သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်


BGF in Maung Daw, Rakhine
BGF in Maung Daw, Rakhine
ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်
please wait

No media source currently available

0:00 0:05:25 0:00
တိုက်ရိုက် လင့်ခ်

အရပ်သားတပိုင်းအစိုးရကို ရွေးကောက်တင်မြှောက်ချိန်မှာ အစိုးရတပ်ရဲ့ သြဇာခံ အရပ်သားလက်နက်ကိုင် တစ်သိန်းခွဲလောက် ရှိနေပြီလို့ ခန့်မှန်းကြပါတယ်။ ရှမ်းပြည်နယ်မှာတင် ပြည်သူ့စစ် (၃၈) ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (၇) ဖွဲ့ ရှိပါတယ်။ စစ်အစိုးရတက်လာပြီး ၁၉၈၉ နောက်ပိုင်းမှာ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အပစ်ရပ်ခဲ့ရာကနေ ပေါ်ထွက်လာတဲ့ ရလဒ်တခု ဖြစ်ပါတယ်။ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေထဲက ခွဲထွက်လာတဲ့ အစုအဖွဲ့လေးတွေကို အစိုးရတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်အသွင် ပြောင်းတာမျိုးတွေ ကရင်၊ ကချင်၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာ တွေ့နိုင်ပါတယ်။

ကချင်ပြည်နယ်မှာ နယ်ခြားစောင့်တပ် (၅) ဖွဲ့နဲ့ ပြည်သူ့စစ် (၄) ဖွဲ့ ရှိပါတယ်။ ကယားပြည်နယ်မှာ နယ်ခြားစောင့်တပ် (၅) ဖွဲ့ရှိပြီး ကရင်ပြည်နယ်မှာတော့ (၁၆) ဖွဲ့ ရှိပါတယ်။ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေအကြောင်း လူသိများပေမယ့် အသေအချာ လေ့လာထားတာမျိုး မရှိသလောက်ပါပဲ။ ဒါပေမဲ့ ရှားရှားပါးပါး ပြည်သူ့စစ်အကြောင်း လေ့လာထားတဲ့ စာတမ်း မကြာမီက ထွက်လာပါတယ်။ အမေရိကန်သုတေသီ John Buchanan ပြုစုထားတဲ့ Militias in Myanmar ဆိုတဲ့ စာတမ်း ဖြစ်ပါတယ်။ အစိုးရတပ်လက်အောက်မှာ ပြည်သူ့စစ် ဖွဲ့စည်းပိုင်ခွင့်ကို ၁၉၄၇ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာလည်း အသိအမှတ်ပြုထားပါတယ်။

လွတ်လပ်ရေးနဲ့အတူ ကွန်မြူနစ်နဲ့ ကရင်တော်လှန်ရေး ပေါ်ထွက်လာတဲ့အတွက် အစိုးရတပ်ဟာ လက်နက်ကိုင်အရပ်သားအဖွဲ့တွေ ဖွဲ့စည်းရပါတယ်။ ၁၉၄၈ ခုနှစ်မှာ ဖွဲ့စည်းတဲ့ စစ်ဝန်ထမ်းအဖွဲ့ဟာ ပထမဆုံးသော ပြည်သူ့စစ် ဖြစ်ပါတယ်။ နောက်တော့ သူပုန်နှိမ်းနင်းရေးမှာ ကူညီဖို့အတွက် ပြူစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ်ကို ဖွဲ့စည်းပါတယ်။ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အကောင်အထည် ဖော်ချိန်မှာတော့ 'ကာကွယ်ရေး' လို့ အမည်ခံတဲ့ ပြည်သူ့စစ်တွေ ရှမ်းပြည်နယ်မှာ ခေတ်စားပါတယ်။ ဒီအထဲမှာ ကိုးကန့် တရုတ်လောစစ်ဟန်နဲ့ ရှမ်းတရုတ်ခွန်ဆာတို့ဟာ မူးယစ်ဆေးလုပ်ငန်းမှာ ထင်ရှားပါတယ်။ စစ်အစိုးရခေတ်မှာ မြှောက်စားခံရတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတွေ ဖြစ်ပါတယ်။ လောစစ်ဟန် တည်ထောင်ခဲ့တဲ့ Asia World ဟာ အချမ်းသာဆုံး ကုမ္ပဏီကြီးတခု ဖြစ်လာပါတယ်။

စစ်အစိုးရတက်လာတဲ့ ၁၉၈၈ ကစပြီး ၂၀၁၉ အထိ (၁၀) နှစ်အတွင်းမှာ လက်နက်ကိုင်တပ်ဖွဲ့ပေါင်း (၄၀) နဲ့ အစိုးရတပ် အပစ်ရပ်သဘောတူညီချက်တွေ လုပ်ခဲ့ပါတယ်။ ဒီတပ်ဖွဲ့ (၄၀) ထဲမှာ တပ်ဖွဲ့ကြီး (၁၈) ဖွဲ့နဲ့ သူတို့ဆီက ခွဲထွက်သွားတဲ့ တပ်ဖွဲ့လေး (၂၂) ဖွဲ့ ပါဝင်ပါတယ်။ ဒီတပ်ဖွဲ့တွေဟာ ပြည်သူ့စစ် ဖြစ်လာကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေ အတည်ပြုပြီးတဲ့အခါမှာ နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့လေးတွေလည်း ရှိပါတယ်။ တကယ်တော့ အစိုးရတပ်နဲ့ ဆက်ဆံပုံကိုလိုက်ပြီး ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် ကွဲပြားသွားတာ ဖြစ်ပါတယ်။ အစိုးရတပ်က လက်နက်ခဲယမ်း၊ စစ်ဝတ်စုံနဲ့ ငွေကြေးထောက်ပံ့တဲ့ ပြည်သူ့စစ်ဟာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် ဖြစ်လာပါတယ်။ နယ်ခြားစောင့်တပ် (၂၃) တပ် ရှိပါတယ်။ ကရင်ပြည်နယ်မှာ (၁၆) တပ်ရှိလို့ အများဆုံး ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်ဟာ အစိုးရတပ်ရဲ့ စစ်ဆေးရေးကို အကူအညီပေးပြီး တိုင်းရင်းသားတပ်ဖွဲ့ကို တိုက်ခိုက်တာမျိုးလည်း လုပ်ပါတယ်။ နယ်ခြားစောင့်တပ်တခုမှာ အင်အား (၃၀၀) ကျော်ရှိပြီး လက်နက်ကြီးတွေကိုလည်း ကိုင်ဆောင်ခွင့်ရပါတယ်။ အစိုးရတပ်က စစ်သည် (၃၀) နဲ့ အရာရှိ (၃) ဦး ပါဝင်နေတာဟာ နယ်ခြားစောင့်တပ်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်ဟာ ဆက်ကြေးကောက်ယူတဲ့အပြင် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ပါတယ်။ မူးယစ်ဆေးလုပ်ငန်းနဲ့ မကင်းသူလည်း ရှိပါတယ်။ ပြည်သူ့စစ်ကတော့ အစိုးရတပ်အမိန့်ကို နာခံပေမယ့် အစိုးရတပ်လက်အောက်ခံ မဟုတ်ပါဘူး။ အင်အားကလည်း အမျိုးမျိုး ရှိပါတယ်။ စစ်သည်တစ်ရာမပြည့်တဲ့အဖွဲ့ ရှိသလို၊ လေးငါးရာအထိရှိတဲ့ ပြည်သူ့စစ်တွေလည်း ရှိပါတယ်။ စစ်တပ်က လေ့ကျင့်ပေးပြီး လက်နက်ပေးထားတဲ့ ရပ်ကျေးပြည်သူ့စစ်လည်း ရှိပါတယ်။

ကျေးရွာအုပ်စုတွေမှာရှိတဲ့ ရပ်ကျေးပြည်သူ့စစ်ဟာ အများဆုံးဖြစ်နိုင်ပါတယ်။ ကျေးရွာအုပ်စု (၁၃၇၂၅) မှာ ပြည်သူ့စစ်တွေထားရှိဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတင် ပြည်သူ့စစ်အဖွဲ့ (၃၉၆) ဖွဲ့ ရှိတယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက ခန့်မှန်းပါတယ်။ စစ်ရုံးက ဗိုလ်ချုပ်မောင်မောင်အုန်း ဆိုသူကတော့ ပြည်သူ့စစ်အင်အား ရှစ်သောင်းကျော် ရှိပေမယ့် သုံးသောင်းလောက်သာ လက်နက်ကိုင်နိုင်တယ်လို့ ၂၀၁၀ က ပြောခဲ့ကြောင်း သိရပါတယ်။ ပြည်သူ့စစ်အင်အားကို အတိအကျ ပြောနိုင်မယ့်သူမရှိတဲ့အတွက် အားလုံးခန့်မှန်းရုံလောက်သာ လုပ်နိုင်ပါတယ်။

အင်အားသိန်းချီရှိနိုင်တဲ့ ပြည်သူ့စစ်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့် မပြုပါဘူး။ အသစ်ဖွဲ့စည်းလိုက်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့်မရှိဘူးလို့ မြင်ကြပါတယ်။ သူတို့ကို ပါဝင်ခွင့်ပေးရင် သူတို့လို ပါဝင်ခွင့်ရအောင် လက်နက်ကိုင်ချင်သူတွေ တိုးပွားလာနိုင်တယ်လို့ ဆင်ခြေပေးကြပါတယ်။ ဒါပေမဲ့ အခြားတိုင်းပြည်တွေကိုကြည့်ရင် ပြည်သူ့စစ်တွေကို သူ့နေရာနဲ့သူ သုံးနိုင်ရင် ပြဿနာဖြေရှင်းရာမှာ အဆင်ပြေတာ တွေ့ရပါတယ်လို့ John Buchanan က ဆိုပါတယ်။ ဒါကြောင့် ပြည်သူ့စစ်ပါဝင်တဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုမှသာ ရေရှည်မှာ တည်ငြိမ်လာနိုင်မယ်လို့ ဆိုပါတယ်။

XS
SM
MD
LG