သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲပဋိပက္ခများနဲ့ ကချင်ပြည်နယ်


ဒီတပတ်မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ KIA ကချင်လွတ်မြောက်ရေး တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့အတွက် ဗိုလ်လောင်း (၂၃) ဦး ကျဆုံးရတဲ့ကိစ္စအပေါ် တုံ့ပြန်တိုက်ခိုက်မှု မလုပ်တာဖြစ်တယ်လို့ KIA ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် က ပြောကြားလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောသလို KIA တို့အနေနဲ့ ကရင်နဲ့ ရှမ်းအင်အားစုတို့လို ငြိမ်းချမ်းရေးကိစ္စအပေါ် အလေးအနက် မရှိဘူးဆိုတာ မဟုတ်ဘူးလို့ ငြင်းဆန်သွားပါတယ်။ ဗိုလ်ချုပ်ဂွမ်မော် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်ဂွမ်မော် ခင်များ … မကြာသေးခင်က KIA ဗိုလ်သင်တန်းကျောင်းကို အစိုးရစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း (၂၃) ဦး ကျဆုံးခဲ့ရတယ်ဆိုတာကို သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ဘက်က ပြောတာရှိပါတယ်။ နိုင်ငံတော်သမ္မတကတော့ ခံစစ်အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ Self-defense အနေနဲ့ ပစ်ဖို့သာ သူက ညွှန်ကြားထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း ခုခံကာကွယ်တဲ့အနေနဲ့ ပြန်ပစ်ရတာလို့ ဆိုပါတယ်။ ဆိုတော့ ကျနော်တို့ ဗွီအိုအေဘက်က ဦးသန်းလွင်ထွန်းက မေးတယ်။ အဲဒီ အပြန်အလှန် ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့ ဗိုလ်သင်တန်းကျောင်းက အဝေးကြီးလို့ဆိုတဲ့အခါ ကာကွယ်ရေးဦးစီးချုပ်က ဘာပြောလဲဆိုတော့ နောင်အခါ မပစ်လာအောင် တိုက်ရတဲ့နည်းတွေဟာ စစ်ရေးသဘောတရားအရ အများကြီး ရှိပါတယ်။ အဲဒါကြောင့် လိုအပ်လို့ ပစ်တယ်ဆိုတဲ့ သဘောမျိုး ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်တို့ဘက်က ဘာများပြန်ပြောလိုပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ စစ်ရေးစစ်ရာမှာကတော့ ခံစစ်တို့၊ ထိုးစစ်တို့၊ ကာကွယ်စစ်တို့ဆိုတာ တော်တော်ရှုပ်ထွေးပါတယ်။ အရပ်သားအသုံးနဲ့ အင်မတန် ကွာခြားပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ပစ်ရသလဲဆိုတဲ့အကြောင်းကို ကျနော်တို့က မပြောဘဲနဲ့ ဖြစ်ပြီးတဲ့ကိစ္စအပေါ်မှာ ဘယ်လို ဖြေရှင်းသလဲ။ ပြီးတော့ ဘယ်လို စိတ်ဓါတ်မျိုးနဲ့ လုပ်သလဲဆိုတာကို ကျနော်တို့က ပြောချင်တာ ဖြစ်ပါတယ်။ တကယ်တော့ တပ်မတော်ဘက်ကနေ၊ အစိုးရဘက်ကနေ ထုတ်ပြန်တဲ့ သတင်းတွေနဲ့ ကျနော်တို့ ရရှိတဲ့သတင်းတွေက အင်မတန် ကွာခြားတယ်။ တချို့နေရာတွေမှာ ကျနော်တို့က လူအင်အား တစ်ရာလောက်နဲ့ တိုက်တယ်ဆိုတဲ့ သတင်းတွေက လုံးဝမှားနေတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဦးအောင်မင်းဆီကို အစိုးရက ထုတ်ပြန်တဲ့သတင်းနဲ့ ကျနော်တို့ကနေ ဦးအောင်မင်းဆီကို ပေးပို့ထားတဲ့ သတင်းတွေဟာ အင်မတန်ကွာခြားနေတယ်။ အဲဒီကိစ္စကို အစိုးရက ဘယ်လို ဆောင်ရွက်မလဲလို့ ကျနော်တို့ မေးထားပါတယ်။ ဒါကတပိုင်းပေါ့။ နောက်တခုကတော့ ဘာဖြစ်လို့လဲ ပစ်သလဲ။ ဘယ်လို ပစ်ရတယ်ဆိုတဲ့အပိုင်းကို မပြောဘဲနဲ့ တကယ် ဒီလိုပစ်ဖို့ လိုအပ်သလား။ ကျနော်တို့ ဆွေးနွေးရေးကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးတဲ့နည်းနဲ့ ဆောင်ရွက်နေတဲ့အခါမှာ တကယ် စစ်ရေးနဲ့လုပ်ဖို့ လိုအပ်သလားဆိုတာတော့ စဉ်းစားဖို့ရှိပါတယ်။ ဒီအဖြစ်အပျက်ပေါ်မှာ ကျနော်တို့က ဒီလိုပဲ သုံးသပ်ချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလို ပစ်ခတ်မှုတွေ ဖြစ်လာတဲ့အတွက် ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်မှာ ဘယ်လောက်အထိ ထိခိုက်သွားမယ် ထင်ပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ဆွေးနွေးဝိုင်းမှာ ကျနော်တို့က တဖက်နဲ့တဖက် တင်းမာမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အဖွဲ့တိုင်းက ဆွေးနွေးရေးမှာ တကယ်ပဲ အခုအချိန်မှာ ယုံကြည်စိတ်ချဖို့ ဆွေးနွေးနေကြတာ မဟုတ်ဘဲနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ရှေ့ ကိုသွားရမယ်ဆိုတဲ့ အသိနဲ့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အဲဒီတော့ အခုလို အဖြစ်အပျက်မျိုးက အဲဒီလို ဆွေးနွေးမှုမှာ သိမ်သိမ်မွှေ့မွှေ့နဲ့ ကျနော်တို့ ယဉ်ယဉ်ကျေးကျေးနဲ့ ဆွေးနွေးနေတဲ့အပိုင်းကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီလို ဖြစ်လို့ရှိရင် မကောင်းပါဘူး။

ဦးကျော်ဇံသာ ။ ။ အခု ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အပြန်အလှန် ဆွေးနွေးဖို့ အစိုးရဘက်က ကမ်းလှမ်းထားတာ သိရပါတယ်။ အဲဒါကို ဗိုလ်ချုပ်တို့ဘက်က လက်ခံပါသလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ အစိုးရဘက်က ကျနော်တို့ကို ကမ်းလှမ်းတာ မရှိပါဘူး။ ကချင်ပြည်နယ် လုံခြုံရေးဝန်ကြီးကတော့ ကျနော်တို့ကို … ပြောတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကျနော်တို့က တရားဝင်အကြောင်းကြားထားတာက ဦးအောင်မင်း ကို အကြောင်းကြားတာပါ။ ဒီကိစ္စကတော့ ပြည်နယ်အဆင့်နဲ့ ဆွေးနွေးရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါက ဗဟိုကနေ တိုက်ရိုက်အဖြေရမှ ဗဟိုက ဆွေးနွေးမှ လက်ခံနိုင်မယ့် အနေအထား ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဗဟိုဆိုတာ ပြည်ထောင်စုအစိုးရကို ပြောတာပေါ့။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ မှန်ပါတယ်။ ပြည်ထောင်စုအစိုးရကနေ ဖြေရှင်းရမယ့်ကိစ္စပါ။ ဒါကို ပြည်နယ်က ဖြေရှင်းရမယ့်ကိစ္စ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီနေ့အထိလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ ကျနော်တို့ ကြားရပါတယ်။ ရွာနှစ်ရွာအနားမှာ လက်နက်ကြီး ကျည်ဆံတွေထိလို့ ရွာသားတွေကို ဆုတ်ခွါကောင်း ဆုတ်ခွါရလိမ့်မယ်။ ထွက်ပြေးကောင်း ထွက်ပြေးရလိမ့်မယ်လို့ တပ်လှန့်ထားတယ်။ သတိပေးထားတယ်လို့ သိရပါတယ်။ ဆိုတော့ အခုလောလောဆယ် တိုက်ပွဲအခြေအနေက အရှိန်ရပ်သွားစရာအကြောင်း မရှိဘူးလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ တနင်္ဂနွေနေ့မနက် လေးနာရီ နဲ့ ငါးနာရီကြားမှာ ကျနော်တို့ လိုင်ဇာ အရှေ့ကာကျင်းတွေကို တပ်မတော်က (၄) နေရာကနေ လက်နက်ကြီးတွေ (၁၀) လုံးကျော် ပစ်ပါတယ်။ အဲဒီတော့ အဲဒီလို ပစ်လို့ရှိရင်တော့ တိုက်ပွဲတွေ ရပ်သွားစရာအကြောင်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက နည်းနည်းအရေးကြီးတဲ့ အကြောင်းကို မေးရမယ်ဆိုရင်တော့ ဒီတိုက်ပွဲ အပြန်အလှန် ပစ်ခတ်နေကြတဲ့နည်းနဲ့ ပြဿနာ ပြေလည်နိုင်မယ်လို့ ထင်ပါသလား ခင်ဗျား။ ဒီလို မပြေလည်နိုင်ရင် ဒီလို ပစ်နေတဲ့နေရာကနေ ထွက်ပေါက်ရအောင် ဘယ်လို ဆောင်ရွက်ကြမလဲ ခင်ဗျား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကျနော်တို့ မေလတုန်းက သဘောတူညီထားတာကလည်း တိုက်ပွဲတွေ လျော့ကျသွားနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မပခ နဲ့ ကေအိုင်အို မှာတော့ ပဋိပက္ခဖြေရှင်းရေအဖွဲ့ဆိုတာ တဖက်ကို (၅) ဦးဆီနဲ့ ဖွဲ့စည်းထားတယ်။ သို့သော်လည်း ရှမ်းပြည်နယ်ဘက်မှာရှိတဲ့ ကျနော်တို့ရဲ့ တပ်မဟာ (၄) ကိစ္စတွေကို ဆွေးနွေးဖို့ အကြိမ်ကြိမ် တောင်းဆိုပေမယ့် အစိုးရက အခုအချိန်အထိ ငြင်းဆန်နေတုန်းပါပဲ။ အဲဒီတော့ ဒီတိုက်ပွဲတွေကို မလျှော့ချနိုင်လို့ရှိရင် ပြဿနာ မပြေလည်နိုင်ဘူး။ ပြီးတော့ ဒီပြဿနာတွေကို ကျနော်တို့က တိုက်ပွဲနည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ ဆွေးနွေးပြီးတော့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ကရင်နဲ့ ဆွေးနွေးတဲ့ကိစ္စ၊ ရှမ်းနဲ့ ဆွေးနွေးတဲ့ကိစ္စ။ ကရင်တို့၊ ရှမ်းတို့ရဲ့ ခေါင်းဆောင်မှုတွေဟာ သူတို့ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူ (၆) ချက် - ဘယ်ဟာလဲလို့တော့ သူမပြောပါဘူး။ အဲဒီ (၆) ချက်ကို သဘောရိုးနဲ့ တိုင်းရင်းသားတွေဘက်က နားလည်သဘောပေါက်တယ်။ လက်ခံတယ်။ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုချင်တဲ့ စေတနာရှိတယ်ဆိုတာကို သိရတယ်။ ဒါကြောင့် သူတို့နဲ့ အဆင်ပြေတယ်လို့ ပြောပါတယ်။ ဆိုလိုတဲ့သဘောက ကချင်နဲ့ကြတော့ အဆင်မပြေဘူး။ ကချင်က သူတို့ လိုချင်သလို ငြိမ်းချမ်းရေးကို လိုက်လိုက်လှဲလှဲ မလိုချင်ဘူးဆိုတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ ဗိုလ်ချုပ်ဂွမ်မော် ဘာပြန်ပြောချင်ပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကျနော်တို့ ဆွေးနွေးနေတာက ငြိမ်းချမ်းရေးရဖို့အတွက် အပြန်အလှန် ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ (တပ်မတော်) ကာကွယ်ရေး ဦးစီးချုပ် ပြောတာက ငြိမ်းချမ်းရေးမူ (၆) ချက်ကို အရင်ဦးဆုံး လိုက်နာရမယ်လို့ ပြောတဲ့အခါမှာ ဒါကို ကျနော်တို့ နားမလည်နိုင်ပါဘူး။ ဒါက ပြောင်းပြန်ပါပဲ။ အဲဒီတော့ ကျနော်တို့ NCC မှာကော UNFC မှာကော အခြားအဖွဲ့တွေနဲ့ အမြဲတမ်း တွေ့နေပါတယ်။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ။ ဘယ်အဖွဲ့ကမှ ငြိမ်းချမ်းရေးမူ (၆) ချက်ကို လက်ခံတယ်ဆိုတာ ကျနော် တခါမှ မကြားဖူးပါဘူး။ ဒါကြောင့် ဒီတခေါက် အစည်းအဝေးမှာ ကျနော် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို မေးမလို့ ပြင်ဆင်ထားပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က တချို့အဖွဲ့တွေက မူ (၆) ချက်ကို လက်ခံမယ်ဆိုတာ ဟုတ်ပါသလား။ အဲဒီလို မေးဖို့ အစီအစဉ် ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ကာကွယ်ရေးဦးစီးချုပ်တို့က တိုင်းရင်းသာ အင်အာစုတွေနဲ့ ဆက်ဆံတဲ့နေရာမှာ တခြား ကရင်၊ ရှမ်းတို့ထက်စာရင် ကချင် အင်အားစုကို ခွဲခြားဆက်ဆံဆယ်တယ်လို့များ ထင်ပါသလား ခင်များ။ ကချင်အင်အားစုနဲ့ ပိုပြီးတော့ ယုံကြည်မှု ကင်းမဲ့နေတဲ့ သဘောကို တွေ့ရပါတယ်။ ဘာကြောင့် ထူးခြားနေရပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ အဓိကတော့ ကျနော်တို့က ပြည်နယ်အဆင့်ကို လက်မှတ်ရေးထိုးခြင်း မပြုလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ KIO ကနေ ရည်မှန်းထားတာကတော့ တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ အပစ်အခတ်စာချုပ် ချုပ်ဆိုချင်ပါတယ်။ ပြည်နယ်အဆင့်တို့၊ ဒေသအဆင့်တို့ ချုပ်ဆိုဖို့အတွက် ဆန္ဒမရှိပါဘူး။ ကျနော်တို့က တကယ်ပဲ တနိုင်ငံလုံးကို လွှမ်းခြုံတဲ့၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုတဲ့အခါမှာ ပါဝင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်ကနေ လိုချင်တာကတော့ တနိုင်ငံလုံး လွှမ်းခြုံတဲ့ စာချုပ်မဟုတ်ဘဲနဲ့ ဒေသအဆင့်နဲ့ တဖွဲ့ချင်း လက်မှတ်ရေးထိုးချင်တဲ့အပိုင်းကို တွေ့ရပါတယ်။ KIO က အဲဒီအဆင့်ကို လက်မခံလို့ ကျနော်တို့ကို ပိုပြီးတိုက်ပွဲတွေနဲ့ ဖိအားပေးနေတာ ဖြစ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့က ပြောချင်ကြတယ်။ တိုင်းရင်းသားတွေအားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ပြေလည်ဖို့အရေးမှာ KIA ကြောင့် နှောင့်နှေးနေရတယ်။ KIA ကြောင့် နောက်ဆံတင်းနေရတယ်လို့ ဆိုကြပါတယ်။ အဲဒါကို လက်ခံပါသလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကျနော်တို့ တခြားအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ဘာမှဝင်ပြီး သြဇာပေးလို့ရတဲ့ အနေအထား မဟုတ်ပါဘူး။ အဖွဲ့တိုင်းဟာ အဖွဲ့ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ မိမိတို့ တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုထားပြီးမှ မိမိနဲ့ သက်ဆိုင်တဲ့ တိုင်းရင်းသားများ။ ပြီးတော့ ကိုယ့်ရဲ့ ဗဟိုကော်မတီဝင်များနဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချတာ ဖြစ်ပါတယ်။ KIO ကနေ တစုံတရာ သြဇာလွှမ်းမိုးမှု မရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီစကားက အဓိပ္ပါယ် မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက် ဒီပဋိပက္ခကြောင့် အထူးသဖြင့် ကချင်ပြည်နယ်မှာ ဒုက္ခသည် သိန်းနဲ့ချီပြီးတော့ ရှိနေပြီ ဖြစ်ပါတယ်။ (၃) နှစ်အတွင်းမှာ။ အခုဆိုရင် ပိုတိုးလာနိုင်တဲ့ အလားအလာကိုလည်း လူအတော်တော်များများက စိုးရိမ်နေကြပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကပေးတဲ့ စာနာမှုအထောက်အပံ့တွေလည်း ရောက်ရှိဖို့ အခက်အခဲ ရှိလာနိုင်စရာအကြောင်း ရှိနေပါတယ်။ ဒီကိစ္စကို ဒုက္ခသည်အရေးကို KIA အနေနဲ့ ဘယ်လောက်အထိ ငဲ့ကွက်ပြီးတော့ ထည့်တွက်ပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ဒုက္ခသည်များရဲ အရေးဟာ တော်တော်လေး အခက်အခဲ ဖြစ်ပါတယ်။ ကျနော်တို့ KIO ကနေ ပြည့်ပြည့်စုံစုံ ထောက်ပံ့နိုင်တာ မရှိဘူး။ အခုကတော့ နိုင်ငံတကာ အလှူရှင်တွေ၊ ပြည်တွင်းအလှူရှင်တွေ အကုန်လုံး။ တနိုင်ငံလုံးမှာရှိတဲ့ စာနာစိတ်ရှိတဲ့ ညီအကိုမောင်နှမတွေအားလုံးက ဝိုင်းပြီးတော့ ကူညီနေတာ ဖြစ်ပါတယ်။ သို့သော်လဲပဲ ဒီလိုဖြစ်ခဲ့မှုကိုပဲ ကျနော်တို့က စဉ်းစားပြီးတော့ ရေရှည်တည်တန့်ခိုင်မြဲမယ့် အပစ်အခတ်ရပ်စဲရေး စာချုပ်မျိုး မဖြစ်ဘူးဆိုရင် ကျနော်တို့က ဒီဒဏ်တွေကို ကြိုးစားပြီးတော့ ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အခုပဲ သတင်းထွက်လာတာက (၄) ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ဆိုပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။ အရင်တုန်းက။ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော် အကြီးအကဲ၊ ဒေါ်အောင်ဆန်းစုကြည်ရယ်။ အခု ပြည်ထောင်စုလွှတ်တော်က (၆) ပွင့်ဆိုင် နောက် နှစ်ယောက်တိုးလိုက်တာကတော့ တိုင်းရင်းသားကိုယ်စားလှယ် (၁) ယောက်ပါမယ်။ နောက်ပြီးတော့ အထက်လွှတ်တော်၊ အောက်လွှတ်တော် ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်လုံးရဲ့ အကြီးအကဲတွေ ပါမယ်။ (၆) ပွင့်ဆိုင် တွေ့မယ်ဆိုတာကို အတည်ပြုလိုက်တယ်လို့ ကြားရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဲဒါကို ကြိုဆိုတယ်။ လက်ခံတယ်လို့ ပြောပါတယ်။ KIA-KIO အနေနဲ့ ဘယ်လို သဘောထားပါသလဲ။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ကျနော်တို့ ဒီကိစ္စကို သေသေချာချာ မသိသေးပါဘူး။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင် (၁) ဦးလို့ ဆိုတဲ့ကိစ္စကတော့ ကျနော်တို့ နားမလည်နိုင်ပါဘူး။ တိုင်းရင်းသားခေါင်းဆောင်ဆိုတာ ဘယ်လို ပုံစံနဲ့ ရွေးချယ်မလဲ။ ဘယ်သူက ရွေးမလဲဆိုတာ ကျနော်တို့ မသိပါဘူး။ ဒီကိစ္စကို သေသေချာချာ သိပြီးတဲ့နောက်မှာပဲ ကျနော်တို့ မှတ်ချက်တွေ ချနိုင်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တာကတော့ အခု ဗိုလ်လောင်းတွေ ကျဆုံးပြီးတဲ့နောက် အရှိန်မြှင့်လာတယ်လို့ ယူဆရတဲ့ ဒီတိုက်ပွဲဟာ ဆက်လက်ပြီးတော့ အခြေအနေ ဆိုးလာနိုင်တယ် ထင်ပါသလား။ ဒီဟာကို အရှိန်ရပ်သွားအောင်လို့ လောလောဆယ် လုပ်နိုင်မယ့် နည်းလမ်းများ ရှိကြပါသလား။ နှစ်ဘက်စလုံး။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ နှစ်ဘက်စလုံးမှာ ဒီဟာကို ရပ်တန့်သွားစေချင်တဲ့ ဆန္ဒရှိလို့ရှိရင်တော့ ချက်ချင်းရပ်တန့်သွားနိုင်ပါတယ်။ တကယ်လို့ ဒီကိစ္စကို ရပ်တန့်စေချင်တဲ့ ဆန္ဒမရှိဘူးဆိုရင်တော့ ဒီတိုက်ပွဲကတော့ ဆက်လက်ပြီး တောက်လျှောက်ဖြစ်သွားနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ KIA ဘက်မှာ ဒီကိစ္စကို ရပ်တန့်စေချင်တဲ့ ဆန္ဒ အမှန်တကယ် ရှိပါသလား။

ဗိုလ်ချုပ်ဂွမ်မော် ။ ။ ရှိပါတယ်။ ရှိလို့လည်း ကျနော်တို့က ဒီကိစ္စကို ဘာမှ လက်တုံ့မပြန်တာ ဖြစ်ပါတယ်။ တချို့ ခေါင်းဆောင်များအနေနဲ့ KIO က အခုအချိန်မှာ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်ကောင်းထင်ပါ့မယ်။ အဲဒီလို မဟုတ်ပါဘူး။ ကျနော်တို့ လက်တုံ့ပြန်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ ဒါက ဖြေရှင်းနည်းမဟုတ်ဘူးလို့ ယူဆတဲ့အတွက်ကြောင့် အခုအချိန်အထိ လက်တုံ့မပြန်ဘဲနဲ့ ဆွေးနွေးရေးလမ်းစဉ်ပေါ်မှာ ခိုင်ခိုင်မြဲမြဲ ရပ်နေတာဖြစ်ပါတယ်။

XS
SM
MD
LG