သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၅ ဦးထက်မနည်း မြန်မာနိုင်ငံမှာရှိနေ


Myanmar Swine Flu
Myanmar Swine Flu

(Zawgyi / Unicode)

မြန်မာနိုင်ငံတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ပိုး သံသယလူနာ ၅ ဦးထက်မနည်း တွေ့ရှိထားပြီး ရောဂါရှိမရှိ အတည်ပြုနိုင်ဖို့ ဓာတ်ခွဲစစ်ဆေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်ကနေ ဒီကနေ့မနက်ပိုင်း ပြန်ရောက်လာတဲ့ မြန်မာကျောင်းသား ၅၉ ဦးရဲ့ ကျန်းမာရေး အခြေအနေဟာလည်း ကောင်းမွန်သလို ကျန်ခဲ့တဲ့ ကျောင်းသားတွေကို ပြန်ခေါ်နိုင်ဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။ သေဆုံးသူ ၃၀၀ ကျော်သွားပြီး ကူးစက်ခံရသူပေါင်း တသောင်းလေးထောင်ကျော်အထိ ရှိလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တရာယ်အပေါ် စိုးရိမ်မှုမကူးစက်ရအောင် ကြိုတင်ကာကွယ်နိုင်မယ့် အနေအထားတွေနဲ့ နောက်ဆုံးရ အခြေအနေတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

အခုဆိုရင်တော့ တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားသူပေါင်း ၁၄,၀၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူပေါင်းက ၃၀၀ ကျော်သွားပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ ကိုရိုနဗိုင်းရပ်စ် သံသယလူနာအချို့ တွေ့ရှိနေပြီး သူတို့ကို ဓာတ်ခွဲစစ်ဆေးနေကာ သံသယလူနာတွေကို စောင့်ကြပ်ကြည့်ရှု စစ်ဆေးကုသပေးနေပါတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း ဝေဘာဂီ၊ ရခိုင်ပြည်နယ် မင်းပြား၊ ရှမ်းပြည်နယ် ကျိုင်းတုံနဲ့ ကယားပြည်နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတချို့ တွေ့ရှိတဲ့အကြောင်း နောက်ဆုံးရအခြေအနေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

“သံသယလူနာအနေနဲ့တော့ ဝေဘာဂီဆေးရုံမှာ ၃၁ ရက် သောကြာနေ့က တက်တဲ့ တရုတ်နိုင်ငံသား တယောက်ရယ်၊ ရန်ကုန်မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတခုမှာ တက်နေတဲ့ ချောင်းဆိုးတယ်၊ သွေးပါတယ်၊ ဖျားတယ်၊ အဲဒီ ၁၅ နှစ်အရွယ် ယောက်ျားလေး၊ အဲဒီနှစ်ယောက်ကို ဝေဘာဂီဆေးရုံမှာ တင်ထားပါတယ်။ သတင်းထဲမှာလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ မင်းပြားက အသက် ၃၈ နှစ်အရွယ် အမျိုးသားတယောက်ကိုလည်း သံသယလူနာအဖြစ် သတ်မှတ်ပြီးတော့ သူ့ရဲ့ Sample တွေ ရယူထားပြီးပါပြီ။ ကျိုင်းတုံက ၁၀ နှစ်ဝန်းကျင် ကလေးလေးတယောက်ရယ်၊ နောက် ကယားပြည်နယ် လွိုင်ကော်မှာရှိတဲ့ ၂ နှစ်အရွယ် ကလေးမလေးမှာ ချောင်းဆိုးတယ်ကြားတယ်၊ တရုတ်ပြည်ကပြန်လာတယ်၊ သူ့အဖေက တရုတ်၊ အမေကတော့ ဗမာ၊ အဲဒီကလေးလေး တယောက်မှာလည်း သံသယလက္ခဏာ ရှိတဲ့အတွက် သူ့ဆီကလည်း Sample ယူထားတယ်။ အဲဒါလည်း ရောက်နေပါပြီ။ အခု သံသယလူနာ အနေနဲ့ဆိုရင် ရန်ကုန် ဝေဘာဂီဆေးရုံမှာ နှစ်ယောက်၊ လွိုင်ကော်မှာတယောက်၊ ကျိုင်းတုံမှာတယောက်၊ ရခိုင်ပြည်နယ် မင်းပြားမှာတယောက်။”

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဝူဟန်မြို့မှာ ပညာသင်နေတဲ့ မြန်မာကျောင်းသား ၆၃ ဦးအနက် ၅၉ ဦး ဒီကနေ့မနက်ပိုင်း ၄ နာရီမှာ မန္တလေးမြို့ကို ဆိုက်ရောက်လာကြပြီး ကိုယ်အပူချိန် မြင့်မားနေတဲ့ ကျောင်းသား ၂ ဦး၊ ပြည်နယ်လွန်နေတဲ့ ကျောင်းသား ၁ ဦးနဲ့ လူဝင်မှုကြီးကြပ်ရေး စည်းကမ်းတွေနဲ့ မကိုက်ညီတဲ့အတွက် ကျောင်းသား ၁ ဦး ပေါင်း ၄ ဦး ကျန်ခဲ့ပြီး သူတို့ကို ပြန်ခေါ်နိုင်အောင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုးစားနေပါတယ်။

coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ
coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ

ဝူဟန်မှာကျန်ခဲ့တဲ့ ကျောင်းသား ၂ ဦး ကျန်းမာရေးကောင်းသလို မန္တလေးကို ဒီကနေ့မနက် ရောက်လာတဲ့ ကျောင်းသူကျောင်းသားတွေကို မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ သီးခြားထားပြီး ကျန်းမာရေးစစ်ဆေးမှု ပေးနေတဲ့ အခြေအနေနဲ့ သူတို့ရဲ့ကျန်းမာရေးကိုလည်း ဒေါက်တာခင်ခင်ကြီးက အခုလို ပြောပြပါတယ်။

“ကျန်ခဲ့တဲ့ကျောင်းသားတွေထဲက ၂ ယောက်က အခုပြန်ရောက်လာတဲ့အခါမှာ အဖျားမရှိတော့ဘူး။ သူတို့ကို ပြန်ခေါ်ဖို့အတွက် ဆောင်ရွက်နေတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကလေးတွေ ရောက်ရှိလာပြီဆိုရင် ကူးစက်ရောဂါတွေ သူတို့မှာ ရှိနေလား၊ ရှိနေရင် ကုပေးမယ်။ မရှိရင်လည်း နှစ်ပတ်ကို စောင့်ကြည့်မယ်။ စောင့်ကြည့်ပြီး သူတို့မှာ ရောဂါလက္ခဏာတွေ ဘာမှမရှိဘူး၊ စိတ်ချရပြီဆိုမှ သူတို့ကို စောင့်ကြည့်စာရင်းက လွှတ်ပေးမယ်။ အခုလက်ရှိမှာတော့ ကျောင်းသား ၅၉ ယောက်ရဲ့ အခြေအနေက ကောင်းမွန်ပါတယ်။ ဖျားတာ၊ ချောင်းဆိုးတာ၊ နှာစေးတာ မရှိပါဘူး။ သူတို့အခြေအနေ ကောင်းပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားရာ ဝူဟန်ကနေ ရောက်ရှိလာတဲ့ မြန်မာကျောင်းသူကျောင်းသားတွေ ထားရှိရာ မန္တလေး ကန်တော်နဒီဆေးရုံ အနီးမှာတော့ လုံခြုံရေး တင်းကျပ်စွာချထားပြီး ကျန်းမာရေးကုသမှု ပေးနေတဲ့အပေါ် မန္တလေးမြို့ခံတွေရဲ့ သဘောထား မန္တလေးမြို့က သတင်းသမား ကိုမင်းထက်ငြိမ်းချမ်းက အခုလိုပြောပြပါတယ်။

“မန္တလေးက အနီးဆုံးဖြစ်တော့ မန္တလေး ရောက်တာပေါ့။ ခုနပြောသလို ကြိုတင်ပြင်ဆင်ထားတာတွေလည်း ကြားရပါတယ်။ လှူဒါန်းတာတွေရော။ ဒါတွေလည်း မဆိုးပါဘူး။ ကျနော်တို့ ကျေနပ်ပါတယ်။ သို့သော် ဒီ့ထက်ပိုပြီးတော့ ကောင်းတဲ့ရလဒ်တွေလည်း ရစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြား နိုင်ငံကြီးတွေနဲ့စာရင် ပြန်လည်ကုစားနိုင်တဲ့ အင်အားကြတော့ နည်းတယ်လေ။ ပြီးတော့ အသိပညာပေးမှုတွေလည်း အားနည်းတယ်။ တဖက်ကလည်း အစိုးရိမ် မကြီးစေချင်သလို တဖက်ကလည်း မပေ့ါဆစေချင်ဘူးပေါ့။ လက်ရှိလည်း ဒီကပ်ရောဂါနဲ့ ပတ်သက်လို့ တိတိကျကျ ကုထုံးတွေ ဆေးဝါးတွေ တွေ့တယ်လို့ မသိရသေးဘူးလေ။ အဲတော့ မန္တလေးကတော့ ဘာပဲဖြစ်ဖြစ် လူတွေက ဒါမျိုးကို စူးစမ်းခြင်တယ်။ သွားကြည့်ပြီးတော့ တဖက်က စီမံမှုတွေကိုလည်း အနှောင့်အယှက်ပေးတယ် ဖြစ်မှာစိုးလို့လေ။ သိချင်တာပေါ့၊ သို့သော် တားဆီးနိုင်တဲ့ နည်းလမ်းတွေနဲ့ သင့်တော်တဲ့ နည်းလမ်းတွေနဲ့ အသုံးပြုတာတော့ ရှိမှာပါ။”

တရုတ်နဲ့ နယ်နိမိတ်ချင်းပါ ထိစပ်နေတဲ့ မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာကို အများပြည်သူကတော့ စိုးရိမ်နေကြပြီး သတင်းမှားတွေ ကောလာဟလတွေအပေါ် ထိတ်လန့်နေကြတဲ့အပေါ် မိမိကိုယ်ကို ရောဂါမကူးစက်အောင် ကျန်းမာရေးအသိပညာပေးမှုနဲ့ စနစ်တကျ ကာကွယ်ကြပါလို့လည်း လူထုကို ကျန်းမာရေးပညာပေးနေတဲ့ အထွေထွေရောဂါကု အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်ကလည်း အကြံပေးပါတယ်။

“ဒီရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ခြေခြေမြစ်မြစ် လေ့လာကြည့်ရှုမယ်ဆိုရင် သူများလုပ်နေတာထက်စာရင် ကိုယ်ဘာလုပ်သင့်သလဲ၊ ကိုယ်ဘာတွေ စုံစမ်းထားသင့်လဲတွေကို ဦးစားပေးသင့်တယ်လို့လည်း ပြည်သူလူထုတွေကို ပြောချင်တယ်။ ကြောက်ရွံ့ထိတ်လန့်တာမျိုး မဖြစ်စေချင်သလို ကာကွယ်ရေး နည်းလမ်းတွေလည်း ကိုယ့်ဟာကိုယ် လုပ်ရမယ်။ ပြီးတော့ ကြားတဲ့သတင်းတွေကလည်း အကုန်လုံးက အမှန်မဟုတ်ဘူးဆိုတာ သိထားပြီးတော့မှ မှန်တဲ့ဟာတွေကို ဆက်လက် လေ့လာ ကြည့်ရှုသင့်တယ်လို့ အကြံပေးချင်တာ။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးစက်ရအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်း ယာယီရပ်ဆိုင်းထားဖို့ သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားထားတယ်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီ့မတိုင်ခင်မှာတုန်းကတော့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ၊ မြန်မာနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နိုင်ငံတွေက နယ်စပ်ဝင်ပေါက်တွေကို ပိတ်ထားပြီး ရောဂါမကူးစက်အောင် ကာကွယ်ဆောင်ရွက်နေပြီး ဝင်လာသူတွေကိုလည်း စစ်ဆေးနေပေမယ့် ပြည်သူအကြားမှာတော့ စိုးရိမ်မှုတွေ ဖြစ်နေတုန်းဖြစ်ပါတယ်။

---------------------------------------------

(Unicode)















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG