သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကျော့ပြန် ကိုဗစ်ကူးစက်မှုတွေကြောင့် ထိုင်းရောက် မြန်မာတွေစိုးရိမ်


မြန်မာရွှေ့ပြောင်းအလု့ပ်သမားတစ်ဦး ထိုင်းနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူနေစဉ် ( ၂၀၂၁ ယခင်ပုံဟောင်း)
မြန်မာရွှေ့ပြောင်းအလု့ပ်သမားတစ်ဦး ထိုင်းနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူနေစဉ် ( ၂၀၂၁ ယခင်ပုံဟောင်း)

Covid 19 မျိုးကွဲသစ်ဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံတဝှမ်းကူးစက်မှုနှုန်း မြင့်တက်လာပြီး သေဆုံးမှုတွေလည်းရှိကြောင်း ထိုင်းနိုင်ငံအာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး လူထုကိုအသိပေးနှိုးဆော်နေပါတယ်။ ဒီလိုကူးစက်ခံရမှုတွေကြား ထိုင်းနိုင်ငံမှာ နေကြတဲ့ မြန်မာပြည်သားတွေလည်း ပါဝင်ပါတယ်။ ဒီအကြောင်းမညိုညိုလွင် ဘန်ကောက်ကနေပြီးတော့ သတင်းပေးပို့ထားပါတယ်ရှင်။

ထိုင်းနိုင်ငံတဝှမ်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေဟာ အရင်အပတ်တွေကထက် နှစ်ဆလောက်တိုးလာပြီး ဆေးရုံတက်ရသူတွေ ၃ ထောင်လောက်ရှိလာခဲ့သလို သေဆုံးမှုကလည်း ၇၀ နီးပါးရှိလာတယ်လို့ ကျန်းမာရေးတာဝန်ခံတွေက ထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေထဲမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးတာတွေ ဖျားနာတာတွေရှိနေတာပါ။

ရောဂါကူးစက်ခံခဲ့ရတဲ့ မချစ်ချစ်ချောက “မဖြစ်ခင်သုံးလေးရက်လောက်က ကိုယ်လက်ကိုက်တာတွေရှိတယ်။ နှာမွှန်တာတို့ လည်ပင်းနာတယ်၊ အဲလိုမျိုးတွေဖြစ်တယ်။ စစချင်းတော့လေ။ လူကတော့ တအားကြီးသိသိသာသာကြီး မလဲသေးဘူးပေါ့။ နောက်နှစ်ရက်သုံးရက်လောက် နောက်ပိုင်းကျတော့ လူကလုံးလုံးကြီးကို လဲတော့တာပဲ။ လဲတော့ မူးတာတွေဘာတွေဖြစ်လာတယ်။ အားနည်းတာပေါ့နော်။ ချောင်းဆိုးတယ်၊ နှာမွှန်တယ်၊ ကိုယ်လက်ကိုက်တာတွေဖြစ်တယ်။ နှစ်ရက်သုံးရက်လောက်တော့ အိပ်ယာထဲမှာလဲနေတယ်။ အဲလိုပဲဆေးသောက်၊ အစားအသောက်ပြန်စားရင်းနဲ့ အားပြန်ဖြည့်တော့သက်သာလာတယ်။ လူငယ်ပိုင်းမှာဖြစ်ရင်တော့ဘာမှ မဖြစ်ဘူးပေါ့နော်။ လူကြီးပိုင်းကျတော့ နည်းနည်းရက်ရှည်မယ်။ ကိုယ်ခံအားပြန်ကောင်းဖို့အတွက်ပေါ့။ အများကြီးလိုတယ်ပေါ့။ နောက်ပြီးတော့ မိသားစုထဲမှာလည်းရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူးကြတာပေါ့လေ။ ကိုယ်ခံအားတွေမကောင်းကြတော့လေ။ အလုပ်ပင်ပန်းတာလည်းပါတော့လေ။ ဖျားပြီးနောက်ပိုင်းကျရင်လည်း လုံးလုံးကြီးအကောင်းကြီးမဖြစ်သေးဘူး။ ကိုယ်လက်ကိုက်တယ်"

ကိုဗစ်နိုင်တင်း မျိုးကွဲသစ်ကြောင့် ထိုင်းနိုင်ငံရဲ့အဓိကဝင်ငွေတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ထိခိုက်တာမျိုးမရှိပေမယ့် ကျောင်းတွေစဖွင့်တဲ့ကာလလည်းဖြစ်တာမို့ ပိုးကူးတာတွေများလာနိုင်တယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။ ထိုင်းနိုင်ငံမှာရှိကြတဲ့မြန်မာနိုင်ငံသားတွေ အပါအဝင် လူငယ်တွေကြားမှာလည်း Vape လို့ခေါ်တဲ့ e-cigarette သောက်ကြတာ weed လို့ခေါ်တဲ့ ဆေးခြောက်သုံးစွဲကြတာတွေကလည်း ကိုဗစ်ကူးစက်ဖြစ်ပွားမှုကို အားပေးရာရောက်တာကြောင့် အခုကာလတွေမှာ သတိထားဆင်ခြင်သင့်တယ်လို့ ဒေါက်တာအောင်စိုးထွန်းက ပြောပါတယ်။

"မြန်မာနိုင်ငံသားတွေ ဒီကိုရောက်လာပြီဆိုရင် ကျန်းမာရေးနဲ့ပတ်သတ်တဲ့ပြဿနာက အထောက်အထားရှိတဲ့လူတွေတောင်မှ ထိုင်းကကျန်းမာရေးစနစ်ကဈေးကြီးနေတယ်။ အဲဒီတော့ ဘာမှ မဖြစ်ခင်မှာကြိုတင်ကာကွယ်ဖို့က အရေးကြီးတယ်။ ကိုဗစ်ကို ပေါ့ပေါ့လျော့လျော့မနေနဲ့ ကိုဗစ်လက္ခဏာတွေဖြစ်ပြီဆိုရင်လည်း နီးစပ်ရာဆေးရုံဆေးခန်းတွေ သွားပြဖို့လိုသလို ကိုဗစ်မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ရမယ့်ဟာတွေ လုပ်ရမယ်။ ကိုဗစ်ဗိုင်းရပ်စ်မဝင်အောင် ဝင်ခဲ့ရင်လည်း ရောဂါလက္ခဏာမပြင်းအောင် ကိုယ့်မှာ ခုခံအားတက်အောင်လို့ အစားအသောက်အနေအထိုင် ဆင်ခြင်ဖို့လိုတယ်။ ဒီကာလ ရာသီဥတုလည်း တအားပူတယ်။ အရက်တအားသောက်တာ ရှောင်ကြဉ်သင့်တယ်။ ပြီးတော့ အထူးသဖြင့် မြန်မာလူငယ်တွေကြားထဲမှာ vaping လို့ခေါ်တဲ့ e-cigarette တွေသောက်တာ။ သူတို့ကသောက်ချင်လို့သောက်တာမဟုတ်ဘူး။ အချင်းချင်းကြားမှာ ဖက်ရှင်သဘောမျိုး စတိုင်သဘောမျိုးဆိုပြီးသောက်နေကြတာ။ စတိုင်လုပ်ပြီးသောက်ရာကနေ ပိုပြီးဆိုးတာကိုတွေ့ရတတ်တယ်။ အဲဒါကြောင့် vaping ကို အစကိုမလုပ်ပါနဲ့ ။ ဒီမှာဆိုရင် weed ဆေးခြောက်နဲ့ပတ်သတ်တာ တွေလည်း တွေ့တယ်။ weed ဆိုရင်လည်း မဖြစ်မနေသုံးချင်ရင်တောင်မှ စားတဲ့ဟာမျိုး ပိုပြီီးအဆင်ပြေတယ်။ ဘာလို့လည်းဆိုတော့ ကိုဗစ်သာဖြစ်ခဲ့ရင် ပိုပြီးဆိုးတာမျိုးဖြစ်မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် အရက်သေစာ အလွန်အကျွံသောက်တာမျိုးတွေ ဆေးလိပ်တွေ၊ weed တွေသောက်တာမျိုးကို ရှောင်ကြဉ်သင့်တယ်။ vape တွေကို အစကိုမလုပ်ပါနဲ့ ပြီးရင် ကိုဗစ်လက္ခဏာတွေဖြစ်ပြီးဆိုရင်လည်း သူများဆီမကူးအောင် ကာကွယ်စောင့်ရှောက်ပေးပါ။ ဒီလိုနည်းမျိုးနဲ့ ရောဂါကင်းစင်တဲ့ပတ်ဝန်းကျင်ကို တည်ဆောက်ပေးပါလို့ ပြောချင်ပါတယ်။"

ဒါ့အပြင် လူစုလူဝေးကြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့လည်း ကူးစက်မှုမရှိအောင် ကြိုတင်ကာကွယ်မှုတွေ သတိထားလုပ်ဆောင်ဖို့လိုတယ်လို့ဆိုပါတယ်။ ထိုင်းအစိုးရကတော့ မျိုးကွဲသစ်တွေအတွက် ကာကွယ်ဆေးတွေကို ဧပြီလ နောက်ဆုံးပတ်တွေကတည်းက ဆေးရုံတွေမှာ အခမဲ့ထိုးပေးရင်း စီးပွားရေးလုပ်ငန်းတွေကို မထိခိုက်အောင် ပြင်ဆင်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG