအလုပ်ရုံတွေကို ပိတ်လိုက်တာကြောင့် ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဂိတ်တွေကနေ လေးရက်အတွင်းမှာ ပြန်လာတဲ့ မြန်မာအလုပ်သမားဟာ ထောင်ချီရှိနေပါတယ်။ ပြန်လာသူတွေထဲမှာ ဖျားနာသူ မရှိကြောင်းနဲ့ သူတို့ နေရပ်ပြန်ရောက်ရင်လည်း သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေက ၁၄ရက် ဆက်ပြီးစောင့်ကြည့်ဖို့ စီစဉ်ထားကြောင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သိန်းမြို့က ပြောပါတယ်။

“Fever ( ဖျားနာသူ) မရှိသးဘူးဗျ ဝင်လာတဲ့အထဲမှာ။ ဘာလို့ဆို လူပေါင်း ၁,၀၀၀၊ ၂,၀၀၀ လောက်ကို တနေရာထဲမှာ ဘယ်မှမထွက်ရ၊ မသွားရ၊ မလာရဆိုတာ လက်တွေ့မကျတဲ့ အလုပ်ကြီးဆိုတော့ ဒါက နိုင်ငံတိုင်း လုပ်လို့၊ ဘယ်နိုင်ငံမှလည်း မလုပ်ပါဘူးနော့။ WHO guideline အတိုင်းပဲ ကျနော်တို့ ဆက်လုပ်နေပါတယ်။”

ယူနန်ပြည်နယ်၊ ထိန်ချုံးမြို့ကနေ ကချင်ပြည်နယ်၊ ကန်ပိုက်တီးလမ်းကနေ ဝင်လာတဲ့ မြန်မာအလုပ်သမားတွေဟာ လေးရက်အတွင်း ၂,၀၀၀ ကျော် ရှိပါတယ်။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ် ၇ ခုက ပြန်ဝင်လာတဲ့ ယူနန်ပြည်နယ်၊ ရွှေလီမြို့က မြန်မာတွေကိုလည်း ဂိတ်တိုင်းမှာ ကိုယ်အပူချိန်တိုင်းပြီး စစ်ဆေးနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့်က ပြောပါတယ်။

“ပြန်လာတဲ့သူတွေက နေ့တိုင်းတော့ များနေတာပဲလေနော်။ အခုရက်ပိုင်းတော့ နန်းတော်အပေါက်တို့၊ ဆင်ဖြူအပေါက်တို့ဆိုရင် မနေ့က ဝင်တာ ၂,၀၀၀ နီးပါးလောက် ရှိတာပေါ့နော် တဂိတ်ကို။ ဘာလုပ်ရမလဲဆိုတော့ ဖျားတယ်ဆိုရင် သတင်းပို့ရမှာပေါ့ အဲဒါဆိုရင် ဆရာတို့ရဲ့ ကျန်းမာရေး ဝန်ထမ်းတွေက passive surveillance ဆိုပြီး တခေါက်သွားကြည့်မှာပေါ့နော်။ ကြည့်တဲ့အခါကျရင်လည်း ဘယ်ကပြန်လာလဲပေါ့၊ ဝူဟန်ကနေ တိုက်ရိုက်အဆက်အစပ် ရှိသလား ဆိုတာ အဓိကပေါ့။”

ကချင်ပြည်နယ် မိုးညှင်းမြို့က အထက်တန်းရှေ့နေ ကိုတင်နိုင်ဝင်းကတော့ မြန်မာပြည်ရဲ့ နယ်စပ်ဝင်ပေါက်တွေဟာ မည်သူမဆို ဝင်ထွက်နိုင်သလို လုံခြုံရေးအားနည်းတယ်လို့ မြင်ပါတယ်။

“မြန်မာနိုင်ငံရဲ့ ဝင်ပေါက်ကတော့ သိတဲ့အတိုင်းပဲဆိုတော့ ပေါ့ဆလို့တော့ မရဘူးပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ရမယ့်အခြေအနေပေါ့။ သတင်းတခုကို confirm လုပ်ပြီးမှပဲ။ (ရောဂါကူးစက်တာ) ရှိ၊ မရှိ ဆုံးဖြတ်လို့မရတဲ့ အခြေအနေ ဖြစ်နေတာပေါ့။”

ဒီကနေ့ ဇန်နဝါရီ ၃၁ရက် မနက်ပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထုတ်ပြန်ချက်အရ နိုင်ငံ ၂၁ နိုင်ငံမှာ ကူးစက်ခံရသူ ၉,၇၀၀ လောက်ရှိပြီး သေဆုံးသူ ၂၁၃ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရတယ်လို့ သံသယရှိပြီး စမ်းသပ် စစ်ဆေးခံနေရတဲ့သူကတော့ ၁ သိန်းကျော် ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် အာရှနိုင်ငံတွေနဲ့ အနောက် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်ကို ပျံ့နှံ့လာတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် မနေ့ကကြေညာထားပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုအားနည်းပြီး ရောဂါပိုး ရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင်မှုအားနည်းတဲ့ နိုင်ငံတွေဆီ ကူးစက်သွားမယ့် အခြေအနေဟာ စိုရိမ်စရာ အကောင်းဆုံးလို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












ဆက်စပ်သတင်းများ ...

XS
SM
MD
LG