သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း COVID-19 ကူးစက်သူ သန်း ၂၉၀ နီးပါးရှိပြီ


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ရထားဘူတာရုံတခုမှာ ခရီးသည်တွေကို ကိုဗစ်စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၃၀၊ ၂၀၂၁)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ရထားဘူတာရုံတခုမှာ ခရီးသည်တွေကို ကိုဗစ်စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၃၀၊ ၂၀၂၁)

(Zawgyi / Unicode)

နှစ်ကူး ကိုဗစ်အခြေအနေနဲ့ ပတ်သက်လို့ တကမ္ဘာလုံးမှာ COVID-19 တွေ့ရှိတာ ၂၈၈ ဒသမ ၂ သန်း ရှိသွားပြီး ကာကွယ်ဆေးအလုံးပေါင်း ၉ ဒသမ ၁ ဘီလီယံ ထိုးပြီးပြီလို့ Johns Hopkins တက္ကသိုလ်ရဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းအရင်းအမြစ်ဌာနက စနေနေ့က ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာတဝန်း အိုမီခရွန်မျိုးကွဲ ကူးစက်နေချိန် သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်မှာ နှစ်သစ်ကူးညဟာ အရေးပေါ် ကျန်းမာရေးဝန်ထမ်းတွေအတွက် နှစ်ပေါင်း ၁၂၆ နှစ်အတွင်း အလုပ်အများဆုံးည ဖြစ်ခဲ့တယ်လို့ Sydney Morning Herald သတင်းစာကြီးက စနေနေ့မှာ ဆိုလိုက်ပါတယ်။ နှစ်သစ်ကူးညမှာ ထုံးစံအတိုင်း အရက်‌နဲ့ ဆက်စပ် အရေးပေါ်ကိစ္စတွေ၊ မတော်တဆဖြစ်မှုတွေ ရှိပေမယ့် COVID-19 က ထိပ်ကို တက်သွားပါတယ်လို့ အရေးပေါ် လူနာတင်ယာဉ် စစ်ဆေးရေးမှူး Kay Armstrong က သတင်းစာကို ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ စနေနေ့က ကိုဗစ်ပိုးတွေ့ရှိမှုအသစ် ၂၂,၇၇၅ ဦး ရှိခဲ့ပြီး အိုမီခရွန်ပိုးကတော့ စုစေုပေါင်း ၁,၄၃၁ ဦး ရှိခဲ့ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ တကယ်ဖြစ်တာက ဒါ့ထက်များနိုင်တယ်လို့ ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်စ်ဟာ အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုဌာနရဲ့ စွမ်းအားကို စမ်းသပ်စစ်ဆေးပါလိမ့်မယ်လို့ ဗြိတိန်နိုင်ငံ အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုဌာန အကြီးအကဲ Matthew Taylor က ပြောပါတယ်။ အိုမီခရွန်ကြောင့် ဆေးရုံတွေဟာ ခက်ခက်ခဲခဲ ရွေးချယ် ဆုံးဖြတ်ရတဲ့ အနေအထားကို ရောက်လိမ့်မယ်လို့လည်း သူက ဟောကိန်းထုတ်လိုက်ပါတယ်။

အမေရိကန်မှာ အိုမီခရွန် ကူးစက်လာတဲ့အတွက် တက္ကသိုလ် ကောလိပ် ၃၀ ကျော်ဟာ နွေဦး ကျောင်းဖွင့်ရက်တွေကို နောက်ရွှေ့လိုက်ကြတယ်လို့ စီအန်အန် သတင်းဌာနက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)







XS
SM
MD
LG