သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရဲ့ အပျော့ဆွဲလမ်းစဉ်


Confucius statue in the seaside resort in Beidaihe, Hebei province.
Confucius statue in the seaside resort in Beidaihe, Hebei province.

<Zawgyi/Unicode>

ဗမာစစ်အစိုးရခေတ်မှာ အာဏာပိုင်နဲ့ အပေးအယူလုပ်နိုင်ရင် ကိုယ်လိုချင်တာရမယ်လို့ တရုတ်အစိုးရက ယူဆခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအစိုးရ တက်လာပြီး မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်တဲ့ နောက်ပိုင်းမှာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လူတန်းစားအလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ ကိုယ်ဘက်ပါလာအောင် သိမ်မွေ့နူးစွာဆွဲဆောင်ဖို့ တရုတ်အစိုးရ ဆုံးဖြတ်လိုက်ပုံရပါတယ်။ ဒါပေမဲ့ အပျော့ှဆွဲနည်းမှာ တရုတ်ဟာ အနောက်တိုင်းကိုမီဖို့ အများကြီးလိုပါသေးတယ်။ အနုနည်းနဲ့ စည်းရုံးရာမှာ ကျွမ်းကျင်တဲ့ နိုင်ငံစာရင်းကို Southern California တက္ကသိုလ် မနှစ်က ထုတ်ပြန်ထားပါတယ်။

A Global Ranking of Soft Power 2018 ဖြစ်ပါတယ်။ အနုနည်းနဲ့ စည်းရုံးရေးကျွမ်းကျင်တဲ့ နိုင်ငံ (၃၀) စာရင်းမှာ အင်္ဂလန်က ပထမ၊ ပြင်သစ်က ဒုတိယ၊ ဂျာမဏီက တတိယ၊ အမေရိကန်က စတုတ္ထ၊ ဂျပန်က ပဉ္စမ ဖြစ်ပြီး၊ တရုတ်ကအဆင့် (၂၇) မှာ ရောက်နေပါတယ်။ ဒါပေမဲ့ အာရှ (၁၀) နိုင်ငံရဲ့ အပျော့ဆွဲ ကျွမ်းကျင်မှုမှာတော့ ဂျပန်က ပထမ၊ တောင်ကိုရီးယားက ဒုတိယ၊ စင်္ကာပူက တတိယ၊ တရုတ်က စတုတ္ထ ဖြစ်ပါတယ်။ အစိုးရစနစ်၊ ယဉ်ကျေးမှုဓလေ့၊ နိုင်ငံရေးအယူအဆ၊ နိုင်ငံခြားရေးလမ်းစဉ်၊ ပညာရေးစနစ်၊ စီးပွားရေးလုပ်ငန်း စတာတွေကို အဓိကထားပြီး အကဲဖြတ်တာ ဖြစ်ပါတယ်။

ကိုယ့်ဘက်ပါလာအောင် ဝါဒဖြန့်ပြီး စည်းရုံးသိမ်းသွင်းတဲ့နေရာမှာ တရုတ်အစိုးရဟာ ငွေကြေးအများကြီး အကုန်အကျ ခံနေရပါတယ်။ နှစ်စဉ် ဒေါ်လာသန်းပေါင်း တစ်သောင်းကျော် သုံးနေတယ်လို့ အမေရိကန်က ခန့်မှန်းပါတယ်။ တရုတ်ယဉ်ကျေးမှု၊ ဘာသာစကား၊ ပညာရေးစနစ် စတာတွေ ပြန့်ပွားအောင် တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၄ က Confucius Institute စတင် ဖွင့်လှစ်ပါတယ်။ (၁၃) နှစ်ကြာတဲ့အခါမှာ ကမ္ဘာပေါ်မှာ Confucius Institute ပေါင်း (၅၀၀) ကျော် ရှိလာပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ ဗြိတိသျှကောင်စီတွေလို ယဉ်ကျေးမှုနဲ့ ပညာရေးမှာ ပြည်သူများပါဝင်လာအောင် ရည်ရွယ်ပုံရပါတယ်။ ဒါပေမဲ့ ဗြိတိသျှကောင်စီကတော့ (၅) နှစ်အတွင်း ရုံးခွဲ (၂၀) လျှော့လိုက်လို့ (၁၇၇) ခုသာ ကျန်ပါတော့တယ်။ တရုတ်ပြည်မှာ ပညာသင်တဲ့ နိုင်ငံခြားကျောင်းသား (၄) သိန်းကျော်ကို တရုတ်အစိုးရက ထောက်ပံ့ပါတယ်။

တရုတ်အစိုးရက ကိုယ်လိုချင်တာရအောင် ငွေကိုရေလိုသုံးပြီး အနုနည်းနဲ့ စည်းရုံးသိမ်းသွင်းနေတာဟာ ဝါဒဖြန့််သလို ဖြစ်နေပါတယ်။ တရုတ်လူ့အဖွဲ့အစည်းဟာ ကပ်စေးနှဲပြီး၊ ပေးကမ်းစွန့်ကြဲမှု အနည်းဆုံးဖြစ်ကြောင်း လန်ဒန်အခြေစိုက် Charities Aid Foundation က သတ်မှတ်ထားပါတယ်။ ကိုယ်မသိသူကို ကူညီမှု၊ အလှူငွေထည့်ဝင်မှုနဲ့ အသင်းအဖွဲ့တခုခုမှာ လုပ်အားပေးကူညီမှု စတဲ့ အချက် (၃) ချက်ကို အခြေပြုပြီး၊ နိုင်ငံပေါင်း (၁၂၈) နိုင်ငံက လူဦးရေ တစ်သန်းကျော် (၁.၃ သန်း) ကို စစ်တမ်းကောက်ယူပြီး လွန်ခဲ့တဲ့ အောက်တိုဘာလမှာ ကမ္ဘာ့အလှုရှင်စာရင်းကို ထုတ်ပြန်ပါတယ်။ စေတနာအရှိဆုံးနဲ့ ရက်ရောဆုံးတိုင်းပြည်ထဲမှာ အမေရိကန်က ပထမ၊ မြန်မာက ဒုတိယ ရပါတယ်။ ကပ်စေးနှဲဆုံးနဲ့ ပေးကမ်းစွန့်ကြဲမှု အနည်းဆုံးဟာ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ဝါဒဖြန့်မှု ကြီးစိုးတဲ့နိုင်ငံ ဖြစ်ပါတယ်။

မြန်မာ့သတင်းမီဒီယာလောကကို တဖြည်းဖြည်း စည်းရုံးသိမ်းသွင်းဖို့ တရုတ်ဘက်က ကြိုးပမ်းနေပုံကို လွန်ခဲ့တဲ့ အောက်တိုဘာလ (၁၂) ရက်နေ့ထုတ် Myanmar Now စာစောင်မှာ တင်ထက်ပိုင်ဆိုသူက ရေးသားထားပါတယ်။ ယူနန်ပြည်နယ် တက်ဟုန်းဒေသန္တရအစိုးရ ဝါဒဖြန့်ဌာနရဲ့ ကွန်ရက်ပေါက်ဖော် Online မြန်မာသတင်းစဉ်ဟာ ကချင်ဒေသကို စည်းရုံးဖို့ ရည်ရွယ်ပါတယ်။ Seven Day သတင်းမှာ တရုတ်ပိုးလမ်းမသစ်ကို ကြေညာတဲ့ဆောင်းပါးမျိုး တွေ့နိုင်ပါတယ်။ ကျပ် (၁၀) သိန်း ပေးလာတာနဲ့ တရုတ်ရဲ့ဝါဒဖြန့် သတင်းဆောင်းပါးကို The Voice စာစောင်မှာ ဖော်ပြထားပါတယ်။ မဇ္ဈိမသတင်းစာစောင်ကလည်း တရုတ်အစိုးရပိုင်း Global Times နဲ့ သတင်းဖလှယ်ဖို့ သဘောတူထားတာ ၂၀၁၆ ကတည်း ဖြစ်ပါတယ်။ တရုတ်ဝါဒဖြန့်မှုနဲ့ ပတ်သက်သူတွေ တိုးပွားနေတာ တွေ့ရပါတယ်။

Myanmar Now သတင်းစာစောင်ကို အမေရိကန်ထောက်ပံ့သလို တရုတ်ကလည်း မြန်မာသတင်းစာစောင်တွေကို ထောက်ပံ့ဖို့ ကြံစည်းနေပုံ ရပါတယ်။ တရုတ်ပြည်ကို သွားရောက်လည်ပတ်တဲ့ မြန်မာသတင်းသမားဦးရေလည်း တဖြည်းဖြည်းများပြားလာပါတယ်။ တာမွေမြို့နယ် ဖိုးစိန်လမ်းမှာ မြန်မာပလက်ဖောင်း (Myanmar Platform) ဆိုတဲ့ Online Media ကို တရုတ်အရင်းအနှီးနဲ့ မ,တည်ထားတာမို့ ဒါရိုက်တာထဲမှာ တရုတ်နိုင်ငံသား (၅) ဦးနဲ့ မြန်မာနှစ်ဦး ပါဝင်ပါတယ်။ မြန်မာ-တရုတ် စီးပွားရေးစင်္ကြန် စီမံကိန်းတွေမှာ ဒေသခံတွေရဲ့ ထောက်ခံမှုနဲ့ ယုံကြည်မှု လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာကြောင့် မြန်မာလူထုရဲ့ ထောက်ခံမှုနဲ့ ယုံကြည်မှုကိုရရှိအောင် တရုတ်က အစွမ်းကုန်ကြိုးစားနေပုံ ရပါတယ်။

မြန်မာပြည်မြောက်ပိုင်းမှာ လူမှုရေးအကူအညီပေးဖို့အတွက် ယွမ်ငွေ တစ်ထောင် (သို့မဟုတ်) ဒေါ်လာသန်း (၁၅၀) ထောက်ပံ့ဖို့ လွန်ခဲ့တဲ့ ဧပြီလမှာ တရုတ်အစိုးရက သဘောတူလိုက်ပါတယ်။ ယူနန်ကို အခြေခံတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်မှာ တရုတ်ဘက်က စီမံကိန်းက (၃၀) တင်ပြပေမယ့် (၉) ခုသာ မြန်မာဘက်က အတည်ပြုပါတယ်။ အနုနည်းနဲ့ စည်းရုံးသိမ်းသွင်းတဲ့ အပျော့ဆွဲလမ်းစဉ်ကို တရုတ် ကျင့်သုံးလာတာ သိပ်မကြာသေးပါဘူး။ ရေရှည်ကျင့်သုံးနိုင်မှ အကျိုးခံစားရဖွယ် ရှိပါတယ်။ အခုရေတွင်းတူး အခုရေကြည်သောက်လို့ ရတာမျိုးမဟုတ်တာ ထင်ရှားပါတယ်။

==Unicode==








XS
SM
MD
LG