သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမှာ နှာခေါင်းစည်းတပ်ဖို့ စည်းကမ်းတင်းကြပ်တော့မယ်


 နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသား နှစ်ဦးကို မန္တလေးမြို့မှာ တွေ့ရ (ဧပြီ ၀၇၊ ၂၀၂၀)
နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသား နှစ်ဦးကို မန္တလေးမြို့မှာ တွေ့ရ (ဧပြီ ၀၇၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ရောဂါတွေ့ရှိသူအရေအတွက် တိုးလာတာနဲ့အတူပဲ မန္တလေးတိုင်းဒေသကြီးမှာတော့ လူစုလူဝေးတွေမှာ နှာခေါင်းစည်း မဖြစ်မနေတပ်ဖို့ ဆောင်ရွက်ချက်တွေနဲ့အတူ သင်္ကြန်အပြီးကာလမှာလည်း ရောဂါကာကွယ်ရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းကနေ တင်ပြပေးပါမယ်။

ရောဂါကာကွယ်ရေးအတွက် ဧပြီ ၁၀ ရက်နေ့ ၁၉ ရက်အထိ နေအိမ်ကနေ မလိုအပ်ဘဲ မထွက်ကြဖို့ မြို့ကြီးတွေမှာ တိုက်တွန်းထားသလို အဲဒီရက်ပြီးရင်လည်း တားမြစ်ကန့်သတ်ချက်တွေ တိုးမြင့်လုပ်ဖို့ မန္တလေးတိုင်းအစိုးရက ပြင်ဆင်နေတာတွေ့ရပါတယ်။

နှစ်ဆန်း တစ်ရက်မတိုင်ခင်ရက်တွေကို နှာခေါင်းစည်းတပ်ဖို့အတွက် ပညာပေးကာလအဖြစ် သတ်မှတ် ဆောင်ရွက်နေပြီး နှစ်ဆန်း တစ်ရက်အကျော် ဧပြီလ ၁၈ ရက် စနေနေ့ကစပြီး သတ်မှတ်ထားတဲ့ ဒေသန္တရအမိန့် မလိုက်နာသူတွေကို သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ အရေးယူတာတွေ ဆောင်ရွက်သွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ရင်မြင့်က ဗွီအိုအေကို ပြောပြပါတယ်။

“ကျနော်တို့ မန္တလေးမြို့မှာ မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ စီမံခန့်ခွဲတဲ့ ဈေးတွေအားလုံးမှာ mask တွေကို အခမဲ့ လိုက်ပြီးတော့မှ ဝေပေးပါတယ်။ အဲ့ဒီလို ပထမပိုင်းမှာ ဝေပေးပြီးတဲ့ နောက် ဈေးများအားလုံးမှာ mask မပါရင် ဈေးရောင်းတဲ့သူရော ဈေးဝယ်တဲ့သူရော ဈေးထဲကို မဝင်ရဘူးဆိုပြီးတော့ အဲ့ဒီလို ကန့်သတ်ပါတယ်။ မြို့တော်ဝန်ကြီး ဦးဆောင်ပြီးတော့ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနဲ့ ကျနော်တို့ ချိတ်ဆက်ပါတယ်။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက အထည်ချုပ်သမားတွေက home made mask တွေကို ထုတ်လုပ်နေပါတယ်။ သောင်းနဲ့ ချီပြီးတော့မှ စပြီးထွက်နေပါပြီ။ အဲ့ဒီ mask တွေက ပြန်လျော်သုံးလို့လည်း ရတယ်။ အဲ့ဒီ mask တွေကို စည်ပင်က ဝန်ထမ်းတွေက ဈေးတွေ လမ်းဘေးက ဈေးသည်တွေကို အစုံ လိုက်ပြီးတော့ ဝေနေဆဲပဲ ဖြစ်ပါတယ်။ လာမယ့်နှစ်ဆန်း တစ်ရက်နေ့ ဧပြီ ၁၇ ရက်နေ့ရဲ့ နောက်ပိုင်းမှာ ရောက်လို့ရှိရင်တော့ လူတိုင်းလူတိုင်းမှာ အပြင်ထွက်ရင် mask မတပ်မနေရပါ။ တကယ်လို မတပ်တာကို တွေ့လို့ရှိရင် ဥပဒေအရ အရေးယူဖို့ အတွက် အဲ့ဒါကိုလည်း ပြင်ဆင်နေပါတယ်။ ခုတော့ ကျနော်တို့ mask ပေါင်းတော့ သောင်းဂဏန်း တော့ ဝေပြီးတဲ့ အနေအထားမှာ ရှိပါတယ်။”

စည်ပင်က စီမံခန့်ခွဲတာ မဟုတ်တဲ့ လမ်းဘေး ပျံကျ ဈေးက ဈေးသည်နဲ့ ဈေးဝယ်တွေနဲ့ လမ်းဘေးဆိုင်တွေကိုလည်း မန္တလေးမြို့စည်ပင်က နှာခေါင်းစည်းတွေ ဖြန့်ဝေပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ဆန်းတစ်ရက် မတိုင်ခင် ရက်တွေအတွင်းမှာ နှာခေါင်းစည်းတွေ ဖြန့်ဝေပေးတာတွေနှင့် နှာခေါင်းစည်း တပ်ဖို့ ပညာပေးတာတွေကို ဆောင်ရွက်မှာဖြစ်ပြီး နှစ်ဆန်းတစ်ရက် ကျော်လွန်ရင်တော့ အရေးယူမယ့်ကိစ္စကို စတင်တော့မှာဖြစ်ပါတယ်။

နှာခေါင်းစည်း မတပ်တဲ့သူတွေကို ဘယ်လိုပုံစံနဲ့ အရေးယူမလဲဆိုတာနဲ့ ပတ်သက်လို့လည်း ဦးကျော်ရင်မြင့်က ခုလို ပြောပြပါတယ်။

“ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေတို့ နောက်တစ်ခါ နောက် ကျနော်တို့စည်ပင်မှာ လည်း သတ်မှတ်ထားတဲ့ ပြဌာန်းချက်တွေကို မလိုက်နာရင် အရေးယူနိုင်တယ် ဆိုတာတို့ နောက်တစ်ခါ ကူးစက်ရောဂါဖြစ်လာရင် ဘယ်လို ဆောင်ရွက်ရမယ်၊ မလိုက်နာရင် ဘယ်လို အရေးယူမယ်ဆိုတာတွေ ဥပဒေ အဆင့်ဆင့်တွေနဲ့ ဥပဒေတွေတော့ ရှိပါတယ်ဗျ။ အဲ့ဒါကို ဥပဒေ ကျွမ်းကျင်တဲ့ အတွင်းရေးမှုးကြီးက ရှာဖွေပြီး ပြုစုနေပါတယ်။ အဲ့ဒီအပေါ်မှာတည်ပြီးတော့ တရားရုံး တွေနဲ့ အဲ့ဒီရက်တွေကျရင်တော့ အဆင်သင့်ဖွင့်ထားပြီးတော့ ချက်ချင်း အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။”

ရန်ကုန်တိုင်းမှာ တတ်နိုင်သမျှ အပြင်မထွက်ကြဖို့ ညွှန်ကြားထားတဲ့ ကာလအတွင်းမှာ အကြောင်းကိစ္စ ကြောင့် အပြင်ထွက်နေကြရတဲ့သူတွေ သွားလာရေး အဆင်အပြေစေဖို့အတွက် YBS အချို့ ပြေးဆွဲပေးနေပါတယ်.။

အဲ့ဒီလို ပြေးဆွဲပေးနေတဲ့ YBS တွေပေါ်မှာ ရောဂါကူးစက်မှုတွေကို တားဆီးနိုင်ဖို့အတွက် အကွာအဝေး ကန့်သတ်ထားတဲ့ ထိုင်ခုံတစ်လုံးကို တစ်ယောက်ပဲ ထိုင်ရမှာဖြစ်ပြီး စီးနင်းတဲ့ ခရီးသည်တိုင်း နှာခေါင်းစည်း တပ်ဆင်ပြီး ကားပေါ်အတက်အဆင်းမှာ Hand Gel နဲ့ လက်ဆေးဖို့ လုပ်ပေးထားပါတယ်။ ဒါပေမဲ့လည်း အခု ဧပြီလ ၁၉ သင်္ကြန်ကာလအပြီးမှာတော့ ရောဂါကာကွယ်ရေးအတွက် ဘာတွေ တိုးမြင့်လုပ်ဆောင်သွားမလဲဆိုတာကတော့ ရန်ကုန်တိုင်းအစိုးရဘက်က တိတိကျကျ ထွက်မလာသေးပါဘူး။ ရန်ကုန်မှာတော့ ရောဂါပိုးတွေ့ရှိသူတွေနဲ့ ဆက်စပ်ပြီး ရပ်ကွက်နဲ့လမ်းတွေနဲ့ တိုက်တာအချို့ကို အသွားအလာပိတ်ပင်တာတွေ ပိုများလာပါတယ်။ ဒါ့အပြင် ဘာသာရေးတရားပွဲနှစ်ခုကနေ ကူးစက်မှုများလာတဲ့အတွက် အဲဒီ ဘာသာရေးဆရာတွေနဲ့ အခမ်းအနားစီစဉ်သူတွေကို ရန်ကုန်တိုင်းအစိုးရက အမှုဖွင့်အရေးယူတဲ့အပေါ်မှာ အပြန်အလှန်ဝေဖန်မှုတွေလည်း ပြင်းထန်နေပါတယ်။

ဒီကနေ့ မနက်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ Facebook စာမျက်နှာမှာ COVID-19 လူနာ ထပ်တိုးတဲ့ အကြောင်း ရေးသားထားတဲ့ ပို့စ်တခုမှာတော့ အင်းစိန်မှာ လူတစ်စု ရောဂါပိုးရှိကြောင်းသိရှိရမှု ကအစချီပြီး၊ ရန်ကုန်တိုင်း အစိုးရရဲ့ ထပ်ဆင့် လုပ်ဆောင်ချက်ကြောင့် ကျမတို့ ပြည်သူတွေကြားစိတ်ဝမ်းကွဲကြ ရတာတွေဟာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ် ဆိုတဲ့ စာတစ်ကြောင်းပါဝင်ပါတယ်။

ရန်ကုန်တိုင်းအစိုးရက အင်းစိန်ဖြစ်ရပ်နဲ့ မရမ်းကုန်ဖြစ်ရပ်မှာ တရားဟောဆရာတွေကို အရေးယူအမှုဖွင့်ခဲ့တာရှိပြီး၊ အဲဒါကို ရည်ညွှန်းသလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိဘူး။

အခုလက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားနေသူ စုစုပေါင်းက ၇၄ ဦးရှိနေပြီး သေဆုံးသူ ၄ ဦး ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG