သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး


FILE - A doctor holds a vial of the human papillomavirus (HPV) vaccine Gardasil in his Chicago office.
FILE - A doctor holds a vial of the human papillomavirus (HPV) vaccine Gardasil in his Chicago office.
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မူကြောင့် ပြီးခဲ့တဲ့လတွေက ရွှေ့ဆိုင်းခဲ့ရတဲ့၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို၊ အခုအပတ် စထိုးပေးရာမှာ အိမ်မှာနေဖို့အမိန့် မထုတ်ထားတဲ့နေရာတွေမှာ ထိုးနိုင်ပါပြီ။

မြန်မာအမျိုးသမီးတွေဖြစ်တဲ့ ကင်ဆာတွေထဲ Human Papillomavirus (HPV) ကြောင့် အဖြစ်များတဲ့၊ သားအိမ်ခေါင်းကင်ဆာက၊ အဖြစ်အများဆုံးနဲ့ အသေအပျောက်အများဆုံး ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ Gavi လို့ အတိုခေါက်ခေါ်တဲ့ ကာကွယ်ဆေးမိတ်ဖက်အဖွဲ့တွေနဲ့ မြန်မာအစိုးရ ပူးပေါင်းပြီး၊ (၉) နှစ်အရွယ် မိန်းကလေးတွေကစပြီး ထိုးပေးမယ့် ဒီကာကွယ်ဆေးကို၊ အမျိုးသားကာကွယ်ဆေးထိုး အစီအစဉ်မှာ စပြီးထည့်သွင်းနိုင်တာပါ။ အရင် ဒီနှစ် သြဂုတ်လမှာ စထိုးဖို့ စီစဉ်ခဲ့ပေမယ့်၊ ကိုဗစ်ရောဂါကြောင့် စက်တင်ဘာကိုရွှေ့ပြီး၊ နောက်တစ်ခါထပ်ရွှေ့ရပြန်ကာ၊ အခု အောက်တိုဘာ (၂၀) ရက်ကျမှ စထိုးဖြစ်ပေမဲ့၊ ကိုဗစ်ရှိနေသေးတာကြောင့်၊ အဖြစ်များတဲ့ Home Stay အိမ်မှာနေဖို့ အမိန့်အောက်ကမြို.တွေမှာ မထိုးနိုင်သေးဘဲ၊ ဒီအမိန့်မချထားဘဲ အသွားအလာအဆင်ပြေတဲ့ မြို.ပေါင်း (၇၀) ကျော်မှာသာ စထိုးပေးမှာပါ။ ဆေးအရေအတွက် (၄) သိန်းခွဲကျော်သာ ရရှိထားပြီး၊ (၉) နှစ်ကနေ (၁၀) နှစ်အရွယ်အတွင်းသာထိုးပေးမှာမို့၊ အသက်အရွယ်အတွက် အထောက်အထား တစ်ခုခု (မွေးစာရင်း၊ ကျောင်းဝင်ထောက်ခံစာ၊ အရင်တိုးချဲ.ကာကွယ်ဆေးထိုးမှတ်တမ်း) ကို ယူဆောင်လာရပါမယ်။

လက်ရှိကျောင်းတွေ မဖွင့်ထားတာကြောင့်၊ အရပ်ထဲမှာ မြို.နယ်နဲ့ ကျေးလက်ကျန်းမာရေးဌာနတွေ၊ ကုတင် ၁၀၀ အထက်ဆေးရုံတွေနဲ့ ရွာငယ်တွေမှာတော့ သားဖွားဆရာမဆေးလိုက်ထိုးချိန်မှာ ထိုးလို့ရပါတယ်။ အသက် ၉ နှစ်ကနေ ၁၀နှစ်အတွင်းဖြစ်တဲ့၊ (၁.၉.၂၀၁၀) ကနေ (၃၁-၈-၂၀၁၁) အတွင်းမွေးဖွားသူတွေသာ ထိုးနိုင်ပြီး၊ နောက်နှစ်မှာ (၆ လမှ ၁၅ လအတွင်း) တစ်ကြိမ်ထပ်ထိုးဖို့လိုပါတယ်။ ဒီကာကွယ်ဆေးက ပုံမှန်အမျိုးသားကာကွယ်ဆေးအစီအစဉ်မှာ ထည့်သွင်းထားတာမို့၊ တစ်ရက်တည်း စုပြုံထိုးမှာ မဟုတ်ဘဲ၊ လပိုင်းကာလတစ်ခုပေးပြီး၊ နောက်ပိုင်းလည်း (၉) နှစ်ပြည့်သူတွေကို အမြဲပုံမှန်ထိုးပေးသွားမှာပါ။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက အရင်ပုံမှန်ကာကွယ်ဆေးတွေလို ငယ်ရွယ်စဉ် (၁) နှစ်ခွဲအထိမှာ ထိုးရတာမျိုးမဟုတ်ဘဲ၊ ကျောင်းနေအရွယ် (၉) နှစ်ကျမှ ထိုးရတာပါ။ ဒါကလည်း လိင်ကနေတစ်ဆင့်ကူးစက်တဲ့ ဒီ Papilloma ဗိုင်းရပ်စ်ပိုးကူးက်ခံရပြီး၊ အသက်ကြီးလာချိန် (၃၅-၄၀ အထက်) ကျရင်၊ သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင်ကာကွယ်နိုင်ဖို့ပါ။ အကြောင်းက ဒီလူကြီးအရွယ်ကျမှဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်သူတွေရဲ့ (၈၀-၈၅%) က ဗိုင်းရပ်စ်ပိုး တချိန်က ကူးစက်ခံခဲ့ရလို့ပါ။ အခုလို ဒီဗိုင်းရပ်စ်ကာကွယ်ဆေး ငယ်ရွယ်စဉ်မှာ ကြိုတင်ထိုးထားခြင်းအားဖြင့်၊ မြန်မာအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နှုန်းနဲ့သေနှုန်းတွေ၊ နောင်တချိန်မှာ အများကြီးလျော့ချနှိင်ဖို့ ရည်မှန်းထားပါတယ်။ တကယ်တော့ ဒီဆေးကို အရင် အပြင်ဆေးခန်းတွေမှာ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထိုးနိုင်ပေမယ့် ဈေးအလွန်ကြီးပါတယ်။ အခုတော့ အခမဲ့ ထိုးပေးမှာအပြင်၊ ကိုဗစ်ကာလဖြစ်ပေမဲ့၊ မရှိမဖြစ်တဲ့ ဒီကာကွယ်ဆေးလုပ်ငန်းအတွက်၊ ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေ (ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ မျက်နှာအကာတပ်တာ၊ လက်ဆေးတာ၊ (၆) ပေ ခွာခြားထားတာ) အပြည့်သုံးပြီး ထိုးပေးနိုင်ဖို့၊ အစစအရာရာစီစဉ်သင်တန်းပေးထားတာကြောင့်၊ အချိန်းအချက်ကြိုယူပြီး မပျက်မကွက်ထိုးသင့်ပါတယ်။ ဒါ့အပြင် ဒီဆေးက ဘေးထွက်ဆိုးကျိုးနည်းလွန်းပြီး (ထိုးတဲ့နေရာ အနည်းငယ်နာတာ၊ နီတာနဲ့ အဖျားအနည်းငယ်သာရှိနိုင်ကာ)၊ အန္တရာယ်ကင်း စိတ်ချရတဲ့ဆေးလည်း ဖြစ်ပါတယ်။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode===






XS
SM
MD
LG