သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံပိုင်ရေနံ နဲ့ ဓါတ်ငွေ့လုပ်ငန်း


Myanmar Oil Field
Myanmar Oil Field
တိုက်ရိုက် လင့်ခ်

ကမ္ဘာပေါ်က နိုင်ငံပိုင်ရေနံကုမ္ပဏီတွေထဲမှာ ကိုယ်ပိုင်သီးသန့်ရန်ပုံငွေ အများဆုံးလက်ကိုင်ထားသူဟာ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း ဖြစ်ပါတယ်။ သီးသန့်ငွေဟာ လုပ်ငန်းအတွက် လိုအပ်တဲ့ဘဏ္ဍာငွေထက် ပိုမိုများနေကြောင်း အင်ဒရူးဘောင်ဝါ နဲ့ အပေါင်းပါတစု ရေးသားပြုစုတဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၆ နှစ်ကုန်အထိ နိုင်ငံပိုင်ရေနံဓါတ်ငွေ့လုပ်ငန်းရဲ့ သီးသန့်စာရင်းမှာ ကျပ်ငွေ (၅.၄) ထရီလီယံ (သို့မဟုတ်) ကျပ်ငွေ သန်းပေါင်း (၅) သန်းခွဲရှိကြောင်း သိရပါတယ်။ လက်ကျန်ငွေအများစု (၄) ထရီလီယံကျော်ကို ရန်ကုန်ရုံးမှာထားပြီး (၉၅၃) ဘီလီယံကို နေပြည်တော်ရုံးမှာ ထားပါတယ်။

လက်ထဲမှာရှိတဲ့ ငွေသားပမာဏဟာ လုပ်ငန်းတခုလုံးရဲ့ (၇) နှစ်စာ အသုံးစရိတ်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ ရေနံဓါတ်ငွေ့လုပ်ငန်းဟာ အသားတင်အမြတ်ရဲ့ (၂၅) ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ပေးဆောင်ပါတယ်။ (၂၀) ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ် ပေးသွင်းပြီး (၅၅) ရာခိုင်နှုန်းကို ကိုယ်ပိုင်ငွေအဖြစ် သိမ်းဆည်းထားပါတယ်။ ဘယ်စည်းမျဉ်းအရ ဒီလိုခွဲဝေသုံးစွဲတယ်ဆိုတာကိုတော့ ဖော်ပြနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ကမ်းလွန်ဓါတ်ငွေ့ကရတဲ့ အမြတ်ငွေအပေါ်မှာ အခြေခံပြီး ပေးသွင်းနေပုံရပါတယ်။ ကုန်းတွင်းရေနံလုပ်ငန်းဟာ အရှုံးပေါ်နေတာမို့ အခွန်ဆောင်နိုင်ဖွယ် မရှိပါဘူး။

နိုင်ငံပိုင်ရေနံဓါတ်ငွေ့လုပ်ငန်းရဲ့ ဝင်ငွေကိန်းဂဏန်းကို ပွင့်ပွင့်လင်းလင်း စီစဉ်နိုင်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ ရေနံဓါတ်ငွေ့လုပ်ငန်းရဲ့ ဘက်ဂျက်ဦးစီးဌာနပေးတဲ့ ဝင်ငွေခွန်နဲ့ ပြည်တွင်းအခွန်ဦးစီးဌာန လက်ခံရရှိတဲ့ ဝင်ငွေခွန်ကိန်းဂဏန်းတွေဟာ ကိုက်ညီမှုမရှိဘူးလို့ အင်ဒရူးဘောင်ဝါနဲ့ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကုန်သွယ်ခွန်မှာလည်း ဒီပုံစံအတိုင်း ဖြစ်နေပါတယ်။ နိုင်ငံပိုင်ရေနံဓါတ်ငွေ့လုပ်ငန်းမှာ ဝန်ထမ်းဦးရေ (၁၆၇၆၄) အထိ ခန့်ထားပိုင်ခွင့်ရှိပေမယ့် (၁၁၂၄၀) သာ ခန့်ထားရသေးတယ်လို့ ဆိုပါတယ်။ မန်နေဂျာနဲ့ နေ့စားလုပ်သားအပါအဝင် ပျမ်းမျှလစာဟာ ကျပ် (၁၅၄၀၀၀) ဖြစ်ပြီး ညွှန်ကြားရေးမှူးလစာဟာ ကျပ်ငါးသိန်းနဲ့ အခြားအကျိုးခံစားခွင့် တွေ့ရပါတယ်။ ပင်စင်အတွက် ကုန်ကျစရိတ်ဟာ ဝန်ထမ်းလစာ ကုန်ကျစရိတ်ထက် လေးဆလောက် ပိုများနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာက နိုင်ငံပိုင်လုပ်ငန်းတွေမှာ ပေးတဲ့လစာနဲ့ နှိုင်းယှဉ်ရင်တော့ မြန်မာ့ရေနံဓါတ်ငွေ့လုပ်ငန်းရဲ့ လစာငွေဟာ မဖြစ်စလောက်ပါ။ မြန်မာ့ရေနံဓါတ်ငွေ့နဲ့ ဝန်ထမ်းဦးရေရော ဝင်ငွေရော တူညီတဲ့ နိုင်ငံခြားကုမ္ပဏီက ဝန်ထမ်းတွေကတော့ မြန်မာထက် အဆပေါင်းများစွာ ပိုမိုရရှိပါတယ်။ ဝန်ထမ်းလစာ နည်းပါးမှုဟာ အဂတိလိုက်စားမှုကို ထောက်ခံအားပေးတဲ့ ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပါတယ်။ မြန်မာ့ရေနံဓါတ်ငွေ့လုပ်ငန်းရဲ့ ဘတ်ဂျက်ကိုကျပ်ငွေနဲ့ သတ်မှတ်ပေမယ့် ချေးယူထားတဲ့ငွေကတော့ အမေရိကန်ဒေါ်လာ ဖြစ်နေတဲ့အတွက် ဒေါ်လာငွေဈေးတက်တဲ့အချိန်မှာ ဆုံးရှုံးတာတွေ ရှိပါတယ်။ သီးသန့်ရန်ပုံငွေလက်ကျန်ကို မြန်မာကျပ်ငွေနဲ့ ထားရှိရမယ်ဆိုတဲ့ စည်းမျဉ်းကြောင့် ရန်ပုံငွေတန်းဖိုးဟာ နှစ်စဉ်လျော့နည်းနေပြီး ဒေါ်လာသန်း (၂၀၀၀) ကျော် ဆုံးရှုံးနစ်နာခဲ့ရပါတယ်။

နိုင်ငံပိုင်မြန်မာ့ရေနံဓါတ်ငွေလုပ်ငန်းမှာ ကမ်းလွန်ဓါတ်ငွေ့ရောင်းချမှုကြောင့် ကိုယ်ပိုင်ရန်ပုံငွေ အများအပြား ရှိနေပေမယ့် နှစ်ပေါင်းများစွာ ငွေကြေးအမြောက်အများ ချေးယူခဲ့တာကြောင့် ပေးဆပ်ရမယ့် ချေးငွေကျပ် (၁.၇) ထရီလီယံ (သို့မဟုတ်) ကျပ်သန်းပေါင်း (၂) သန်းနီးပါး ရှိနေပါတယ်။ ချေးငွေအများစုဟာ နိုင်ငံခြားအစိုးရတွေကို ပေးဆပ်ရမယ့် အကြွေးတွေ ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ဖွံ့ဖြိုးရေးဘဏ်ဟာ မြန်မာရဲ့ အကြီးဆုံးမြီရှင် ဖြစ်ပြီး ၂၀၁၇ မတ်လစာရင်းအရ ကျပ်ငွေ (၁၆၄၁) ဘီလီယံ ပေးရန်ရှိကြောင်း သိရပါတယ်။ ဒီကြွေးမြီပမာဏရဲ့ တဝက်ကျော်ဟာ တရုတ်ယွမ်ငွေဖြစ်ပြီး တနှစ် (၄.၅) ရာခိုင်နှုန်းနဲ့ (၁၅) နှစ်အတွင်း ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဂျပန်ကြွေးမြီကိုတော့ အတိုး (ဝ.၀၁) ရာခိုင်နှုန်းနဲ့ အနှစ် (၄၀) အတွင်း ပေးဆပ်ရမှာ ဖြစ်ပါတယ်။

အိန္ဒိယကို ပေးဆပ်ရမယ့် ကြွေးမြီကလည်း တရုတ်ထက် အတိုးသက်သာပါတယ်။ (၁.၇၅) ရာခိုင်နှုန်း အတိုးပေးပြီး (၂၅) နှစ်အတွင်း ပေးဆပ်ရမှာ ဖြစ်ပါတယ်။ မကြာမီကပဲ ဂျာမဏီ၊ ဂျပန် နဲ့ ထိုင်းနိုင်ငံတွေကို ကြွေးဆပ်ခဲ့ပါသေးတယ်။ အကြွေးထူလေ အတိုးများလေမို့ ပေးဆပ်ခဲ့ရတဲ့ အတိုးတွေလည်း သိသိသာသာ များပြားလာတာ တွေ့ရပါတယ်။ ၂၀၁၄ မှာ (၈၃) ဘီလီယံ အတိုးတွေ ပေးခဲ့ရပါတယ်။ တရုတ်ကို ဒေါ်လာသန်း (၃၈၀၀) နဲ့ ဂျပန်ကို ဒေါ်လာသန်းပေါင်း (၂၁၀၀) ပေးဆပ်စရာ ရှိနေပါတယ်။

မြန်မာကျပ်ငွေတန်းဖိုး ကျဆင်းလာတာဟာလည်း ပေးဆပ်ရမယ့် ငွေပမာဏကို တိုးပွားစေပါတယ်။ ချေးယူစဉ်က တဒေါ်လာကျပ် (၁၀၀၀) ဖြစ်ပေမယ့် ပြန်ဆပ်ချိန်မှာ (၁၅၀၀) ဖြစ်လာတဲ့အတွက် ကြွေးမြီဟာ တိုးပွားနေပါတယ်။ ဒေါ်လာသန်း (၉၀၀၀) ကျော် ကြွေးတင်နေပေမယ့် မြန်မာအစိုးရမှာ ကြွေးဖိးစီးမှု မရှိဘူးလို့ မနှစ်ကထုတ်ဝေတဲ့ IMF နိုင်ငံတကာငွေကြေးအဖွဲ့ရဲ့ ကြွေးမြီအကဲဖြတ်ချက် စစ်တမ်းမှာ ဖော်ပြထားပါတယ်။ စစ်အစိုးရ ဆင်းပေးလိုက်ချိန်ကစပြီး နိုင်ငံခြားကြွေးပမာဏဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ (၁၆) ရာခိုင်နှုန်း ဝန်းကျင်မှာသာရှိကြောင်း သိရှိရပါတယ်။

XS
SM
MD
LG