သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာရောက် မြန်မာများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ဆောင်


ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသည်များ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး နှာခေါင်းစည်း တပ်ဆင်ထားမှု မြင်ကွင်း။ (ဇန်နဝါရီ ၃၁၊ ၂၀၂၀)
ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသည်များ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး နှာခေါင်းစည်း တပ်ဆင်ထားမှု မြင်ကွင်း။ (ဇန်နဝါရီ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ကူးစက် ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၇၀၀ ကျော်ပြီး ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားသူပေါင်း သုံးသောင်းခွဲကျော်သွားပြီ ဖြစ်ပါတယ်။ ဒီလို စိုးရိမ်စရာ အနေအထားကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေ ကြေညာထားရတဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရအောင် သက်ဆိုင်ရာနိုင်ငံတွေဘက်ကလည်း ကျန်းမာရေး ပညာပေးမှုတွေ စနစ်တကျ လုပ်ဆောင်ပေးနေသလို ပြည်ပနိုင်ငံတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေလည်း ဒီ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရအောင် ကြိုတင်ကာကွယ်နေကြပါတယ်။ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတချို့ကို ဆက်သွယ်မေးမြန်းပြီး မဆုမွန် စုစည်းတင်ပြထားပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေ ကြေညာထားရတဲ့ တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ကူးစက် ပျံ့နှံ့ခဲ့တဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီသီတင်းပတ်အတွင်းမှာကို သေဆုံးသူပေါင်း ၇၂၄ ယောက်အထိ ဖြစ်သွားပြီး ကမ္ဘာတဝှမ်း နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားသူပေါင်း သုံးသောင်းလေးထောင့်ငါးရာ ကျော်သွားပြီ ဖြစ်ပါတယ်။ တရုတ်ခရီးသွားတွေ လည်ပတ်မှုများတဲ့ အာရှနိုင်ငံတွေ အပါအဝင် ဥရောပ၊ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝှမ်း ကူးစက်မှုတွေ ရှိလာနေလို့ နိုင်ငံအသီးသီးမှာ တရုတ်ခရီးသွားတွေ ပိတ်ပင်မှုတွေရှိသလို တရုတ်နိုင်ငံကနေ ပြန်လာတဲ့ နိုင်ငံသားတွေ ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း အထူးကြပ်မတ် စစ်ဆေးနေတာပါ။

ကူးစက်မှုလူနာတချို့ တွေ့ရှိထားတဲ့ စင်ကာပူနိုင်ငံမှာတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့ သောကြာနေ့ မနေ့က ဒီ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စိုးရိမ်စရာ လိမ္မော်ရောင်အဆင့် စင်ကာပူအစိုးရက သတ်မှတ်လိုက်တဲ့အတွက် စင်ကာပူမှာတော့ စားနပ်ရိက္ခာ သောက်သုံးရေနဲ့ အခြေခံ ကျန်းမာရေး အသုံးအဆောင် ပစ္စည်းတွေကို ကြိုတင်ဝယ်ယူ စုဆောင်းနေကြပါတယ်။

စင်ကာပူအစိုးရရဲ့ ကျန်းမာရေး ပညာပေးဆောင်ရွက်မှုတွေ စင်ကာပူနိုင်ငံသားတွေ အပါအဝင် စင်ကာပူရောက် မြန်မာနိုင်ငံသားတွေ ဘယ်လို ကျန်းမာရေး ကြိုတင်ကာကွယ်မှုတွေ လုပ်နေပါသလဲ၊ ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်အပေါ် ဘယ်လိုစိုးရိမ်ချက်တွေ ရှိပါသလဲ၊ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ကိုအောင်ဝင်းထွဋ်က အခုလိုပြောပါတယ်။

“အချိန်နဲ့တပြေးညီ သူတို့ သတင်းတွေ ထုတ်ပြန်ပေးနေတယ်။ နောက် သူတို့ စောင့်ကြည့်ရေးအဖွ့ဲတွေကိုလည်း ပုံမှန်အတိုင်း သတင်းတွေ ထုတ်ပြန်နေတာကို တွေ့ရပါတယ်။ စိုးရိမ်မှုကတော့ အခု သူတို့က လိမ္မော်ရောင်အဆင့်ကို ပြောင်းလိုက်တာပေါ့။ အဓိကတော့ ကူးစက်တဲ့လူတွေ များလာတဲ့သဘောပေါ့။ အဲဒါကြောင့် ပြောင်းတာ။ အခုလိုပြောင်းတဲ့အတွက် ကျနော်ကတော့ စိုးရိမ်တာပေါ့။ ကျနော် အခုပဲ ဈေးကနေ ပြန်လာတာ။ ဘာမှ အဲဒီလောက်ကြီး စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် တချို့ကတော့ စိုးရိမ်တဲ့လူတွေရှိတော့ မနေ့က အများကြီး ဝယ်ကြတယ်။ အဲဒါကြောင့် သတင်းတွေ တက်လာတာ။”

coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ
coronavirus အန္တရာယ်မှ ကာကွယ်ရန်နည်းလမ်းများ

တရုတ်ကနေ ပြန့်ပွားကူးစက်လာနေတဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရအောင် တောင်ကိုရီးယားနိုင်ငံအစိုးရ ကျန်းမာရေးတာဝန်ရှိသူတွေဘက်က ကိုရီးယားနိုင်ငံသားတွေကို စနစ်တကျ ကျန်းမာရေး ပညာပေးမှုတွေ ဆောင်ရွက်နေသလို ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ ကြားမှာလည်း ဒီ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရအောင် ကြိုတင်ကာကွယ်နေတာပါ။ တောင်ကိုရီးယားက ကိုဇော်မိုးအောင်က အခုလိုပြောပါတယ်။

“ကိုရီးယားလူမျိုးတွေက သူတို့လူတွေကို တအားဂရုစိုက်တာ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့လည်း သတင်းတွေ ခနခန ထုတ်လွှင့်ပေးနေသလို ကျန်းမာရေးဌာနကလည်း အချိန်ပြည့် သတင်းတခုပေါ်လာတာနဲ့ သတင်းစာသမားတွေနဲ့ မေးမြန်းပွဲတွေလုပ်တယ်။ ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်သင့်တယ်၊ ဘာတွေကိုင်သင့်တယ်၊ နောက် လူတွေက ဘာတွေဖြစ်နေတယ်၊ ဘယ်လိုအနေအထားတွေ ဖြစ်နေတယ်ဆိုတာ ဆက်တိုက် ထုတ်လွှင့်ပေးနေတယ်။ ဒီကလူတွေကလည်း အစိုးရပြောတဲ့အတိုင်း လိုက်နာတာ ဖြစ်တဲ့အတွက် ရောဂါကတော့ သူများနိုင်ငံနဲ့စာရင် တအားကြီး ပျံ့နှံ့မှုတော့ မရှိဘူးလို့ မြင်တယ်။”

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ ထိုင်းနိုင်ငံအတွင်းမှာတော့ ထိုင်းအစိုးရဘက်က ကျန်းမာရေး ပညာပေးဆောင်ရွက်နေပေမယ့်လို့ သန်းချီရှိနေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကြား ကျန်းမာရေး ပညာပေးမှုတွေ ကြိုတင်ကာကွယ်မှုတွေကတော့ အားနည်းနေတုန်းဖြစ်ပါတယ်။ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ကာကွယ်ကြဖို့ကိုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က မြန်မာအလုပ်သမားတွေရဲ့ ကျန်းမာရေး ကူညီဆောင်ရွက်ပေးနေတဲ့ မသက်သက်ဦးကလည်း ပြောပါတယ်။

“ကျမကတော့ သတိပေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားတွေက အမှတ်တမဲ့ အမှုမဲ့ အမှတ်မဲ့ နေကြတယ်။ တကယ်ဖြစ်တော့မှပဲ ရောဂါဆိုးဝါးတယ်ဆိုတာ သူတို့လက်ခံကြတယ်။ အဲဒါကြောင့် အပြင်သွားပြီဆိုတာနဲ့ နှာခေါင်းပိတ် တပ်ရမယ်၊ အပြင်သွားပြီးလို့ တနေရာရောက်တိုင်း လက်လည်းဆေးရမယ်၊ ကုန်တိုက်တွေရောက်ရင်လည်း လက်ဆေးရမယ်၊ ကိုယ့်အိမ်ခန်းကို ပြန်ရောက်ရင်လည်း အမြဲတမ်း လက်ဆေးရမယ်။ ပြီးတော့ အခု ဘတ်ထွက်နေကြတဲ့ အလုပ်သမားတွေက ဆေးရုံမှာဖြစ်နေကြတဲ့ လူတွေပေါ့နော်။ အဲတော့ ဆေးရုံကလည်း ရောဂါသည်တွေ ရှိတဲ့အခါမှာ ဆေးရုံမှာရောက်နေတဲ့ အလုပ်သမားတွေက နှာခေါင်းပိတ် တပ်ရမယ်၊ ကျမ အဲဒါကို အထူးပြောချင်တယ်။

“ပြီးတော့ ဒီ ဘန်ကောက်တခွင်မှာက Apartment တို့ ဟိုတယ်တို့ အဲဒီမှာ ခရီးသွားတွေ တည်းခိုသွားတဲ့နေရာမှာ အလုပ်လုပ်တဲ့ သန့်ရှင်းရေး အလုပ်သမားရှိတယ်၊ အိပ်ရာအိပ်ခင်း လျှော်ဖွပ်ပြီးတော့ Laundry ကနေ ပြန်ပို့တဲ့ အလုပ်သမားရှိတယ်။ အဲဒီအလုပ်သမားတွေကလည်း အရမ်းအရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဧည့်သည်တွေ တည်းသွားတဲ့ အိပ်ယာ အဝတ်အစား စောင်တွေ လျှော်ဖွပ်ရတဲ့အခါမှာ သူတို့အနေနဲ့ လက်အိတ်နဲ့ နှာခေါင်းပိတ်တွေ သေသေချာချာသုံးဖို့ လိုအပ်တယ်။ အဲဒါတွေကိုလည်း ကျမ မှာချင်ပါတယ်။”

တရုတ်နိုင်ငံနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ တရုတ်အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ တရုတ်နိုင်ငံ ဝူဟန်နဲ့ ရောဂါကူးစက်မှုဖြစ်နေတဲ့ ဒေသတွေကနေ မြန်မာနိုင်ငံကို ရောက်လာတဲ့ ခရီးသွားတွေအနေနဲ့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပွားခဲ့ရင် ဒါမှမဟုတ် ရက်ပေါင်း ၁၄ ရက်အတွင်း ဒီရောဂါလက္ခဏာတွေ ဖြစ်ပွားခဲ့ရင် လေဆိပ်ကျန်းမာရေးနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံး သတင်းပေးပို့ကြဖို့ နှိုးဆော်တိုက်တွန်းစာကို ရန်ကုန်ကိုဝင်ရောက်မယ့် လေယာဉ်တွေပေါ်မှာ လေဆိပ်ကျန်းမာရေးဌာနခွဲ ကျန်းမာရေးဝန်ကြီးဌာနကနေ ပေးနေတာပါ။

လက်ရှိမှာတော့ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအချို့ တွေ့ရှိနေလို့ သူတို့ကို ဓာတ်ခွဲစစ်ဆေးနေပြီး သံသယလူနာတွေကို စောင့်ကြပ်ကြည့်ရှု စစ်ဆေးကုသပေးနေပါတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပါတယ်။

------------------------------------------

(Unicode)














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG