[Zawgyi/Unicode]
အမေရိကန် အစားအစာနဲ့ ဆေးဘက်ဆိုင်ရာဌာန (FDA) က ကိုဗစ်-၁၉ ကပ်ရောဂါ ပထမဦးဆုံး ကုသဆေးကို ခွင့်ပြုလိုက်ပါပြီ။
ဗိုင်းရပ်စ်တွေကို ချေဖျက်ပေးနိုင်ပြီး သွေးကြောထဲကနေ ထိုးပေးရတဲ့ Remdesivir ကို ဆေးရုံတက်ဖို့ လိုအပ်တဲ့ အနည်းဆုံး အသက် ၁၂ နှစ် အထက် နဲ့ အနည်းဆုံး ကိုယ်အလေးချိန် ၈၈ ပေါင်ရှိသူတွေအတွက် ကုသနိုင်ကြောင်း ဆေးထုတ်လုပ်တဲ့ Gilead Sciences Inc., က ကြာသပတေးနေ့မှာ ပြောခဲ့တာပါ။
ပြန်ကောင်းလာဖို့အတွက် အရင်က ၁၅ ရက် ကြာခဲ့တာကနေ Veklury လို့ခေါ်တဲ့ Remdesivir ဆေးက ၅ ရက်လျော့စေပြီး ၁၀ ရက်အတွင်း ပြန်နလံထူလာစေနိုင်ကြောင်း အမေရိကန် ဆေးသုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဒီဆေးကို နွေဦးရာသီကတည်းကစပြီး အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ ခွင့်ပြုချက်ရထားတာဖြစ်ပါတယ်။
Veklury ဆေးဟာ ဗိုင်းရပ်စ်ပိုးတွေ အလိုအလျောက် ပွားလာတာကို ဟန့်တားပေးနိုင်ပါတယ်။ ဆေးကိုအသုံးမပြုခင် ကျောက်ကပ်နဲ့ အသည်းတွေ ကောင်းမကောင်း စစ်ဆေးဖို့ လိုအပ်သလို ဘေးထွက် ဆိုးကျိုးတွေ ရှိ၊ မရှိဆိုတာကိုလည်းစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Veklury ကို ငှက်ဖျားဆေး hydroxychloroquine နဲ့ တွဲသုံးရင် ဆေးအာနိသင်ကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ဒီဆေးနှစ်မျိုးကို တွဲမသုံးမိဖို့လည်း သတိပေးထားပါတယ်။
[Unicode Version]