သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း COVID-19 ကူးစက်ခံ ၂ ဒသမ ၃ သန်းထိ ရောက်ရှိ


နယူးယောက်မြို့တွင် အစားအစာနှင့် နှာခေါင်းစည်းများ ရယူရန် တန်းစီစောင့်ဆိုင်းနေသူများ။ (ဧပြီ ၁၈၊ ၂၀၂၀)
နယူးယောက်မြို့တွင် အစားအစာနှင့် နှာခေါင်းစည်းများ ရယူရန် တန်းစီစောင့်ဆိုင်းနေသူများ။ (ဧပြီ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ဒီကနေ့မနက်အစောပိုင်း နောက်ဆုံးရ သတင်းတွေအရ တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၂ ဒသမ ၃ သန်းထိ မြင့်တက်လာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်မှုက တဖြည်းဖြည်း တိုးလာနေဆဲ ရှိနေပါတယ်။ ဒါပေမယ့် နိုင်ငံတချို့မှာ ကူးစက်မှုနှုန်း ပြန်ကျလာတာ ရှိပါတယ်။

John Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာရဲ့ စာရင်းအရ အမေရိကန်ပြည်ထောင်စုမှာတော့ သေဆုံးသူပေါင်း ၄၀,၀၀၀ နီးပါးနဲ့ ရောဂါကူးစက်ခံထားရသူ ၇၄၃,၀၀၀ ရှိပြီး ကမ္ဘာပေါ်မှာ ဒီရောဂါကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ရှိနေပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု စတင်ခဲ့တဲ့ တရုတ်နိုင်ငံမှာ တနင်္ဂနွေ စာရင်းအရ နောက်ထပ် အသစ်ကူးစက်ခံရသူပေါင်း ၁၆ ယောက်နဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ ၈ ယောက် ရှိခဲ့ပါတယ်။ တောင်ကိုရီးယားအနေနဲ့ လအနည်းငယ်အတွင်း ပထမဆုံးအကြိမ် ကူးစက်မှုအသစ် အရေအတွက် ဆယ်ဂဏန်းအောက် ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတချို့မှာတော့ ဗိုင်းရပ်စ်ကို ထိန်းချုပ်တဲ့အနေနဲ့ လူတဦးနဲ့တဦး အနီးကပ်မနေဖို့ တင်းကျပ်တဲ့ ညွှန်ကြားချက်တွေကို စတင်ပြီး ဖြေလျော့လာပါတယ်။ အခုလို လူတဦးနဲ့တဦး လုံလောက်တဲ့ အကွာအဝေးရှိဖို့ဆိုတဲ့ ကန့်သတ်ချက်တွေကို ဖြေလျော့မယ့် အစီအစဉ်တွေကို WHO အနေနဲ့ အားပေးတယ်ဆိုပေမယ့် အချိန်ယူပြီး ဖြည်းဖြည်းချင်း ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပြီး ကူးစက်ရောဂါကြီး ပျောက်သွားပြီဆိုတာမျိုး မမြင်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ Tedros Adhanom Ghebreyesus က တနင်္ဂနွေနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ ဆက်ရှိနေတာနဲ့အမျှ စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေ နည်းပါးစေရေး ကမ္ဘာ့နိုင်ငံတွေအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတချို့က တိုက်တွန်းလိုက်ပါတယ်။

လူ့အသက်တွေနဲ့ လူတွေရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ဆက်ပြီး မထိခိုက်ရအောင် ကယ်တင်နိုင်ဖို့အတွက် အားလုံး လက်တွဲဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်း ဗြိတိန်၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ စင်ကာပူ၊ တူရကီ၊ ကနေဒါ၊ အီတလီ၊ ပြင်သစ်၊ တောင်ကိုရီးယား အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက စနေနေ့က ပူးတွဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

ထိခိုက်မှုနည်းပြီး ပြန်လည် နာလန်ထူလာနိုင်ရေး ကြိုးပမ်းမှုတွေ ခိုင်မာအားကောင်းစေဖို့အတွက် လူထုကျန်းမာရေး၊ ခရီးသွားလာရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ငွေကြေးကျားကန်မှု အစီအစဉ် စသဖြင့် လုပ်ငန်းတွေ ချမှတ်ဆောင်ရွက်ရာမှာ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ဒီနိုင်ငံတွေက ကတိပြုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------------

(Unicode)










XS
SM
MD
LG