ထိုင်း−မြန်မာနယ်စပ်တလျှောက်မှာ ဆယ်စုနှစ်နဲ့ချီ ရှိနေတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ လက်ရှိနေထိုင်နေပြီး UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ ၂၀၁၉ ခုနှစ်က နောက်ဆုံး စာရင်းပေးသွင်းထားတဲ့ မြန်မာဒုက္ခသည်တွေ တတိယနိုင်ငံမှာ အခြေချနေထိုင်ရေး အစီအစဥ်ပြန်စဖို့ ထိုင်းအစိုးရက မေလ ၂၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အခုချိန်ထိ ကောက်ယူထားတဲ့ စာရင်းအရ ဒုက္ခသည် စုစုပေါင်း ၉ သောင်းလောက်ရှိပြီး အများစုဟာ အမေရိကန်ပြည်ထောင်စုကို ရွေ့ပြောင်းနေထိုင်ခွင့်ရကြမှာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာဒုက္ခသည်တွေ တတိယနိုင်ငံကို ရွေ့ပြောင်းအခြေချနေထိုင်တဲ့ အစီအစဥ်ကို ထိုင်းအာဏာပိုင်တွေက ၂၀၁၄ ခုနှစ်ကနေစပြီး ဆယ်စုနှစ် တခုနီးပါး ရပ်ဆိုင်းထားခဲ့ရာက ဒီအစီအစဥ်ကို သက်တမ်းတိုးပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းပြည်ထဲရေးဌာနက မေလ ၂၂ ရက်၊ တနင်္လာနေ့မှာ ကြေညာလိုက်တာပါ။
အခုလို ထိုင်းအစိုးရရဲ့ ကြေညာချက်ဟာ တတိယနိုင်ငံတွေကို ရွေ့ပြောင်း အခြေချနေထိုင်လိုသူတွေအတွက်တော့ ကောင်းမွန်တဲ့ အစီအစဥ် ဖြစ်တယ်လို့ ကရင်ဒုက္ခသည်ကော်မီတီဥက္ကဌ ဦးရောဘတ်ထွေးက ပြောပါတယ်။
“သွားချင်တဲ့လူတွေအတွက်တော့… ဘယ်လိုပြောမလဲ…. ကောင်းတဲ့လက္ခဏာပေါ့။ အခုက သူတို့က ဒီနေရာမှာ နေရတာ၊ စားသောက်ရတာ ခက်တောပေါ့နော်။ ထိုင်းထဲမှာလည်း နေလို့မရပြန်၊ ဟိုမှာလည်း(မြန်မာပြည်) နေလို့မရဆိုတော့ သူတို့အတွက် ကောင်းမွန်တဲ့လက္ခဏာတခုလို့ ပြောရမှာပေါ့နော်။”
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြသူတွေ၊ တိုင်းရင်းသားဒေသတွေမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည် အတော်များများဟာ ထိုင်းဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။ သူတို့ကို တတိယနိုင်ငံတွေမှာ ရွေ့ပြောင်းအခြေချ နေထိုင်ခွင့် ထိုင်းအစိုးရက အစောပိုင်းက ပေးခဲ့ပေမယ့် ၂၀၁၄ ခုနှစ်ကစလို့ အဲဒီလို ဒုက္ခသည်တွေ ရွေ့ပြောင်းအခြေချနေထိုင်တဲ့ အစီအစဉ်ကို ထိုင်းအာဏာပိုင်တွေက ရပ်ဆိုင်းထားခဲ့ပါတယ်။
နှစ်အတော်ကြာ ရပ်ဆိုင်းထားခဲ့ပြီးမှ ထိုင်းအစိုးရအနေနဲ့ အခုအချိန်မှာ ဘာကြောင့် ဒီအစီအစဥ်ကို ပြန်စခွင့်ပြသလဲဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် အခုကောက်ယူထားတဲ့ စာရင်းအတိုင်း နောက်ဆုံးတကြိမ် ပြန်လည် စိစစ်မှုတွေ လုပ်ဆောင်ပြီးရင်တော့ လာမယ့် လအနည်းငယ်အတွင်း ဒုက္ခသည်တွေကို စတင်ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ဒါဟာ Multi-year program − နှစ်အတန်ကြာ လုပ်ဆောင်ရမယ့် အစီအစဥ်တခုဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။
ဒီအစီအစဥ်ကို ပြန်စမယ့်အကြောင်းကိုတော့ ထိုင်းအစိုးရကခန့်ထားတဲ့ စခန်းတာဝန်ရှိသူတွေနဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေလာရောက်ပြီး ထိုင်းပြည်ထဲရေးဌာနက ကြေညာတဲ့ မေလ ၂၂ ရက်နေ့မှာ ဒုက္ခသည်တွေကို အသိပေးခဲ့တယ်လို့ ဦးရောဘတ်ထွေးက ပြောပါတယ်။
တတိယနိုင်ငံမှာ ရွေ့ပြောင်းအခြေချနေထိုင်ခွင့်ရဖို့ စခန်းအတွင်းမှာ ၂၀၁၅ ခုနှစ်ကစပြီး အဆင့်ဆင့် စာရင်းကောက်ယူခဲ့တဲ့အခြေအနေကိုတော့ နို့ဘိုးစခန်းမှာ အခုချိန်ထိ ၁၅ နှစ်ကြာ နေလာတဲ့ ရခိုင်တိုင်းရင်းသား ကိုဆန်းလွင်က အခုလို ရှင်းပြပါတယ်။
“နောက်ဆုံးအကြိမ်ကျတော့ ၂၀၁၉ မှာဘဲ ဒီ(ထိုင်း)ပြည်ထဲရေးကဘဲ သီးသန့်ဘဲ UN ပါဘဲနဲ့ လက်ဗွေနှိပ်တယ်။ ပြီးတော့ ပြည်ထဲရေးတံဆိပ် အကြီးကြီးနဲ့ ကျနော်တို့ကို နောက်ဆုံးအကြိမ် စာရွက်တရွက် ထုတ်ပေးတယ်။ ၂၀၀၉ ကနေ စတင်ပြီး အခု ၂၀၂၃ အထိ သူတို့လုပ်သွားတာ ဒါ အကုန်ဘဲပေါ့။ အဲဒီထဲမှာ သူတို့ပြောသွားတာကကျတော့ ပထမဦးဆုံးအကြိမ်လုပ်သွားတဲ့ Pre. ဆိုတဲ့ စာရွက်ကကျတော့ အကျုံးမဝင်ဘူးလို့တော့ ပြောတယ်။ ဒါပေမယ့် အဲဒီ UN ကလုပ်သွားတဲ့ UN ကဒ်ရယ်၊ URG ရယ်၊ အဲဒီဟာ ၂ ခုရှိတဲ့လူကတော့ ဒီတခေါက် ၇ လပိုင်းမှာ စိစစ်တဲ့အခါကျလို့ရှိရင် တတိယနိုင်ငံမှာ အခြေချနေထိုင်ဖို့ အခွင့်အလန်းတွေပေါ်လာတဲ့အတွက် အဲဒီလူတွေကို ပြန်စိစစ်ပြီးတော့ သူတို့ဘက်ကနေ ဆောင်ရွက်ပေးမယ်လို့ အဲဒီလိုမျိုး ပြောသွားတယ်။”
နယ်စပ်ဒေသတလျှောက်က ဒုက္ခသည်စခန်း ၉ ခုမှာ အခုအချိန်ထိ ကျန်ရှိနေသူအများစုဟာ တတိယနိုင်ငံတခုခုမှာ သွားရောက် အခြေချနေထိုင်နိုင်မယ့် အခွင့်အလန်းရနိုင်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး စောင့်နေခဲ့ကြရတာပါ။ ဒါကြောင့်လည်း သူကတော့ တတိယနိုင်ငံမှာ ရွေ့ပြောင်း အခြေချနေထိုင်မယ်လို့ ကိုဆန်းလွင်က ပြောပါတယ်။
“ကျနော်တို့ကတော့ တတိယနိုင်ငံမှာ အခြေချခွင့်ရဖို့အတွက်ကိုဘဲ ဒီစခန်းထဲမှာ နေလာတာ အခုဆိုလို့ရှိရင် ၁၅ နှစ် ရှိသွားပြီပေါ့။ ကျနော်လည်း ဘယ်မှမသွားဘူး၊ စခန်းထဲမှာဘဲနေတယ်။ ကျနော်တို့ကတော့ တကယ်ဘဲ တတိယနိုင်ငံမှာ အခြေချခွင့်ရဖို့ကိုဘဲ အဓိကထားပြီးတော့ ကျနော်တို့ ဒီမှာ စောင့်နေတယ်ပေါ့။”
ကိုဆန်းလွင်ဟာ ရခိုင်လူမျိုးတဦးဖြစ်ပေမယ့် ထိုင်း−မြန်မာနယ်စပ်ကိုရောက်လာပြီးမှ ကရင်တိုင်းရင်သူနဲ့ အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် မြေးတောင် ရနေပြီ ဖြစ်ပါတယ်။ ကြားထဲမှာ စောင့်ခဲ့ရတဲ့နှစ်တွေ ကြာလွန်းတာကြောင့် သူ့သားသမီးတွေက ထိုင်းနိုင်ငံမှာဘဲ အခြေကျနေတဲ့သူ ရှိသလို၊ ဒီမှာတက်လက်စ ပညာရေးကို ပြီးဆုံးအောင်တက်ပြီး ထိုင်းမှာဘဲ အခြေချနေထိုင်ဖို့ ဆုံးဖြတ်တဲ့သူလည်း ရှိတယ်လို့ ဆိုပါတယ်။ သားသမီးတွေက တတိယနိုင်ငံကို မိဘတွေနဲ့အတူ လိုက်နေလိုတဲ့ဆန္ဒမရှိတော့တာကြောင့် မိသားစု တကွဲတပြားဖြစ်မယ့်အရေး ဆိုက်နေတယ်လို့လည်း ကိုဆန်းလွင်က ပြောပါတယ်။
“မိသားစုတွေက တကွဲတပြားတွေ ဖြစ်ကုန်တာပေါ့။ ကျနော်တို့လည်း သူတို့ကို အတင်းတိုက်တွန်းလို့လည်း မကောင်းတော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီဘက်ကလည်း သူတို့ပြောလောက်တဲ့၊ ယုံလောက်တဲ့အနေအထားမျိုး ဖြစ်မယ်ဆိုရင်လည်း ဖြစ်လောက်စရာ အနေအထားတွေ ဒီမှာ အများကြီး ကျနော်တို့ ရင်ဆိုင်ရတာလေ၊ အဲဒီလိုမျိုးပေါ့။”
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားဒေသအသီးသီးကနေ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံခဲ့ကြတာပါ။ အစပိုင်းမှာ ယာယီ ဒုက္ခသည်စခန်းအဖြစ် ရှိနေခဲ့ရာက အခု ဆယ်စုနှစ်တွေနဲ့ချီ ကြာလာတဲ့အခါမှာတော့ စခန်းအတွင်းက လူအများစုဟာ ဒီနေရာ ဒီဒေသမှာ အခြေကျနေပြီဖြစ်တာကတကြောင်း၊ တချို့လည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဇာတိမြေကို အခုချိန်ထိ ပြန်ချင်တဲ့ဆန္ဒ ရှိနေသေးတာကတကြောင်းတို့ကြောင့် တတိယနိုင်ငံကို ရွေ့ပြောင်း အခြေချနေထိုင်လိုစိတ် မရှိသူတွေလည်း စခန်းအတွင်းမှာ ရှိတယ်လို့ ဆိုပါတယ်။
UNHCR က ၂၀၁၉ ခုနှစ်မှာ နောက်ဆုံး စာရင်းကောက်ယူထားပြီး၊ ဓာတ်ပုံနဲ့တကွ ကိုယ်ရေးရာဇဝင် အချက်အလက်တွေပါ ပေးအပ်ထားပြီးသူတွေကိုသာ ရွေ့ပြောင်း အခြေချနေထိုင်ခွင့် ပြုသွားမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်စာရင်းမှာဘဲ နောက်မှ ရောက်လာသူတွေကိုတော့ ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အခုစာရင်းပြုစုထားတဲ့ ထိုင်း−မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုကတော့ မယ့်လ၊ အုန်းဖျန်၊ နိုဖိုး၊ မယ့်လအူး၊ မယ့်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယန်းနှင့် ကရင်နီအမှတ် (၁)၊ အမှတ် (၂) စခန်းတွေမှာ ကရင်တိုင်းရင်းသား အများစုနဲ့ မြန်မာအပါအဝင် တခြား တိုင်းရင်းသား အများအပြားလည်း ရှိနေကြတာ ဖြစ်ပါတယ်။