(Zawgyi/Unicode)
တရုတ်နိုင်ငံမှာ Coronavirus ပိုးကြောင့် ဒီကနေ့ သောကြာနေ့မှာ နောက်ထပ် ၁၂၁ ယောက်သေဆုံးခဲ့တဲ့အတွက် စုစုပေါင်းသေဆုံးသူ ၁၄၀၀ ရာနီးပါး ရှိသွားပြီလို တရုတ်ကျန်းမာရေးကော်မရှင်က ပြောကြားပါတယ်။ ပိုးကူးစက်နေတယ်လို့ အတည်ပြုသူကလည်း နောက်ထပ် ၅၀၉၀ ရှိတယ်လို့ ပြောပါတယ်။
လူနာတွေကို ကုသပေးနေတဲ့ ဆေးဝန်ထမ်း ၁၇၀၀ ကျော်မှာလည်း Coronavirus ပိုးကူးစက်ခဲ့ပြီး၊ သေဆုံးသွားသူက ၆ ယောက်ရှိတယ်လို့ ကျန်းမာရေးကော်မရှင် ဒုတိယဝန်ကြီး Zeng Tixin ကဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ပိုးကူးစက်နေသူ ၆၄၀၀၀ နီးပါးအပါအဝင် တကမ္ဘာလုံးမှာ စုစုပေါင်းကူးစက်နေသူ ၆ သောင်းခွဲလောက် ရှိနေပါတယ်။ တရုတ်နိုင်ငံမှာ ကူးစက်သူအရေအတွက်တိုးလာတာဟာ ရောဂါပိုးကို စစ်ဆေးတဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာတာကြောင့်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပြောခွင့်ရသူကပြောပြီး တရုတ်နိုင်ငံအနေနဲ့ စစ်ဆေးတဲ့ နည်းသစ်တွေနဲ့ပတ်သက်လို့ နောက်ထပ်ရှင်းလင်းပြဖို့ တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ ပိုးကူစက်တယ်လို့ အတည်ပြုနိုင်သူ ၁၅ ယောက် ရှိသွားပြီလို့ ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန CDC က ကြာသပတေးနေ့က ကြေညာပါတယ်။ အခုနောက်ဆုံး ပိုးကူးစက်တယ်လို့ တွေ့ရှိသူဟာ အမေရိကန်နိုင်ငံခြားရေးဌာနက စီစဉ်ပေးတဲ့လေယာဉ်နဲ့ တရုတ်နိုင်ငံကနေ Texas ပြည်နယ်ထဲက San Antonio လေတပ်အခြေစိုက်စခန်းကို ဖေဖော်ဝါ လ ၇ ရက်နေ့က ရောက်ရှိလာသူဖြစ်ပါတယ်။ အခုသူ့ကို အနားက ဆေးရုံတခုမှာ ကုသပေးနေပါတယ်။
ကိုရိုနာကူးစက်မှုကာကွယ်ဖို့ ခရီးသွားလာခွင့်တချို့ အမေရိကန်ကန့်သတ်တဲ့ Video ကို ကြည့်ရှုနိုင်ပါပြီ။
မကြာခင်ရက်ပိုင်းတွေကမှ Wuhan မြို့နေ ရောက်လာသူတွေအပါအဝင် တရုတ်နိုင်ငံကနေ ပြန်ရောက်လာသူတွေထဲမှာ နောက်ထပ်ပိုးကူးသူတွေကို လာမယ့် ရက်ပိုင်း သီတင်းပတ်ပိုင်းတွေမှာ ထပ်တွေ့လာရနိုင်တယ်လို့လည်း CDC ကကြေညာချက်ထဲမှာ သတိပေးထားပါတယ်။
..................
(Unicode)