သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဧည့်ကိစ္စ ခရီးသွားအဖွဲ့ထုတ်ပြန်ချက် ကျန်းမာရေးတာဝန်ရှိသူတွေ မသိရှိ 


(Zawgyi/Unicode)

တရုတ်နိုင်ငံကနေ လာရောက်လည်ပတ်မယ့် ဧည့်သည်တွေဆီကနေ ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ရယူပြီး ဆက်လက်ဆောင်ရွက်ရန် ဆိုတဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထုတ်ပြန်ချက်အပေါ်မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတချို့က ဒီအစီအစဉ်ကို မသိထားကြောင်း နဲ့ ညွှန်ကြားထားတာလည်း မရှိသေးကြောင်း ငြင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်းပေးပို့ထားပါတယ်။

တရုတ်ခရီးသွားတွေရဲ့ ကြိုတင်စီစဉ်ထားတဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါက လျော်ကြေးနဲ့ နစ်နာကြေးတွေ ပေးရဖို့ ဖြစ်လာနိုင်တဲ့အတွက် ဝန်ကြီးဌာနရဲ့ ညွှန်ကြားအပေါ်မှာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူတွေက အခုလို စာထုတ်ပြန်တာဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း နာယက ဦးသက်လွင်တိုးက ပြောပါတယ်။

“ ဝန်ကြီးဌာနကလည်း tour တွေဘာတွေ ဖျက်တာပြုတာတွေ၊ အလျော်အစားတွေဖြစ်မှာလည်း သူစိုးရိမ်တာလည်း ဖြစ်မှာပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ ဝိတ်ကို ချိန်ရမှာပေါ့။ သူက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီလုပ်နေတာလည်း မှန်ပါတယ်။ ကျန်းမာရေးဝန်ကြီးကို တရုတ်သံအမတ်ကြီးက သွားတွေ့တယ်၊ သူကလည်း ဘာတွေဘယ်လို တင်ပြခဲ့လည်းတော့မသိဘူးပေါ့၊ အဲဒီတော့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒါဆိုရင်တော့ ဒီလိုမျိုး အထောက်အထား တခုပြရင်တော့ ပေးဝင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ရေးတာလည်း ဖြစ်မှာပေါ့နော်။”

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေတက်နေတဲ့အချိန်မှာ တရုတ်ဧည့်သည် ဝင်ရောက်မှုတွေကို တရားဝင်ဗီဇာနဲ့ဖြစ်စေ၊ နယ်စပ်က ဝင်လာသူတွေဖြစ်စေ ဝင်ရောက်ခွင့်ကို ဖြတ်တောက်ထားသင့်တယ်လို့ ဦးသက်လွင်တိုးကပြောပါတယ်။ သူတို့ရဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း အာမခံချက်ရယူပြီး ဆက်လက်ဆောက်ရွက်သွားဖို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ခရီးသွားအေဂျင်စီတွေကို အကြောင်းကြားထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ တိုက်ရိုက်ညွှန်ကြားထားတာမျိုးမရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့် ကပြောပါတယ်။

“ မရှိဘူးရှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ၊ ကျမတို့ ပေးလည်းမပေးနိုင်ဘူး အဲဒါမျိုးကတော့နော့။ ထုတ်ပြန်ရင်လည်း ကျမတို့ကို အကြောင်းကြားမှာပေါ့နော်။”

နယ်စပ်ဝင်ပေါက်တွေမှာလည်း ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေကို ဒီလိုညွှန်ကြားချက်မျိုး မပေးထားကြောင်းနဲ့ ဝင်ထွက်နေတဲ့ တရုတ်နိုင်ငံသား တွေကလည်း ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့သူတွေသာ ဖြစ်ကြောင်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာသိန်းမြို့ က ပြောပါတယ်။

“ ကျနော်တို့ ဌာနနဲ့တော့ တိုက်ရိုက် ကျနော်တို့ဆီစာလာတာ မရှိပါဘူခင်ဗျ။ ဒီဘက်ထဲရောက်နေတဲ့ ( တရုတ်) ငှက်ပျောလုပ်သားတွေ၊ ပတ်စပို့ သက်တမ်းကုန်ရင် တုံးထုတယ်၊ ပြန်ဝင်တယ်၊ အဲဒီလိုလူတွေပဲ။ ဟိုအထဲ ( တရုတ်ပြည်က ) လာတဲ့သူတွေ မဟုတ်ဘူး။”

တရုတ်သံအမတ်ကြီး မစ္စတာ Chen Hai နဲ့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးဟာ ဖေဖောဝါရီ ၁၄ရက် နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် COVID 19 ကြောင့်ဖြစ်လာတဲ့ ရောဂါအခြေအနေတွေကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် အခြေအနေ တွေကို ဆွေးနွေးခဲ့ပါတယ်။

စင်္ကာပူကတော့ တရုတ်ဗီဇာနဲ့ဝင်လာတဲ့ မည်သူမဆို နိုင်ငံဝင်ရောက်ခွင့် ယာယီပိတ်ထားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တရုတ်နိုင်ငံသားတွေကို ဖေဖော်ဝါရီ ၁ရက်ကစပြီး ဆိုက်ရောက်ဗီဇာရပ်နားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် covid 19 ကူးစက်ခံရသူဟာ တရုတ်နိုင်ငံမှာ ၇၀၀၀၀ နဲ့ အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံက အယောက် ၄၀၀ နဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပြန့်ပွားလာတဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ ဒေသတွင်းနိုင်ငံတွေ၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံကို ကူးစက်ပျံ့နှံ့နေပါတယ်။ တရုတ်နိုင်ငံသား ၁၈၀၀ နီးပါး သေဆုံးခဲ့ပြီး ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာတော့ တယောက်စီ သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..................

(Unicode)












XS
SM
MD
LG