သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသံသယနဲ့ စောင့်ကြည့်နေသူ မြန်မာမှာ ၇ ဦးရှိ


ဇန်နဝါရီ ၃၁ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသံသယရှိသူကို ဆေးရုံသို့ပို့ဆောင်စဉ် (ဓါတ်ပုံ- Sai Aung Main / AFP)
ဇန်နဝါရီ ၃၁ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသံသယရှိသူကို ဆေးရုံသို့ပို့ဆောင်စဉ် (ဓါတ်ပုံ- Sai Aung Main / AFP)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိ၊ မရှိ စောင့်ကြည့်နေသူ ၇ ဦး ရှိသွားပါပြီ။ အဲဒီလူတွေကို သီးခြားခွဲထားပြီးတော့ စောင့်ကြည့်နေပြီး ဗိုင်းရပ်စ်ပိုးရှိမရှိ အတည်ပြုဖို့လည်း လုပ်နေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က စတင်ဖြစ်ပွားခဲ့တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် ကူးစက်ခံရသူနဲ့ သေဆုံးသူက တစစ တိုးလာနေပါတယ်။ ဒီရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံအပြင် တခြားနိုင်ငံတွေထိပါ ကူးစက်ပျံ့နှံ့လာပြီး အဲဒီထဲမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း ပါဝင်လာပါတယ်။

မြန်မာနိုင်ငံမှာတော့ အခုအချိန်ထိ ဒီရောဂါနဲ့ ပတ်သက်ပြီး သံသယစောင့်ကြည့်လူနာ ၇ဦးရှိလာပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ခုထက်ထိကတော့ သံသယစောင့်ကြည့်လူနာ ၈ ယောက်ရှိပါတယ်။ ၈ ယောက်မှာ ၁ ယောက်ကတော့ ဆေးရုံကဆင်းသွားပြီဖြစ်တဲ့အတွက် ၇ ယောက်ကျန်ပါတယ်။”

ပြီးခဲ့တဲ့လ ဇန်နဝါရီ ၃၁ ရက်က ကွမ်ကျိုးလေဆိပ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတဦးကို သံသယလူနာအဖြစ်နဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်စစ်ဆေးခဲ့ပြီး ရောဂါပိုးမရှိကြောင်း အတည်ပြုနိုင်ခဲ့လို့ မနေ့တုန်းက ဆေးရုံဆင်းခွင့်ပြုလိုက်ပါတယ်။

ဒါပေမဲ့ အဲဒီနေ့မှာပဲ နောက်ထပ် တရုတ်နိုင်ငံသား တဦးကို သံသယလူနာအဖြစ်နဲ့ လှိုင်သာယာပြည်သူ့ဆေးရုံကနေ ဝေဘာဂီဆေးရုံကို ပို့ဆောင်ခဲ့ပြီး သီးခြားထား ကုသပေးနေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“လှိုင်သာယာက အသက် ၃၂ နှစ်အရွယ်ရှိတဲ့ တရုတ်နိုင်ငံသားပေါ့နော်။ သူက ဖျားတယ်၊ ချောင်းဆိုးတယ်၊ အသက်ရှှုရခက်ခဲတာတွေ ရှိတယ်။ နောက် သူက ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း တရုတ်ပြည်က ပြန်လာတယ်။ အဲဒါကြောင့် ဒါတွေက သံသယလူနာနဲ့ ကိုက်ညီတဲ့အတွက်ကြောင့်မို့ သူ့ကိုသေချာ ဝေဘာဂီဆေးရုံကို ပို့ဆောင်ပြီးတော့ ကုသမှုပေးပါတယ်။ လက်ရှိမှာဆို ဝေဘာဂီဆေးရုံမှာ ပို့ဆောင်ပြီး ကုသတဲ့လူနာအနေနဲ့ နှစ်ယောက်ရှိပါတယ်။ ဒီလှိုင်သာယာက တရုတ်အမျိုးသားရယ်၊ နောက် ၁၅နှစ်အရွယ် ထိုင်ဝမ်ကလေးငယ်ရယ်။ သူတို့နှစ်ယောက်ကိုတော့ ဝေဘာဂီဆေးရုံမှာ ကုသမှုပေးနေပါတယ်။”

ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံမှာ တရုတ်နိုင်ငံသား တဦးနဲ့ အသက် ၁၅နှစ်အရွယ် ထိုင်ဝမ်ကလေးငယ်တဦးတို့ကို သံသယစောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ ကုသပေးနေပြီး ရောဂါ ရှိ၊ မရှိ အတည်ပြုနိုင်ဖို့ကိုတော့ စစ်ဆေးနေတယ်လို့သိရပါတယ်။

ဝေဘာဂီဆေးရုံမှာ သံသယစောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံထားရတဲ့ တရုတ်နိုင်ငံသားဟာ လှိုင်သာယာနဝဒေး အိမ်ရာမှာ နေထိုင်သူဖြစ်ပြီး၊ လှိုင်သာယာမြို့နယ်အတွင်းမှာ တရုတ်နိုင်ငံသားအဝင်အထွက်ကို စိစစ်ပေးဖို့ သက်ဆိုင်ရာကိုတောင်းဆိုထားကြောင်း လှိုင်သာယာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ သက်ဆိုင်ရာကျန်းမာရေး ဝန်ကြီးဌာနနဲ့ ထွေအုပ်နဲ့ကိုတော့ ကျနော်တို့ (လှိုင်သာယာ) မြို့နယ်မှာ ဒီတရုတ်နိုင်ငံသားတွေရဲ့ ဝင်ထွက်မှုတွေကို သေသေချာချာစိစစ်ပြီးတော့ ဆောင်ရွက်ဖို့ဆိုပြီး ကျနော်တို့ ကိုယ်စားလှယ်တွေကတော့ ပြောထားတယ်ပေါ့။ ထွေအုပ်နဲ့ ကျန်းမာရေးဘက်ကလည်း သူတို့ဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်းပဲ သူတို့လည်း လုပ်နေတယ်ပေါ့။”

နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှာ အသက် ၄၅နှစ်အရွယ် အမျိုးသား တဦး၊ နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးမှာ အသက် ၂၉နှစ်အရွယ် အမျိုးသားတဦး၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ အသက် ၂နှစ် ၂လ အရွယ် ကလေးငယ်တဦး၊ မင်းပြားဆေးရုံမှာ အသက် ၃၈နှစ်အရွယ် အမျိုးသားတဦး နဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံမှာ အသက် ၁နှစ် ၂လ အရွယ် ကလေးငယ် တဦးတို့ကို သံသယစောင့်ကြည့်လူနာအဖြစ်နဲ့ သတ်မှတ်ပြီး သီးခြားထားရှိကုသပေးနေတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုဗယ်ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာထားပါတယ်။ ဒီရောဂါပိုး မြန်မာနိုင်ငံမှာ ကူးစက်ခံရတာ ဒီနေ့ထိမရှိသေးပေမယ့် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့လိုတယ်လို့ ဆိုပါတယ်။

ဒီရောဂါက အသက်ရှှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တာကြောင့် ချောင်းဆိုး၊ နှာချေရင် ပါးစပ်အုပ်ဖို့နဲ့ လက်ကိုစနစ်တကျ မကြာခဏဆေးပေးဖို့အပြင် လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ပြီး ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ဖို့လိုတဲ့ အခြေခံအချက်တွေကို ကျန်းမာရေးဌာန တာဝန်ရှိသူတွေက လမ်းညွှန်ထားပါတယ်။

coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ
coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ
တိုက်ရိုက် လင့်ခ်


...........................

(Unicode)














ဆက်စပ်သတင်းများ ...

XS
SM
MD
LG