သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ုလက်နက်ကိုင် ပဋိပက္ခဒေသများ (အပိုင်း ၂)


တိုက်ရိုက် လင့်ခ်

ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရဖွဲ့စည်းတဲ့ ၂၀၁၁ ကစပြီး ချမ်းသာတဲ့နိုင်ငံအများစုဟာ မြန်မာနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လုပ်လာကြပါတယ်။ နိုင်ငံခြား အကူအညီရတဲ့အထဲမှ (၃) ရာခိုင်နှုန်းကျော်ကို ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အသုံးပြုကြောင်း လက်နက်ကိုင်ပဋိပက္ခဒေသများဆိုတဲ့ အောက်တိုဘာလထုတ် Asia Foundation အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူချက်တွေထဲမှာ ဖွံ့ဖြိုးမှုရှိဖို့ လိုအပ်တာကို အားလုံးအသိအမှတ်ပြုကြပါတယ်။ ဖွံ့ဖြိုးရေးအကူအညီကို မှန်ကန်စွာအသုံးပြုနိုင်ရင် ပဋိပက္ခဒေသက ပြည်သူ့ဘဝကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ သဘောတူဖို့ လိုပါတယ်။ ဒီလို ဖြစ်မလာဘူးဆိုရင် ဖွံ့ဖြိုးရေးစီမံကိန်းကြောင့် တဘက်နဲ့တဘက် ယုံကြည်မှု ကင်းမဲ့လာတဲ့အတွက် ငြိမ်းချမ်းရေးကို ထိခိုက်စေပါတယ်။ ဖွံ့ဖြိုးရေးလုပ်နိုင်ရင် ငြိမ်းချမ်းရေးကို ထိခိုက်စေပါတယ်။ ဖွံ့ဖြိုးရေးလုပ်နိုင်ရင် ငြိမ်းချမ်းရေးရမယ်ဆိုတဲ့ လမ်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံပါဘူး။ နိုင်ငံရေးသဘောတူညီချက် ရယူနိုင်မှသာ ရေရှည်ငြိမ်းချမ်းရေးရမယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးရေးအကြောင်းပြပြီး အစိုးရအာဏာစက် ကျယ်ပြန့်အောင်လုပ်တဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပဋိပက္ခဖြစ်ပြီး ငြိမ်းချမ်းရေး အလှမ်းဝေးသွားတာမျိုး ရှိပါတယ်။

ဒီလို မတင်မကျဖြစ်နေတဲ့ အခြေအနေမှာ ကူညီထောက်ပံ့လိုတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေ ဝင်လာပါတယ်။ ဒါပေမဲ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အတည်ပြုချက်မရဘဲ၊ ကူညီတာဟာ အန္တရာယ် ရှိပါတယ်။ လက်နက်ကိုင်ပဋိပက္ခမှာ အစိုးရကိုယ်တိုင် ပါဝင်တိုက်ခိုက်နေတာကို နိုင်ငံခြားအဖွဲ့အစည်းတွေ သတိထားသင့်ပါတယ်။ နိုင်ငံခြားအကူအညီပေးရာမှာ အစိုးရစီမံချက်တွေကို ဦးစားပေးသင့်တယ်လို့ ထင်မြင်လာရင် ရည်ရွယ်ချက် အောင်မြင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ သယံဇာတ ထုတ်ယူမှုမှာ ဒေသခံအကျိုးမခံစားနိုင်ရင် ပုန်ကန်မှု တိုးပွားလာနိုင်ပါတယ်။ အပစ်အခတ် ရပ်စဲချိန်မှာ အစိုးရက လမ်းဖောက်၊ တံတားဆောက်ပြီး အာဏာစက်ချဲ့ထွင်တဲ့ အစဉ်အလာကြောင့် ပဋိပက္ခ ဖြစ်ပွားရာဒေသမှာ အစိုးရလုပ်ဆောင်တာတွေကို အန္တရာယ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်တွေက မြင်ကြပါတယ်။

ဒါကြောင့် ပဋိပက္ခ ဖြစ်ပွားရာဒေသကို နိုင်ငံခြားအကူအညီပေးတဲ့အတွက် ဒေသရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သလို ပဋိပက္ခ ဖြစ်နိုင်တဲ့အန္တရာယ်ကို ထည့်မတွက်ဘူးဆိုရင် ငြိမ်းချမ်းရေးရဖို့အတွက်လည်း အလားအလာ နည်းသွားနိုင်ပါတယ်။ အစိုးရနဲံ့ တွဲလုပ်တဲ့အတွက် နိုင်ငံခြားအေဂျင်စီတွေအဖို့ လုပ်ရကိုင်ရ အဆင်ပြေပေမယ့် ဒေသခံတိုင်းရင်းသားတပ်ဖွဲ့တွေ သဘောမတူရင် ပြဿနာကို မရှင်းနိုင်ပါဘူး။ ပြည်သူ့ဘဝ သက်သာချောင်ချိအောင် အကူအညီပေးတာဟာ အထိရောက်ဆုံး အကူအညီ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲတာကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ လိုပါတယ်။ ပြည်ပအကူအညီကြောင့် ငြိမ်းချမ်းရေး လုပ်နိုင်တယ်ဆိုတာထက် မိမိဘာသာ လုပ်နိုင်တာကပိုပြီး အလားအလာ ကောင်းပါတယ်။ လက်ရှိ အခြေအနေဟာ အရင်က အပစ်အခတ် ရပ်စဲတာထက် ပိုပြီးအလားအလာရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲလုပ်ပြီး ပြဿနာဖြေရှင်းဖို့ အစိုးရနဲ့ တိုင်းရင်းသားတပ်ဖွဲ့ကို အားပေးတာဟာ အရေးကြီးတဲ့ နိုင်ငံခြားအကူအညီ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ အရှိန်ရနေအောင် နိုင်ငံခြားအေဂျင်စီတွေဟာ အစိုးရနဲ့ရော တိုင်းရင်းသားတပ်ဖွဲ့နဲ့ရော လက်တွဲလုပ်ကိုင်နိုင်ပါတယ်။ အရင်ကတော့ ခေါင်းဆောင်တစုက စေ့စပ်ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲခဲ့တာမို့ ပဋိပက္ခ ဖြစ်ရတဲ့ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ ဒါကြောင့် အောက်ခြေအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာအောင် လုပ်နိုင်ပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားတပ်ဖွဲ့နဲ့ အရပ်သားအဖွဲ့တွေဟာ ပြည်သူ့အကျိုးစီးပွားကို အမြဲတမ်း ကိုယ်စားမပြုဘူးဆိုတာကို သတိပြုသင့်ပါတယ်။ အကူအညီပေးတဲ့ နိုင်ငံခြားအေဂျင်စီတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သူအားလုံးကို မျှမျှျတတ ဆက်ဆံတယ်လို့ ယုံကြည်လာရင် ရည်ရွယ်ချက်အောင်မြင်ဖို့ အလားအလာ ရှိပါတယ်။

စီးပွားရေး တိုးတက်လာပြီး ဖွံ့ဖြိုးရေးအသုံးစရိတ် တိုးပွားလာရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတာကို သတိပြုရမယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အစိုးရ၊ တိုင်းရင်းသားတပ်ဖွဲ့နဲ့ အရပ်သားအဖွဲ့တွေ ဆွေးနွေးပြီး သဘောတူညီချက်ရယူနိုင်ရင် ဒေသခံတွေရဲ့ လူနေမှု အဆင့်အတန်း မြှင့်မားလာနိုင်တဲ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အယုံအကြည် ရှိလာနိုင်ပါတယ်။ ဒေသခံတွေ အကျိုးခံစားနိုင်မယ့် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရတဲ့အထိ ရေကာတာစီမံကိန်းလို အစီအစဉ်မျိုးကို ရပ်ဆိုင်းထားဖို့ အကြံပေးထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ကူညီတဲ့ နိုင်ငံခြားအလှုရှင်တွေဟာ ရေရှည်ထောက်ခံအားပေးဖို့ လိုပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေအရ ပျော့ပျောင်းစွာ ကိုင်တွယ်ဖို့လည်း လိုပါတယ်။ ရှုပ်ထွေးတဲ့ အုပ်ချုပ်ပုံစနစ် ကျင့်သုံးတဲ့နေရာတွေမှာ လုပ်ကိုင်နိုင်ရပါလိမ့်မယ်။ အစိုးရအချုပ်အခြာ အာဏာပိုင်ဖြစ်ပေမယ့် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှာ၊ စစ်အင်အားမှာ ဒေသကို လွှမ်းမိုးနိုင်တဲ့ တိုင်းရင်းသားတပ်ဖွဲ့အချို့ရဲ့ သြဇာအာဏာကိုလည်း အလှုရှင်တွေ အသိအမှတ်ပြုဖို့လိုကြောင်း Asia Foundation သုတေသီအဖွဲ့ရဲ့ အောက်တိုဘာလထုတ် The Contested Areas of Myanmar မှာ သုံးသပ်ထားပါတယ်။

XS
SM
MD
LG