သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်ထားမဲ့ မြန်မာ ၁၅၀ နီးပါး ထိုင်းမှာ အဖမ်းခံရ


ထိုင်းနိုင်ငံ စမုတ်ပရာကန်ပြည်နယ်၊ ကမ်ချနဘူရီပြည်နယ်နဲ့ ဖာတလုံပြည်နယ်တွေမှာ ၃ ရက် အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မြန်မာများ။ (ဧပြီ ၂၉၊ ၂၀၂၃/ ဓာတ်ပုံ-ထိုင်းရတပ်ဖွဲ့)
ထိုင်းနိုင်ငံ စမုတ်ပရာကန်ပြည်နယ်၊ ကမ်ချနဘူရီပြည်နယ်နဲ့ ဖာတလုံပြည်နယ်တွေမှာ ၃ ရက် အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မြန်မာများ။ (ဧပြီ ၂၉၊ ၂၀၂၃/ ဓာတ်ပုံ-ထိုင်းရတပ်ဖွဲ့)

ထိုင်းနိုင်ငံ စမုတ်ပရာကန်ပြည်နယ်၊ ကမ်ချနဘူရီပြည်နယ်နဲ့ ဖာတလုံပြည်နယ်တွေမှာ ၃ ရက် အတွင်း အထောက်အထားမဲ့ မြန်မာ ၁၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ စမုတ်ရာကန်ပြည်နယ် ဘန့်ဖလီမြို့နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာကို အာဏာပိုင်တွေကဝင်ရောက်စစ်ဆေးခဲ့ရာမှာ အလည်ဗီဇာနဲ့လာတဲ့ တရုတ်နိုင်ငံသားတဦးက ဦးစီးလုပ်ကိုင်နေပြီး အထောက်အထားမဲ့မြန်မာတွေကိုခန့်ထားတဲ့အတွက် ဖမ်းဆီးခဲ့ကြောင်း ၃ ရက်အတွင်း တရားမဝင်မြန်မာ ၁၅၀ လောက်ဖမ်းဆီးခံရတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးက အခုလိုပြောပါတယ်။

"စမုတ်ပရာကန်ပြည်နယ် ဘန်ဖလီမြို့နယ်ထဲမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို စစ်တပ်၊ ရဲ၊ လုံခြုံရေးအဖွဲ့၊ အလုပ်သမားဌာနဆိုင်ရာလည်း ပါတယ်။ လုံခြုံရေးအဖွဲ့စုံက ရှောင်တခင်ဝင်ရောက်စစ်ဆေးတဲ့အခါမှာ ခရီးသွားဗီဇာနဲ့ တရုတ်နိုင်ငံသားတဦးနဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၃ ဦး ဖမ်းဆီးခံရပါတယ်။ ဧပြီလ ၂၆ ရက်နေ့ တနေ့တည်းပဲ ထိုင်းတောင်ပိုင်း ဖာတလုံပြည်နယ်ထဲဝင်လာတဲ့မြန်မာတွေနဲ ထိုင်းနဲ့မွန်ပြည်နယ် ကမ်ချနဘူရီပြည်နယ်ထဲကိုဝင်လာတဲ့ တရားမဝင်မြန်မာ စုစုပေါင်း ၇၀ ဦးကို ဖမ်းမိပါတယ်။ ဧပြီလ ၂၅၊ ၂၆ ၂၇။ ၃ ရက်ထဲမှာ တရုတ်နိုင်ငံသားတဦးနဲ့တရားမဝင်မြန်မာ ၁၄၉ ဦး။ စုစုပေါင်း ၁၅၀ ဖမ်းမိခဲ့ပါတယ်။"

ဆောက်လုပ်ရေးလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားဟာ သူ့ကိုယ်သူ တရုတ်နွယ်ဖွား ထိုင်းနိုင်ငံသားအဖြစ် ဟန်ဆောင်နေတာဖြစ်ပြီး သူဟာ ခရီးသွားအလည်ဗီဇာနဲ့ နေထိုင်နေတာကို စစ်ဆေးတွေ့ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။

ကမ်ချနဘူရီပြည်နယ်မှာ ဖမ်းမိသူတွေကတော့ ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ရခိုင်ပြည်နယ်တွေကလာကြသူတွေဖြစ်ပြီး ဘန်ကောက်နဲ့တခြားမြို့နယ်တွေမှာအလုပ်လုပ်ဖို့ လူကုန်ကူးသူတွေနဲ့လာကြသူတွေဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကိုတော့လူကုန်ကူးမှုဥပဒေနဲ့ကော ထိုင်းနိုင်ငံထဲခိုးဝင်တဲ့ဥပဒေတွေနဲ့ပါ အရေးယူမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

"သူတို့ကိုတော့ ထိုင်းနိုင်ငံလူကုန်ကူးမှုဥပဒေ၊ ထိုင်းလူဝင်မှုဥပဒေတွေနဲ့အရေးယူပြီး သက်ဆိုင်ရာ နိုင်ငံတွေကိုပြန်ပို့မယ့်အကြောင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။"

မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခက်အခဲတွေကြောင့်ကော နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေဟာ နေ့စဉ် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံနေရပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG