ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးတဲ့အခါမှာ အခြေခံစီးပွားရေးပြဿနာကိုပါ ဖြေရှင်းနိုင်မှသာ ရေရှည်ခံမယ့် ငြိမ်းချမ်းရေးကို ရရှိနိုင်လိမ့်မယ်လို့ ယူဆသူတွေ ရှိနေပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဗမာစစ်အစိုးရ ၁၉၉၄ မှာ အပစ်အခတ်ရပ်စဲခဲ့ပေမယ့် (၁၇) နှစ်အကြာမှာ ပြန်လည်တိုက်ခိုက်နေကြပါတယ်။ ဒီလိုဖြစ်ရတာဟာ စီးပွားရေးအခြေခံပြဿနာကို မဖြေရှင်းနိုင်လို့ပဲလို့ ယူဆကြပါတယ်။ အပစ်အခတ်ရပ်စဲချိန်မှာ လူတစုသာ အကျိုးခံစားရပြီး ကချင်လူထုကတော့ ဆင်းရဲမွဲတေနေတုန်း ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စီးပွားရေးကိစ္စကို ထည့်သွင်းဆွေးနွေးလိုကြောင်း IGC ခေါ် International Growth Centre က လွန်ခဲ့တဲ့ ဇွန်လက စာတမ်းတစောင် ထုတ်ဝေထားပါတယ်။
IGC သုတေသီ Paul Manoletti နဲ့ Nan Sandi တို့ ရေးသားပြုစုတဲ့ စာတမ်းမှာပါတဲ့ ကချင် ဥပမာကိုကြည့်ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူဖို့လိုတာ ထင်ရှားပါတယ်။ တိုင်းပြည်နဲ့အစိုးရတွေကို နိုင်ငံရေး၊ စီးပွားရေး လုပ်ပိုင်ခွင့်ပိုပြီးပေးဖို့လိုကြောင်း တင်ပြထားပါတယ်။ အခုဆိုရင် ဗဟိုအစိုးရရဲ့  အသုံးစရိတ် (၁၀) ရာခိုင်နှုန်းနီးပါးသာ တိုင်းနဲ့ပြည်နယ်တွေ ရရှိပါတယ်။ ဗဟိုချုပ်ကိုင်မှုအားကောင်းနေတဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံးဆဲ ဖြစ်ပါတယ်။
အရပ်သားတပိုင်းအစိုးရ တက်လာတဲ့အချိန်မှာ တိုင်း၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေကို လုပ်ပိုင်ခွင့်ပေးတာမျိုးတွေ ရှိလာပေမယ့် ဗဟိုချုပ်ကိုင်မှု အားကောင်းနေတုန်းပါ။ ဒေသန္တရအစိုးရတွေဟာ သူတို့ဒေသအကြောင်း သူတို့အသိဆုံး ဖြစ်ပါတယ်။ ၂၀၁၇ မေလမှာ ကျင်းပတဲ့ "ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ" မှာ ဖယ်ဒရယ်စီးပွားရေးအခြေခံမူတွေကို ဆွေးနွေးပါတယ်။ စီးပွားရေးစီမံကိန်း ချမှတ်အကောင်အထည်ဖော်ရာမှာ ဗဟို၊ တိုင်း၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေ ညှိနှိုင်းရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ဘယ်လုပ်ငန်းကို ဘယ်အဆင့်က လုပ်သင့်တဲ့ဆိုတဲ့ ပြဿနာကို ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ စီမံကိန်းကြီးတွေကို ကျွမ်းကျင်တဲ့အဆင့်မြင့် အစိုးရဌာနက ကိုင်တွယ်သင့်တယ်လို့ ဆိုပါတယ်။ လိုအပ်တဲ့ ဥပဒေစည်းမျဉ်းကို အဆင့်မြင့်အစိုးရကသာ ကိုင်တွယ်နိုင်ပါတယ်။
မေမြို့ -မူဆယ် ကားလမ်းဟာ ရှမ်းဒေသမှာရှိလို့ လမ်းထိန်းသိမ်းရေးကို ရှမ်းပြည်နယ်အစိုးရက တာဝန်ယူရမယ်လို့ မပြောနိုင်ပါဘူး။ ဒီလမ်းကဝင်လာတဲ့ တရုတ်ကုန်ပစ္စည်းတွေ တပြည်လုံးမှာ ဖြန့်နေတာမို့ လမ်းထိန်းသိမ်းရေးကို ဗဟိုအစိုးရက တာဝန်ယူထားတာဟာ ပိုပြီးထိရောက်မှု ရှိပါတယ်။ တပြည်လုံးအတွက် သုံးနေတဲ့ ကားလမ်းကို ရှမ်းပြည်နယ်အစိုးရတခုတည်းကို ထိန်းသိမ်းရေးတာဝန်ပေးတာဟာ သဘာဝမကျဘူးလို့ ဆိုပါတယ်။ သံလွင်မြစ်နဲ့ ပတ်သက်တဲ့ကိစ္စကို ရှမ်းပြည်နယ်အစိုးရတခုတည်းကိုသာ လုပ်ပိုင်ခွင့်မပေးသင့်ပါဘူး။ သံလွင်မြစ်စီးဆင်းတဲ့ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်က အစိုးရတွေကိုလည်း မြစ်နဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ပြောရေးဆိုခွင့်ပေးဖို့ လိုပါတယ်။ ဒေသအမျိုးမျိုးမှာ နေထိုင်ကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့  အကျိုးစီးပွားကို ဆောင်ရွက်နိုင်အောင် ပြုပြင်ရေးလုပ်ဖို့ လိုအပ်ပါတယ်။
တိုင်းနဲ့ပြည်နယ်က ကျောက်မျက်သယံဇာတ ထုတ်ယူမှုမှာ ဗဟိုအစိုးရအာဏာပိုင်တွေ လက်ဝါးကြီးအုပ် အမြတ်ထုတ်ကြတာကို လူသိများပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း သယံဇာတကနေ ရန်ပုံငွေ ရှာကြပါတယ်။ အဆိုးဝါးဆုံးကတော့ ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းနယ်မြေ ဖြစ်ပါတယ်။ ထုတ်ယူကြတဲ့ ကျောက်စိမ်းတန်ဖိုးရဲ့  ဆယ်ပုံတပုံဟာ အစိုးရက ကြေညာထားတာကိုကြည့်ရင် ကိုယ်ကျိုးစီးပွားကို အဓိကထားနေကြတာ သိသာပါတယ်။ ကျောက်စိမ်းထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်ရော လူ့အဖွဲ့အစည်းရော ပျက်စီးရပါတယ်။ လွန်ခဲ့တဲ့အနှစ် (၃၀) အတွင်း သယံဇာတ ထုတ်ယူမှု တိုးပွားလာပေမယ့် ခေါင်းဆောင်ပိုင်းက အလွဲသုံးစားလုပ်မှုလည်း တိုးပွားလာတဲ့အတွက် ဒေသခံ ပြည်သူလူထုအများစုဟာ အကျိုးအမြတ် မခံစားကြရတာများပါတယ်။
ဖယ်ဒရယ်နိုင်ငံတွေမှာ သယံဇာတဝင်ငွေကို ပြည်မနဲ့ ပြည်နယ်အစိုးရ စနစ်တကျ ခွဲဝေယူကြပါတယ်။ မြန်မာပြည်မှာတော့ ဗဟိုရဲ့ ချုပ်ကိုင်မှုနဲ့ အလွဲသုံးစားလုပ်မှုဒဏ်ကို ခံနေရပါတယ်။ ၂၀၁၇ ငြိမ်းချမ်းရေးညီလာခံမှာ သယံဇာတဝင်ငွေခွဲရေးကို မဆွေးနွေးကြဘူးလို့ ဆိုပါတယ်။ သယံဇာတဝင်ငွေကို အလွဲသုံးစား မလုပ်နိုင်အောင် "နိုင်ငံတော်ရန်ပုံငွေ" Sovereign Fund တည်ထောင်ပြီး ထိန်းသိမ်းတာမျိုးလည်း မြန်မာပြည်မှာ မရှိသေးပါဘူး။ ဒါပေမဲ့ နိုင်ငံတော်ရန်ပုံငွေကို အလွဲသုံးစား မလုပ်နိုင်အောင် သိသာမြင်သာမှု၊ တာဝန်ယူမှုနဲ့ ကျွမ်းကျင်မှုရှိဖို့ လိုအပ်ပါတယ်။
အပစ်ရပ်အုပ်စုတွေဟာ မူးယစ်ဆေး ကုန်သွယ်မှုပြဿနာကိုလည်း ငြိမ်းချမ်းရေးညီလာခံမှာ ထည့်သွင်းဆွေးနွေးဖို့ လိုအပ်ပါတယ်။ လောလောဆယ်မှာ နိုင်ငံရေး၊ လုံခြုံရေး၊ မြေသယံဇာတ၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေကို ဆွေးနွေးကြပေမယ့် မရှင်းမလင်း ဖြစ်နေတာများတယ်လို့ ဆိုပါတယ်။ မြန်မာပြည်ဟာ လူမျိုးစုံနေထိုင်ကြတဲ့ နေရာဒေသဖြစ်လို့ ဒေသန္တရအစိုးရအဆင့်မှာ လုပ်ရမယ့်ကိစ္စတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲသွားတဲ့ နေရာဒေသတွေမှာ ငြိမ်းချမ်းရေးအရသာကို ပြည်သူတွေ ခံစားနိုင်အောင် ဝိုင်းဝန်းကူညီသင့်ကြောင်း သုတေသီ Paul Minoletti နဲ့ Nan Sandi တို့က သုံးသပ်ထားပါတယ်။