သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus အန္တရာယ်ကာကွယ်ရေး အစိုးရ ပိုလုပ်ဆောင်ဖို့ လိုလား


တရုတ်-မြန်မာနယ်စပ်ဂိတ်အနီး Coronavirus အန္တရာယ်ကာကွယ်ရေး ဆောင်ရွက်နေ
တရုတ်-မြန်မာနယ်စပ်ဂိတ်အနီး Coronavirus အန္တရာယ်ကာကွယ်ရေး ဆောင်ရွက်နေ

(Zawgyi/Unicode)

တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပိုးနဲ့ပတ်သက်လို့ မြန်မာပြည်သူတွေကြား စိုးရိမ်မှုတိုးပွားနေပြီး အစိုးရက အခုထက်ပို ထိရောက်တဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေလုပ်ဖို့ လိုလားနေပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဟာ မိုင်(၁၃၀၀)ကျော် ရှိတာကြောင့် ဗိုင်းရပ်စ်ပိုး ကူးစက် ဝင်မလာအောင် ဘယ်လို ထိန်းချုပ်မလဲဆိုတာကို မေးခွန်းထုတ်နေကြတာပါ။ အစိုးရကတော့ လိုအပ်တာ မှန်သမျှ ဆောင်ရွက်နေတယ်လို့ တုံ့ပြန်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။




ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အခုဆိုရင် သေဆုံးသူ အနည်းဆုံး ၂၁၃ ဦးရှိနေပြီး အားလုံးဟာ တရုတ်နိုင်ငံထဲမှာ သေဆုံးတာဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ တရုတ်နိုင်ငံတခုထဲတင်မက အခြားနိုင်ငံတွေကိုပါ တစစပျံ့နှံ့လာနေပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက် ခံရသူ ၁၀,၀၀၀ ထဲမှာ အများစုက တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ အခုလို ပြင်းထန်တဲ့ကူးစက်မြန် ဗိုင်းရပ်စ်ပိုးကြောင့် မြန်မာပြည်တွင်း မှာလဲ ပြည်သူတွေကြား စိုးရိမ်မှု တိုးပွားနေပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဟာ မိုင်ပေါင်း ထောင်ကျော်ရှည်လျားတာကြောင့် မြန်မာအစိုးရက ဘယ်လို ထိန်းချုပ်နေသလဲဆိုတာကို စိုးရိမ်သူက ခရစ်ယာန် သင်းအုပ်ဆရာ ဦးဗန်ပန့်ဖြစ်ပါတယ်။

“နယ်စပ်က အဝင်အထွက်ရှိတယ်လေ။ နယ်စပ်မှာ လေဆိပ်မှ မရှိတာ။ ကားနဲ့ဝင်လာတာ တချို့က ခြေချင်နဲ့ ဝင်လာကြမှာပေါ့။ နယ်စပ်ဆိုတာ အများကြီးပဲလေ။ တရုတ်နယ်စပ်က မိုင်ထောင်ပေါင်းရှိတာပဲ ဒါဘယ်လိုလို့ တားဆီးလို့ရမလဲ”

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ တရုတ်-မြန်မာနယ်စပ်မှာ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေတဲ့ အနေအထားကို သတင်းစာရှင်းပွဲမှာ ရှင်းပြပါတယ်။

“နယ်စပ်မှာလည်း ကျနော်တို့ ရှမ်း၊ ကချင် ဝန်ကြီးချုပ်တွေကိုယ်တိုင် ညွှန်ကြားထားတယ်။ သူတို့ ကျန်းမာရေးအဖွဲ့တွေနဲ့ screening လုပ်တယ်။ ဒါကတော့ အစိုးရ ထိန်းချုပ်တဲ့ နယ်စပ်ဝင်ပေါက်တွေ ၊ အလားတူ တခြားထိန်းချုပ်တဲ့ နယ်စပ်ဝင်ပေါက်တွေလည်းရှိတယ်။ အဲဒီအပိုင်းတွေလည်း ကျနော်တို့ ပြောထားတယ် ၊ အဲဒီအဖွဲ့တွေကို ဆက်သွယ်ပြောထားတယ် အဲဒီအဖွဲ့တွေမှာလည်း ကျနော်တို့ ကျန်းမာရေး အထောက်အပံ့တွေလိုရင်လည်း ပြော၊ ဒီမှာတော့ စစ်ဖို့လိုတယ်ဆိုတာ။ တချို့ကလည်း သူ့သဘောနဲ့ သူ ပိတ်တာရှိတယ်။ ကျနော်တို့ကတော့ အခုလောလောဆည် ပိတ်တဲ့အဆင့်တော့ မရောက်သေးဘူး။ ဒါပေမယ့် အဝင်အထွက်ကို တင်းတင်းကျပ်ကျပ်စောင့်ကြည့်တယ်။ အဲဒါတွေ အကုန်လုံးတော့ တောက်လျှောက် watch လုပ်နေတယ်။”

ဒီလို ကူးစက်မြန် ဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်လို့ မြန်မာအစိုးရက အလေးအနက်ထား ကိုင်တွယ်နေပုံ မရဘူးလို့ အင်ဂျင်နီယာတဦးဖြစ်တဲ့ ဦးခင်မောင်သိန်းက ဝေဖန်ပါတယ်။

“မြန်မာနိုင်ငံမှာက serious မဖြစ်ဘူး ။ ဆိုတော့ ဒီကိစ္စကို ဖောင်လေး ဖြည့်ခိုင်းတာနဲ့ မပြည့်စုံဘူး ။ သေသေချာချာ ကျန်းမာရေးကို စစ်ပြီးတော့ ဒါတွေက တိုင်းပြည်ရဲ့အဝင် အထွက် သိပ်အရေးကြီးတယ်နော်။ အဝင်ကို စစ်ရမယ် စစ်ပြီးတော့ ထိထိရောက်ရောက် အရေးယူရမယ်။ အဲဒီတော့ ထိထိရောက်ရောက်အရေးမယူပဲနဲ့ ဖောင်ဖြည့်ခိုင်းတာလောက်နဲ့တော့ သိပ်ပြီးမထိရောက်ဘူးလို့ ကျနော်ထင်ပါတယ်။”

တရုတ်ပြည်ကလာတဲ့ လေကြောင်းလိုင်းတွေကို မြန်မာပြည်ထဲ အဝင်မခံပဲ ရပ်ဆိုင်းထားဖို့ တချို့ကတိုက်တွန်းနေတာပါ။ ဒီလိုအကြံပြုချက် တွေနဲ့ပတ်သက်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ခုလို တုံ့ပြန်ပါတယ်။

“WHO က ဒီဗိုင်းရပ်စ် ပြန့်နှံ့မှုနဲ့ ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ Emergency သူတို့ သတ်မှတ်တယ်။ သတ်မှတ်ပြီးရင် သူတို့ ဒီထက်ပိုပြီးတော့ တင်းတင်းကျပ်ကျပ်ဆောင်ရွက်ရမယ့် အခါကျတော့ recommendation ဆိုပြီးတော့လာတယ်။ အဲဒီအခါမှာ ကျနော်တို့ International civil aviation organization (icao) ကနေပြီးတော့ လေကြောင်းလိုင်းတွေကို ထိန်းသိမ်းကျပ်မတ်ရတယ်ရှိတယ်။ ဆိုလိုတာက ဒီလိုမျိုး International လေကြောင်းလိုင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတနိုင်တည်းကနေပြီးတော့ ကိုယ့်သဘောနဲ့ ပိတ်ပင်လို့ ခက်ပါတယ်။ အဲဒီ WHO နဲ့ ICAO က ညှိနှိုင်းပြီးတော့ ဒီအချိန်မှာတော့ ဒီကသွားတဲ့လေယာဉ်တွေကို ပိတ်ပင်သင့်ပြီဆိုပြီးတော့ သူတို့က Recommendation ပေးတဲ့အချိန်မှာ ကျနော်တို့နိုင်ငံက လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သို့သော် ဝင်လာတဲ့အပေါ်မှာတော့ သံသယရှိတယ်ဆိုရင် ကျနော်တို့ စောင့်ကြည့်ပါမယ်။”

တရုတ်နိုင်ငံ ကွမ်ကျိုးလေဆိပ်ကနေ ခရီးသည် ၇၉ ဦးတင်ဆောင်လာတဲ့ China Southern လေကြောင်းလိုင်းဟာ ရန်ကုန် အပြည်အပြည် ဆိုင်ရာလေဆိပ်ကို သောကြာနေ့မနက်ပိုင်းမှာ ရောက်လာပြီး ကိုရိုနာဗိုင်းရပ်စ် လက္ခဏာလို့ယူဆရတဲ့ အသက် ၆၀ အရွယ် တရုတ်နိုင်ငံသား တစ်ဦး လေယာဉ်ပေါ် ပါလာခဲ့တာပါ။ အဆိုပါ တရုတ်အမျိုးသားကို ရန်ကုန် ဝေဘာဂီဆေးရုံမှာ အထူးစောင့်ကြည့် ကုသပေးနေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဗွီအိုအေကို ပြောပါတယ်။

လေယာဉ်ပေါ်မှာ အမေရိကန် ၂ ဦး၊ ပြင်သစ် ၂ ဦး၊ မြန်မာ ၂ဦး၊ ကိုလံဘီယာ ၁ ဦးနဲ့ ကျန်တဲ့ ၇၂ ဦးက တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ အဲဒီ လေယာဉ်ပေါ်ပါတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိုတော့ ဆင်းခွင့်ပေးလိုက်ပေမယ့် ကျန်ခရီးသည်တွေ အားလုံးကို သူတို့စီးလာတဲ့ လေယာဉ်နဲ့ပဲ ပြန်လည်ထွက်ခွာခွင့် ပေးလိုက်တယ်လို့ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသား ၆၃ ဦးကိုလည်း သီးသန့်လေယာဉ်နဲ့ ဖေဖေါ်ဝါရီ(၂)ရက်နေ့မှာ သွားရောက်ခေါ်ယူမှာဖြစ်တယ်လို့ သမ္မတရုံးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


....................

Coronavirus အန်တရာယျကာကှယျရေး အစိုးရ ပိုလုပျဆောငျဖို့ လိုလား

(Unicode)











XS
SM
MD
LG