သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ရောဂါမပြန့်ပွားအောင် အသွားအလာဆင်ခြင်ဖို့ မြန်မာတာဝန်ရှိသူတွေ ထပ်မံသတိပေး


ရန်ကုန်မြို့ ဆူးလေဘုရားအနီးက ဗန္ဓုလလမ်း (ဧပြီ ၁၂၊ ၂၀၂၀)
ရန်ကုန်မြို့ ဆူးလေဘုရားအနီးက ဗန္ဓုလလမ်း (ဧပြီ ၁၂၊ ၂၀၂၀)

(Zawgyi/Unicode)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)

COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲအပြင်သွားတာမျိုးကို ရှောင်ကြဉ်ပြီး နေအိမ်အဝင်အထွက်များတာဟာ အန္တရာယ်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက သတိပေးထားပါတယ်။ ပြည်သူတွေနေအိမ်အပြင် မထွက်ကြဖို့ လိုက်လံနှိုးဆော်ပြီး ဆောင်ရွက်နေကြတဲ့ အုပ်ချုပ်ရေးမှူးတွေကလည်း ဒီအပေါ်ကို ပြည်သူတွေအနေနဲ့ လိုက်နာစေဖို့အတွက် မေတ္တာရပ်ခံထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုကပြောပြသွားမှာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်အစောပိုင်း ထုတ်ပြန်ပြီးချိန်အထိဆို မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၄၁ ဦးရှိထားပြီး သေဆုံးသူကတော့ ၄ ဦးအထိ ရှိသွားပါပြီ။ အခုလိုသေဆုံးနှုန်းအရဆို ရာခိုင်နှုန်းမြင့်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ COVID- 19 ရောဂါထိန်းချုပ်ရာမှာ ပါဝင်ဆောင်ရွက်နေတဲ့ ရန်ကုန်မြို့က ပြည်သူတွေနဲ့ ဒီကနေ့ပြုလုပ်တဲ့ အွန်လိုင်းအစည်းအဝေးမှာတွေ့ဆုံချိန် အတိုင်ပင်ခံက အခုလိုပြောခဲ့ပါတယ်။

“ဒီနေ့မနက်ဆိုရင် ၄၁ ယောက်အထိ ရောက်သွားပြီပေါ့။ ၄၁ ယောက်ထဲမှာ ၄ ယောက်က ကွယ်လွန်အနိစ္စရောက်သွားတယ်ဆိုတော့ ပြောရမယ်ဆိုရင် ရာခိုင်နှုန်း နည်းနည်းမြင့်တယ်လို့ ပြောရမှာပဲ။ ဒါကတော့ အဖြစ်ကိုအဖြစ်အတိုင်း ရင်ဆိုင်ရလိမ့်မယ်။ အဲတော့ အဲဒီမှာ နောက်တခု သတိပြုမိတာက နံပါတ် ၃၉ ဆုံးသွားတဲ့ လူနာက အသက် ၈၅နှစ်ရှိပြီ။ အခြေခံရောဂါတွေလည်း ရှိတယ်။ အဲတော့ အသက်ကလည်းကြီးတယ်၊ အခြေခံရောဂါတွေလည်း ရှိတယ်ဆိုတော့ COVID-19 ဖြစ်ဖို့ဟာက အင်မတန်မှ လွယ်ကူသွားတယ်လို့ပဲ ပြောရတော့မှာပေါ့။”

သေဆုံးသွားပြီဖြစ်တဲ့ လူနာနံပါတ် ၃၉ ရဲ့ အခြေအနေကို သုံးသပ်ပြီး ပြည်သူတွေအနေနဲ့ နေအိမ်အဝင်အထွက် အသွားအလာများများ မလုပ်ဖို့ကို သတိပေးသွားပါတယ်။

“ဒီအခြေအနေကို ပြန်ပြီးတော့ သုံးသပ်ကြည့်တဲ့အခါကျတော့ အိမ်အဝင်အထွက်သိပ်များတယ်။ အဲဒါတော့ ကျမတို့ပြည်သူပြည်သားတွေကို သတိပေးချင်တယ်။ အိမ်အဝင်အထွက်သိပ်များတာဟာ အန္တရာယ်ပဲ။ ဒါကြောင့်မို့ ခွာခွာနေပါ ခွာခွာနေပါဆိုတာ အဲဒါကိုပြောတာပါ။ လူနာတယောက် COVID-19 Positive တွေ့ပြီဆိုရင် ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိခဲ့သလဲ။ ဘယ်လိုကူးခဲ့သလဲဆိုတာကို လိုက်ပြီးတော့ စုံစမ်းတဲ့အခါမှာ လူနာ ၃၉ ကတော့ တိုက်ရိုက်နိုင်ငံခြားသားတွေနဲ့ ဆက်သွယ်တာမရှိဘူး။ နိုင်ငံခြားရောက်ဖူးတဲ့သူတွေနဲ့ ဆက်သွယ်တာ မရှိဘူး။ သို့သော်ငြားလည်း အိမ်က လူဝင်လူထွက် သိပ်များပါတယ်။”

ဧပြီ ၁၃၊ ၂၀၁၄ သင်္ကြန်မြင်ကွင်း (အပေါ်) နဲ့ ဧပြီ ၁၂၊ ၂၀၂၀ သင်္ကြန်မြင်ကွင်း (အောက်)
ဧပြီ ၁၃၊ ၂၀၁၄ သင်္ကြန်မြင်ကွင်း (အပေါ်) နဲ့ ဧပြီ ၁၂၊ ၂၀၂၀ သင်္ကြန်မြင်ကွင်း (အောက်)

ကိုဗစ်ရောဂါကာကွယ်နိုင်ဖို့နဲ့ ထိန်းချုပ်ကုသနိုင်ရေးအတွက် သင်္ကြန်ကာလအတွင်းမှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့နဲ့ လူစုလူဝေး မလုပ်ကြဖို့ကို အစိုးရက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ အဲဒီညွှန်ကြားချက်တွေကို ပြည်သူတွေလိုက်နာဖို့အတွက် မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးတွေက လိုက်လံနှိုးဆော်တာတွေ ပြုလုပ်နေကြတာပါ။

သင်္ကြန်ကာလအတွင်းမှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့အပြင် ရေမကစားဖို့အတွက်ကိုပါ ရပ်ကွက်တွေထဲ အသိပေးထားတယ်လို့ ရန်ကင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ အထွေအထူးမရှိပါဘူး။ ကျနော်တို့ဆီမှာ ထွက်တဲ့လူလည်း သိပ်မရှိဘူး။ တောက်လျှောက်တော့ လော်စပီကာနဲ့ လိုက်အော်နေတယ် စည်ပင်ကော်မတီက။ ရပ်အုပ်တွေရောလေ အားလုံးပေါင်းပြီးတော့။ ကျနော်တို့ ရပ်အုပ်တွေ သေချာမှာထားတယ် သင်္ကြန်တွင်း ရေမဆော့ဖို့အတွက်။”

အစိုးရက ထုတ်ပြန်ထားတဲ့အတိုင်း ညွှန်ကြားချက်တွေကို လမ်းတွေထဲမှာ အသိပေးပြောကြားထားသလို နေအိမ်အဝင်အထွက် လျော့ပါးစေဖို့ကိုလည်း ရပ်ကွက်နေလူငယ်တွေနဲ့ စုပေါင်းပြီး စောင့်ကြည့်ဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်က ရာအိမ်မှူးဦးစန်းကိုကလည်း ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့လမ်းအနေနဲ့ကတော့ နေ့စဉ်ညစဉ် နှိုးဆော်ပေးထားတယ်လေ။ ၁၀ ရက်ကနေ ၁၉ ရက်နေ့အထိ အစိုးရကထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ကားနဲ့လိုက်အော်ပေးထားတယ်။ ထုတ်ပြန်တဲ့ရက်ကစပြီးတော့ ဆော်သြပေးထားတယ်ခင်ဗျ။ အဲလိုတော့ လုပ်ပေးထားတယ်။ သိပ်ပြီးတင်းကျပ်ထားတာတော့ မရှိသေးဘူးခင်ဗျ။ အားရမှုတော့ရှိပါတယ်။ လိုက်နာကြပါတယ်။ တော်ရုံတန်ရုံမထွက်ကြပါဘူး။ ကျတော်လည်း နေ့ခင်းပိုင်း လမ်းလုံခြုံမှုအတွက်တော့ အဖွဲ့လေးတွေဖွဲ့ပြီးတော့ စောင့်ကြည့်နေတော့လေ အထွက်အလာတော့ နည်းပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံတွင်း ဓာတ်ခွဲအတည်ပြုလူနာတွေထဲက လူနာနံပါတ် ၄ နဲ့ ၇ ဟာ ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့လည်း သိရပါတယ်။

ဒီကနေ့စာရင်းတွေအရ ကမ္ဘာ့နိုင်ငံနဲ့နယ်မြေပေါင်း ၂၁၀ မှာ လူပေါင်း ၁၈ သိန်းကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးသူ ၁၁၅,၀၀၀ ကျော်ရှိခဲ့ပြီး ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၄၃၃,၀၀၀ ကျော် ရှိထားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







စက်တင်ဘာ ၁၉၊ ၂၀၁၉ မှာတွေ့ရတဲ့ ရန်ကုန်မြို့ထဲက လမ်း နဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၂ ရက်နေ့မှာ မြင်တွေ့ရတဲ့ ရန်ကုန်မြို့ထဲက လမ်း
စက်တင်ဘာ ၁၉၊ ၂၀၁၉ မှာတွေ့ရတဲ့ ရန်ကုန်မြို့ထဲက လမ်း နဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၂ ရက်နေ့မှာ မြင်တွေ့ရတဲ့ ရန်ကုန်မြို့ထဲက လမ်း








XS
SM
MD
LG